ကူဝိတ် နဲ့ ကာတာနိုင်ငံတွေက ၄င်းတို့ရဲ့ နိုင်ငံသားတွေကို စင်ကာပူနိုင်ငံသို့ အရေးကြီးကိစ္စမရှိဘဲ ခရီးသွားလာခြင်း မပြုလုပ်ဖို့ ခရီးသွားအကြံပြုချက်များ ထုတ်ပြန်ခဲ့ပါတယ်။

ပြီး ခဲ့တဲ့ သောကြာနေ့ (ဖေဖော်ဝါရီ ၇ ရက်) က စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေး သတိပေးချက်ကို လိမ္မော်ရောင် အဆင့်ထိ သက်မှတ်ခဲ့ပြီးနောက် ကူဝိတ်နိုင်ငံဟာ ၄င်းရဲ့နိုင်ငံသားများကို စင်ကာပူနိုင်ငံသို့ ခရီးသွားလာခြင်း မပြုလုပ်ဖို့ ပထမဆုံး သတိပေးခဲ့ပါတယ်။ စင်ကာပူနိုင်ငံရှိ ကူဝိတ်သံရုံးက ၄င်းရဲ့နိုင်ငံသား တွေကို စင်ကာပှုနိုင်ငံသို့ ခရီးသွားလာဖို့ အစီအစဉ်များရှိရင် ရွှေ့ဆိုင်းရန်နဲ့ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ ကူဝိတ်နိုင်ငံသားတွေကို ပြန်ခေါ်ရန် တိုက်တွန်းထားကြောင်း ကူဝိတ်သတင်း အေဂျင်စီ (KUNA) က ဖော်ပြခဲ့ပါတယ်။

ကာတာနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း အလားတူ ကြေညာချက်တစ်စောင်ကို တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၉ ရက်နေ့) က စင်ကာပူနိုင်ငံ ကာတာသံရုံးကနေ ထုတ်ပြန်ခဲ့ပါတယ်။ ကာတာနိုင်ငံ သားများအနေနဲ့ စင်ကာပူသို့ အရေးပေါ် အရေးကြီးကိစ္စမှ လွဲပြီး ခရီးသွားလာခြင်းများ မပြုလုပ်ရန်၊ ကိုရိုနာ ဗိုင်းရပ်စ် အခြေအနေတည်ငြိမ်သွားချိန်ထိ စောင့်ဆိုင်းရန် သံရုံးမှ အကြံပြု တိုက်တွန်းထားပါတယ်။

နှစ်နိုင်ငံလုံးက နိုင်ငံသားများကို လိုအပ်သောကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်၊ စင်ကာပှုနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာန ၀က်စ်ဆိုက်မှ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာရန်၊ လူထူထပ်ရာ နေရာများနဲ့ ရှော့ပင်းမောများကို သွားလာခြင်း ရှောင်ကြဉ်ရန် အကြံပြုထားပြီး အရေးပေါ်အခြေအနေနဲ့ ကြုံလာ ခဲ့ရင် ဆက်သွယ်ဖို့ သံရုံးဖုန်းနံပါတ်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၃ ဦးတိုးလာပြီး ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၄၃ ဦးထိရှိလာကာ ၄င်းတို့ထဲမှ ၆ ဦးဟာ အခြေအနေ ပြင်းထန်တာကြောင့် အထူး ကြပ်မတ်စောင့်ရှောက်မှု ခံယူနေရကြောင်း သိရပါတယ်။

အကုန်သိ