ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနပိုင် အိုလံပစ်ဟိုတယ်၊ အမျိုးသားရေကူးကန် ရေအောက်ကြမ်းပြင်၌ သေဆုံးနေသည့်အမျိုးသားတစ်ဦးအလောင်းကို ရေကူးလေ့ကျင့်သည့်အဖွဲ့ တစ်ဖွဲ့ က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိုလံပစ်တာဝါအမျိုးသားရေကူးကန်အတွင်း၌ ရေကူးအားကစားလေ့ကျင့်ရေးအဖွဲ့တစ်ဖွဲ့ က ဖေဖော်ဝါရီလ ၁၁ ရက်၊ ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ရေကူးလေ့ကျင့်နေကြရင်းမှ ရေကန်အောက်ကြမ်းခင်းတွင် ရေနစ်၍သေဆုံးနေသော အလောင်းကို ရေကူးကစားသမားတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ရေ ကူးအဖွဲ့လေ့ကျင့်ရေးလုပ်နေကြချိန်မှာ ကောင်လေးတစ်ယောက်က အလောင်းကို တွေ့သွားတယ်။ အဲဒါကြောင့် အားလုံးပူးပေါင်းပြီး ဆယ်ယူတယ်။သက်ဆိုင်ရာကိုအကြောင်းကြားတယ်။ ဘာကြောင့်လဲဘယ်သူဘယ်ဝါလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့ကပဲ စုံစမ်းနေတယ် ” ဟု အခင်းဖြစ်စဉ်ကို စတင်တွေ့ ရှိခဲ့သည့် ရေကူးအားကစားအဖွဲ့ထဲမှ သင်တန်းဆရာတစ်ဦးက အကုန်သိသတင်းဌာနကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ပြောသည်။သေဆုံးနေသည့်အမျိုးသားပုံစံမှာ စက်ဘီးအားကစားလုပ်ရာတွင်စီးလေ့ရှိသည့် ဘောင်းဘီအကျပ်အမျိုးအစားကို ၀တ်ဆင်ထားပြီး သေဆုံးထားသည့်ကာလမှာ သိပ်မကြာသေးသည့်ပုံစံမျိုးတွေ့ ရကြောင်းလည်း ဆိုသည်။

အထူးသဖြင့် ရေအောက်၌ မြုပ်နေခြင်းမှာ သေဆုံးချိန် မကြာလွန်သေးသောကြောင့် ဖြစ်ပြီး သေဆုံးချိန်ကြာလွန်ပါက ရေပေါ်သို့ ပေါ်လာမည် ဖြစ်ကြောင်းလည်း ဆိုသည်။ အဆိုပါအလောင်းတွေ့ရှိမှုနှင့် ပတ်သက်၍ ဒဂုံမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် ကနဦးစစ်ဆေးချက်အရ သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။

အကုန်သိ