ချိ န်းတွေ့နေသည့်စုံတွဲထံမှခြိမ်းခြောက်လုယက်သူ ၂ ဦးအသတ်ခံရမှု လှိုင်သာယာမြို့နယ်၌ ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာနေ မျိုးသက်လွင်၊ (၃၀)နှစ်နှင့် တစ်ရွာတည်းနေ မ၀ါဝါခိုင်၊ (၂၆)နှစ်တို့ချစ်သူစုံတွဲသည် ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၇ နာရီခွဲခန့်က ညောင်ရွာရှိ ပန်းလှိုင်ဂေါက်ကွင်းအနောက်ဘက်၌ချိန်းတွေ့၍လမ်းလျှောက်လာနေကြစဉ် အမည်မသိလူ ၂ ဦးပါ ဆိုင်ကယ်တစ်စီးက ၎င်းတို့စုံတွဲရှေ့သို့ပိတ်၍ရောက်ရှိလာခဲ့ကြောင်းမှတ်တမ်းအရ သိရသည်။

ချိန်းတွေ့နေသည့်စုံတွဲထံမှခြိမ်းခြောက်လုယက်သူ ၂ ဦးဓားထိုးသတ်ဖြတ်ခံရ

ယင်းဆိုင်ကယ်သမား ၂ ဦးသည် မျိုးသက်လွင်တို့ချစ်သူစုံတွဲထံပါလာသည့် ပိုက်ဆံ၊ ဖုန်းနှင့် လက်ဝတ်ရတနာများပေးရန် ခြိမ်းခြောက်ပြောဆိုသဖြင့် မ၀ါဝါခိုင်ကအော်ဟစ်အကူအညီတောင်းခံရာ သူမ၏ဦးခေါင်းကိုသံပိုက်ဟုထင်ရသောအရာဖြင့်ရိုက်သောကြောင့် မ၀ါဝါခိုင်ကထွက်ပြေးခဲ့ရာ သူမ၏ချစ်သူ မျိုးသက်လွင်နှင့်လုယက်သူဆိုင်ကယ်သမားတို့ လုံးထွေးသတ်ပုတ်ကျန်ရစ်ခဲ့ကြောင်းသိရသည်။

မ၀ါဝါခိုင်လည်း ဦးခေါင်းဒဏ်ရာဖြင့် ရဲစခန်းသို့သွားရောက်တိုင်ကြားနိုင်ခဲ့သဖြင့် စခန်းမှူးနှင့်အဖွဲ့လည်း ချက်ချင်းပင်အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာအသက် ၂၆ နှစ်နှင့် ၂၈ နှစ်ခန့်ရှိ အမည်မသိအမျိုး သားနှစ်ဦးတို့မှာထိုးသွင်းဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများစွာဖြင့် သတ်ဖြတ်ခံထားရသည့်အပြင် အလောင်းအနီး၌ 110 အမျိုးအစားဆိုင်ကယ်တစ်စီးကိုလည်းသက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“အခင်းဖြစ်နေရာမှာလုယက်သူအမည်မသိ ၂ ဦးဓားဒဏ်ရာတွေနဲ့သေဆုံးနေပြီး မျိုးသက်လွင်ကိုတော့ မတွေ့ရဘူး။ လက်ရှိတိုင်ကြားချက်အရစစ်မေးတဲ့အခါမှာလုယက်သူ ၂ ဦးကိုမျိုးသက်လွင်က အသင့်ပါလာတဲ့ဓားနဲ့ ခုခံကာကွယ်ရင်းသတ်လိုက်တဲ့ သဘောသက်ရောက်နေတာပေါ့။ အခင်းဖြစ်နေရာကလည်း လုယက်မှုတွေဖြစ်ပွားလေ့ရှိတဲ့နေရာဗျ။ အဲဒါကိုရည်းစားနဲ့ချိန်းတွေ့တဲ့ မျိုးသက်လွင်ကလည်း သတိရှိပုံရတယ်။ဘာလို့လဲဆိုရင် သူ့မှာအဆောင်ဓားအဆင်သင့်ပါလာတယ်လေ” ဟု အခင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့နှင့်အတူရှိနေသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးသက်လွင်ကို ၎င်းနေထိုင်သည့်ညောင်ရွာသို့ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ရာ လှိုင်သာယာမြို့နယ်၊ ၁၃ ရပ်ကွက်၊ ပင်လုံဈေးလမ်းပေါ်၌ သက်သေခံဓားနှင့်တကွနာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ရာ လှိုင်သာယာမြို့မရဲစခန်း၌ လူသတ်မှုဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

အကုန်သိ