ခင်ပွန်းဖြစ်သူ က ဇနီးအားရဲဒင်းဖြင့်ခုတ်သတ်ခြင်းကို ၄င်းတို့၏သားဖြစ်သူကအမှုဖွင့်တိုင်တန်းမှု နတ်တလင်းမြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ကျောက်ဆွယ်ကျေးရွာ၌ ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၆ နာရီခွဲတွင် ကိုမောင်ဇော်သည် မင်္ဂလာဆောင်ပွဲ၌ရှိနေစဉ် ၎င်း၏ ၉ နှစ်အရွယ်သားဖြစ်သူရောက်ရှိလာပြီး “အမေကြီးအိမ်ပေါ်ကနေလိမ့်ကျလို့သေပြီဆိုပြီးအဖေကြီးကပြောခိုင်းလိုက်တယ်” ဟုပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကိုမောင်ဇော်သည် မိဘများနေအိမ်သို့လိုက်သွားခဲ့ရာ အခင်းဖြစ်နေအိမ်သို့မရောက်မီ ကျေးရွာလမ်းပေါ်၌ ဖခင်ဦးတင်လှ၊ (၆၇)နှစ်မှာအရက်မူးကာပက်လက်လှန်၍ငိုနေသည်ကိုတွေ့သဖြင့် ချော့မော့တွဲခေါ်ကာနေအိမ်ပေါ်သို့ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် နေအိမ်သို့ရောက်ရှိရာ မိခင်ဖြစ်သူ ဒေါ်ကောက်တေး(၆၇)နှစ်မှာ အိပ်ယာကုတင်(၁)ပေခွဲ အမြင့်ထက်မှဇောက်ထိုးတွဲလောင်းကျနေသည်ကိုတွေ့ရှိသဖြင့် သွားရောက်ပွေ့ချီပြီးအိပ်ယာထက်သို့ တင်ပေးခဲ့သည်။

သို့ရာတွင် မိခင်ဒေါ်ကောက်တေး၌ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ၃ ချက်တို့ဖြင့် စကားမပြောနိုင်တော့ဘဲ ခဏအကြာတွင် သားဖြစ်သူ(တရားလို)ကိုမောင်ဇော်၏လက်ပေါ်၌ သေဆုံးသွားခဲ့သည်။

“ပြစ်မှုကျူးလွန်သူဦးတင်လှဆိုသူကတော့ အရင်တုန်းကတည်းကလူသတ်မှုတွေနဲ့ ပြစ်ချက်ဟောင်းရှိခဲ့ဖူးသူလည်း ဖြစ်တယ်ဗျ။လက်ရှိသေဆုံးသူဇနီးကလည်းနာတာရှည်ရောဂါကြောင့် အစစအရာရာသူပဲလုပ်ကိုင်ပေးရတာပေါ့။ အဲဒါကိုအရက်မူးလာတဲ့အခါတိုင်း ညည်းနေပြီးအခင်းဖြစ်တဲ့နေ့မှာတော့ ရဲဒင်းနဲ့ခုတ်သတ်လိုက်တာပေါ့။ သူ့သားကိုယ်တိုင်ပဲ တရားလိုပြုလုပ်အမှုဖွင့်တယ်။သားသမီးတွေလည်းရှိတယ်၊ အိမ်ထောင်ကွဲသွားကြပြီ။မြေးတွေလည်းရှိတယ်” ဟု တောညိုရဲကင်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှုနှင့်ပတ်သက်၍ တင်လှ(၆၇)နှစ်ကိုနတ်တလင်းမြို့နယ်၊ တောင်ညိုရဲကင်းစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အကုန်သိ