လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လိုက်ပါလာသည့် ရဟတ်ယာဉ်သည် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် ခရီးစဉ်မှ အပြန်တွင် သေနတ်ဖြင့် အပစ်ခံရကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုသည်။

ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် ယနေ့တွင် စစ်တွေ -ဘူးသီး တောင် – မောင်တောသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီးအပြန် ရသေ့တောင်နှင့် ဘူးသီးတောင်ကြားတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(အေအေ)က ရဟတ်ယာဉ်ကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“ ဒေါက်တာဝင်းမြတ်အေးတို့ ရဟတ်ယာဉ်ကို အပစ်ခံရတာ ဟုတ်တယ်။ အပြန်မှာလို့ ပြောတယ်။ ဝမ်းဗိုက်ပိုင်းကို တော့ နှစ်ချက်ထိပါတယ်။ လက်နက်ငယ်ပါပဲ။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။ ရဟတ်ယာဉ်လည်း အောင်မြင်စွာ ဆင်းသက်ပြီးဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ ရဟတ်ယာဉ်ကို ပစ်ခတ်သည့်ဖြစ်စဉ် ၎င်းအနေဖြင့် မရရှိသေးကြောင်း ပြောကြားသည်။ “ ဒါကိုတော့ သေချာပြန်မေးပြီးမှ ပြောလို့ရမယ်” ဟု ခိုင်သုခက ပြောသည်။

ဆဲဗင်းဒေး