ဒီနေ့ ပဲ ရှန်ဟိုင်းက လုပ်ငန်းရှင်တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူ့စားသောက်ဆိုင် ဒီနေ့ဖွင့်ပွဲကို မဖွင့်ဖြစ်ပဲ မတ်လကုန်ထိကို ရွှေ့ထားပါတယ်တဲ့။ ခါတိုင်း သူ့စားသောက်ဆိုင်က လူတန်းရှည်ကြီးစီစောင့်ရတဲ့ ဆိုင်ပါ။ သူကအစိုးရဝန်ထမ်းထွက်မို့ အခြေအနေကို သူ့အားကိုးမေးရတတ်ပါတယ်။

အစိုးရက ရွာတွေက လမ်းကိုယ့်ဘာသာတုံးတွေချပိတ်ထားတာကို မကြာခင် လိုက်ဖွင့်ခိုင်းပါမယ်တဲ့။ ဆက်သွယ်ရေးလမ်းကြောင်းတွေကို မရှိမဖြစ် အစားအသောက်နဲ့ သီးနှံတွေပို့နိုင်အောင်လို့ပါတဲ့။ ဟန်ဒန်းမြို့က ကျနော်တို့အသိ ဟယ်လီကော်ပတာဒရုန်း အလုပ်ရုံက ဟိုရက်ကတည်းက ပြန်ဖွင့်ရပါတယ်။ အခုဒရုန်းထဲမှာ ဆေးထည့်ပြီး ရွာတွေမှာ မနားတမ်းဖျန်းပေးနေရပါတယ်တဲ့။ အဖွဲ့တွေ အရေးပေါ်လိုက်ဖျန်းနေရပါတယ်။ မြန်မာမှာတခုခုဆို ကျနော်ရဲ့ ဒရုန်းတွေကူပါ့မယ်။ လူဝင်စရာမလိုပဲ ပိုးသတ်နိုင်တာပေါ့ခင်ဗျာ။

ကျိုးရီတို့ Zhejiang က အခြေအနေဆိုးပါတယ်။ ပြန်မဖွင့်နိုင်သေးပါတဲ့။ သူတို့က ဝူဟန့်အရှေ့ဘက်မှာရှိပါတယ်။ လမ်းတွေပေါ်မှာ လူတွေမရှိပါ။ အပြင်ကို အကန့်အသတ်နဲ့ထွက်ရပါတယ်တဲ့။ မြောက်ဘက်က ရှန်တုံးပြည်နယ်မှာတော့ လူ ၄၀ လောက်ကူးပါတယ်။ စင်ကာပူအခြေအနေလောက်ပါ။ ကျနော်တို့ သတ္တုပုံလောင်းတဲ့စက်ရုံက၁၇ ရက်နေ့ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်တဲ့။ ပုံမှန်ဆို နှစ်ကူးပြီး ၄ ရက်ပဲနားနေကျပါ။ ဖယောင်းကျိုစက်က အမြဲလိုအပူပေးထားရတာပါ။ စက်ရုံကို လုပ်သားဘယ်လောက်ပြန်လာနိုင်လဲ အရင်ကြည့်ပါမယ်တဲ့။

တချို့စက်ရုံတွေကတော့ ပြန်ဖွင့်နေပါပြီ။ သို့သော် လမ်းတွေပိတ်နေ၍ လုပ်သားမစုံလို့ အပြည့်အဝ မလည်ပတ်နိုင်၊ ကုန်ကြမ်းမရနိုင်ဖြစ်နေပါတယ်။ ဖွင့်တဲ့စက်ရုံတွေကလည်း သတိနဲ့ဖြစ်နေပြီး တစ်ယောက်သာပါလာရင် အကုန်လုံးစက်ရုံပိတ်လိုက်ရမှာကို စိုးရိမ်နေကြပါတယ်။ အခြေအနေက သူ့မယုံ ငါ့မယုံဖြစ်နေကြတဲ့အခြေအနေပါ။

Apple iphone တွေထုတ်တဲ့ Foxconn က ဖွင့်တာနဲ့ Mask မျက်နှာဖုံးတွေ စထုတ်ပါမယ်တဲ့။ ထုတ်တဲ့ Mask တွေကလည်း သူ့ဝန်ထမ်းတွေအတွက်အရင် ဦးစားပေးထုတ်မှာပါ။ သူ့ဝန်ထမ်းတွေမှာ Mask လုံလောက်မှ သူ့မှာအင်အားရှိလာပြီး ကျန်တဲ့သူတွေအတွက်ထုတ်နိုင်သလို သူ့ iphone ကုန်ထုတ်လိုင်းလည်း ပြန်လည်ပတ်နိုင်မှာပါ။ လမကုန်ခင် တနေ့ Mask ၂ သန်းထုတ်နိုင်ဖို့ လုပ်ပါမယ်တဲ့။ စက်ရုံကို Mask ကုန်ထုတ်လိုင်း အချိန်တိုအတွင်း ပြင်ဆင်နိုင်တာ ချီးကျုးရပါမယ်။

SAIC- GM motors ကလည်း ကားစက်ရုံမှာ Mask ၁.၇ သန်းထုတ်နိုင်ဖို့ Production Lines ကုန်ထုတ်လိုင်း ၁၄ ခုတိုးလိုက်ပါသတဲ့။

အဝတ်အစားထုတ်တဲ့ Hongdou Group ကလည်း အဝတ်အစားထက် ဆေးရုံသုံး Disposal Medical Suits တွေထုတ်နိုင်အောင် စက်ရုံကိုပြင်ဆင်ပြီးပါပြီတဲ့။ တလကို ဝတ်စုံ ၆ သောင်းထုတ်ပေးပါမယ်တဲ့။ သဘောက တရုတ်က စစ်တွင်းအခြေအနေလို စက်ရုံတွေကို အရေးပေါ်အတွက် ပုံစံပြောင်းထုတ်နေတာပါပဲ။

မြန်မာနယ်စပ်မှာ ကုန်ပစ္စည်းဒီနေ့ မစီးဆင်းနိုင်သေးပါ။ ၅ ရက်နေ့ကတည်းက ကားတွေထွက်ဖို့စီစဉ်ထားရာက ၂၀ ကျော်မှ ဖွင့်ဖြစ်မယ်တူတယ်တဲ့။ စက်ရုံတွေအားလုံးနားထားခိုင်းလို့ပါတဲ့။ ဝူဟန့်မြို့မှာတော့ တအိမ်တက်ဆင်း အပူချိန်လိုက်တိုင်းပြီး စစ်ဆင်ရေးလုပ်နေပါတယ်တဲ့။ ဒီနေ့သိသလောက်ကို ပြန်လည်မျှဝေ လိုက်ပါတယ်ခင်ဗျာ။

Richard Myo Thant
လေးစားစွာဖြင့် Blacker