ဒေါ် အောင်ဆန်းစုကြည်ကို နေပြည်တော်၌ လူအမြောက်အမြား ကြိုဆို

အပြည်ပြည်ဆိုင်ရာတရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အတွက် ဂမ်ဘီယာနိုင်ငံနှင့်အတူ ကြားနာရာတွင် သွားရောက်လျှောက်လဲခဲ့သည့် နိုင်ငံခြားရေးဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ ဟိဂ်မြို့မှ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုနေကြသည့် လူအများမှာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သပြေကုန်းအဝိုင်းအထိ မိုင် ၂၀ ခန့်အရှည်ရှိသည်။

“အမေစု ကျန်းမာပါစေ၊ ကြံစည်သမျှအောင်ပါစေ” ဟုကြွေးကြော်ကြသူလူတန်းရှည်ကြီးမှာ နေရာအချို့မှလွဲ၍ အကြားမလပ်ရှိခဲ့သည်။

ဂမ်ဘီယာနိုင်ငံကစွဲဆိုထားသော အထက်ပါအမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးက ဒီဇင်ဘာ ၁ဝရက်မှ စ၍ သုံးရက်တိုင်ကြားနာခဲ့ခြင်းဖြစ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည်က ယခုအမှုကို တရားရုံး၏ စာရင်းမှတ်တမ်းမှ ပယ်ဖျက် ပေးရန်လည်း လျှောက်ထားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး တရားသူကြီး ယူစွတ် က “ထပ်မံ လိုအပ်သည့် အချက်အလက်များကို ရုံးတော်မှ တောင်းခံပါက ပေးအပ်ရန်” နှစ်ဖက်စလုံးကိုပြောထားသည်။

ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည့် ကြားဖြတ်အစီအမံများ (provisional measures) ချမှတ်ပေးရန်ကိစ္စကို တရားသူကြီးများက ရက်သတ္တများအတွင်း ဆုံးဖြတ်မည်ဟု ယူဆရသည်။

သို့သော် မည်သည့်နေ့တွင် တရားခွင် နောက်တကြိမ်ပြန်လည် စတင်မည် သို့မဟုတ် အမိန့်ချမှတ်မည်ကိုမူ မသိရသေးပေ။

သတင်းနှင့်ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/Myanmar Now