ဖေဖော် ဝါရီ (၁၁) – ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကိုကုသဖို့ အရည်အချင်းအပြည့်အဝရှိတာကြောင့် ဘယ်နိုင်ငံကိုမှ ပို့စရာမလို့ဘူးလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ဖေဖေါ်ဝါရီ(၁၁) ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းဝေးမှာ ကြိုတင်ပြင်ဆင်ထားမှုအခြေအနေတွေကို ဒလမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစိန်မြအေးက မေးမြန်းတဲ့အချိန် ဝန်ကြီးကဖြေကြားခဲ့တာပါ။

“စောင့်ကြည့်နေတဲ့ လူနာ(၂၀) ရှိနေတာလို့ ကျန်းမာရေးကထုတ်ပြန်ထားတာရှိတယ်။ ဒါကြောင့် ပြည်သူတွေ ကလည်း စိုးရိမ်နေတယ်။ တရုတ်က သံသယလူနာ (၅)ယောက် မူဆယ်ရောက်နေတဲ့ဆိုတာကိုလည်း စိုးရိမ် နေကြတယ်။” လို့ ဒလမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစိန်မြအေးက ပြောပါတယ်။

အခုအချိန်မှာတော့ ပြည်တွင်းမှာစောင့်ကြည့် စစ်ဆေးတာတွေကို စနစ်တကျလုပ်ဆောင်နေသလို ဒီနေ့အထိ ရောဂါရှိသူတစ်ယောက်မှမတွေ့သေးဘူးလို့လည်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

“ကမ္ဘာမှာနိုင်ငံတွေက သုတေသနလုပ်တဲ့အခါ HIV ကုတဲ့ ဆေးနဲ့ သက်ရောက်မှုရှိတယ်လို့တော့ ကြားတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်မပြုသေးဘူး။ အတည်ပြုတာနဲ့ ကုနိုင်ဖို့က HIV ဆေး (၃)မျိုးကိုလည်းဆောင်ထားပါတယ်။ ဒါကို ကုဖို့ အရည်အချင်းအပြည့်ရှိပါတယ်။ ဘယ်နိုင်ငံမှလည်း ပို့စရာမလိုဘူး ပြည်တွင်းမှာ အပြည့်လုပ်နိုင်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြားခဲ့တာပါ။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသုံးစရိတ် ကျပ်သိန်း(၃၀၀၀)ကိုလည်း အစိုးက ချပေးထားတယ်လို့သိရပါတယ်။

အခုအချိန်မှာတော့ ဝူဟန် ကိုရိုနာဗိုင်းရပ်ရောဂါဟာ သေဆုံးသူ (၁၀၀၀) ကျော် ရှိနေပြီး ကူးစက်ခံရသူ (၄)သောင်းကျော်ရှိကာ ကူးစက်ပြန့်နှံ့မှုမြန်ဆန်တာကြောင့် ကြိုတင်ကာကွယ်ကြဖို့ WHO ကလည်း သတိပေးထားပါတယ်။

Credit-Blacker