ဗီ ယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းအနီးက လူပေါင်း ၁၀၀၀၀ ကျော်နေထိုင်ရာ ကျေးရွာအစုအဝေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆ ဦး တွေ့ရှိပြီးနောက် ယင်းကျေးရွာအစုအဝေးကို ကြာသပတေးနေ့(ဖေဖော်ဝါရီ ၁၃ ရက်နေ့) မှာ အဆက်အသွယ်ဖြတ် သီးခြားခွဲထားလိုက်ကြောင်း သိရပါတယ်။

မြို့တော်ဟနွိုင်းမှ ၄၀ ကီလိုမီတာ အကွာရှိ Son Loi ဒေသ ကျေးရွာစုကို ပိတ်ဆို့ မှုလုပ်ခဲ့တာဖြစ်ပြီး ဒီနေရာဟာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်ကြောင့် တရုတ်ပြင်ပမှာ ပထမဆုံး ပိတ်ဆို့မှုလုပ်လိုက်ရတဲ့ ဒေသဖြစ်လာပါတယ်။

Son Loi ဒေသကို ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၃ မှာ သီးခြားခွဲထားဖို့ အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကာ အချိန်ကာလ ရက် ၂၀ ကြာ ပိတ်ထားမည်ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Son Loi ဟာ စိုက်ပျိုးရေး ဒေသတစ်ခုဖြစ်ပြီး ကျေးရွာပေါင်း များစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ယခင်က Son loi မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ ဦးရှိခဲ့ရာမှ ကြာသပတေးနေ့မှာ ၆ ဦး ရှိလာခဲ့ပြီ ဖြစ်တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ပြောကြားပါတယ်။ ကြာသပတေးနေ့က Son Loi အနီးတစ်ဝိုက်မှာ စစ်ဆေးရေးဂိတ်တွေ တည်ဆောက်နေကြောင်း Son Loi ရဲ့ အစွန်အဖျားရှိ ခရိုင်တစ်ခုဖြစ်တဲ့ Binh Xuyen မှ AFP သတင်းထောက်များက ပြောကြားပါတယ်။ စစ်ဆေးရေးဂိတ်တွေရှိ အကာအကွယ်ဝတ်စုံများ ၀တ်ဆင်ထားတဲ့ ကျန်းမာရေး တာဝန်ရှိသူတွေဟာ ကားတွေပေါ်ကို ပိုးသတ်ဆေးတွေ ပက်ဖြန်းနေခဲ့တယ်လို့ လည်း ဆိုပါတယ်။

ဇန်န၀ါရီလ အစောပိုင်းကတည်းက တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူဦးရေ ၁၃၅၀ ကျော် သေဆုံးပြီး လူပေါင်း ၆၀၀၀၀ နီးပါး ကူးစက်ခံနေရပါတယ်။

အကုန်သိ