ဂျ ပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သော Diamond Princess ကမ္ဘာလှည့်ဇိမ်ခံအပျော်စီးသင်္ဘောကြီးပေါ်မှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသောလူနာ ၇၀ ခန့်ထပ်တွေ့ခဲ့ပြီး စုစုပေါင်းတွေ့ရှိမှု ၁၃၀ ဦးကျော်သွားပြီဖြစ်ကြောင်း ဂျပန်နိုင်ငံပြည်တွင်းမီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။

ဇိမ်ခံသင်္ဘောပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဟောင်ကောင်သားတယောက် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခံရအပြီးမှာ သင်္ဘောပေါ်ရှိလူအားလုံးကို ဆင်းခွင့်မပေးတော့ပဲ အဲဒီသင်္ဘောတစီးလုံးကို ရောဂါခြေချုပ်နဲ့ သီးသန့်ထားခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့အထိ သင်္ဘောပေါ်ပါခရီးသည်များထဲမှ စုစုပေါင်း ၆၄ ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။

ဂျပန်ပြည်တွင်းမီဒီယာများတွင် အထက်ပါအတိုင်း စုစုပေါင်းကူးစက်ခံရသူ ၁၃၀ ကျော်ပြီဟု ဖော်ပြခဲ့ကြသည်။ ဂျပန်ပြည်တွင်းမီဒီယာများ၏ဖော်ပြချက်တွင် ကျန်းမာရေးအဖွဲ့တာဝန်ရှိသူများက လူ ၅၀၀ အတွက် အရေးတကြီးလိုအပ်သောဆေးဝါးများကို သယ်ဆောင်လာခဲ့သည်ဟု လည်း ဆိုထားသည်။

သင်္ဘောပေါ်ရှိခရီးသည်များတွင် အနည်းဆုံး လူ ၁၀၀ ခန့်သည် အဖျားရောဂါခံစားနေရကြောင်းလည်းဆိုထားသည်။

ဂျပန်နိုင်ငံအစိုးရအဖွဲ့ အတွင်းရေးမှူး Yoshihide Suga က သင်္ဘောပေါ်ရှိ ခရီးသည်များအားလုံးကို စစ်ဆေးရန်မှာ ခက်ခဲနိုင်ကြောင်း “အကယ်၍ဖြစ်နိုင်ရင် သင်္ဘောပေါ်မှာပါတဲ့ အသက် ၈၀ ကျော်အရွယ် ကျန်းမာရေးမကောင်းသူတွေကို စစ်ဆေးဖို့ ကျနော်တို့ စဉ်းစားနေတယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Katsunobu Kato က သင်္ဘောကို ကန့်သတ်စောင့်ကြည့်ရန်သတ်မှတ်ထားသော ဖေဖော်ဝါရီ ၁၉ ရက်နေ့ထိ အချိန်ပြည့်ပါက သင်္ဘောပေါ်ရှိ လူအားလုံးကို စစ်ဆေးသွားရန်စဉ်းစားနေကြောင်း ပြောသည်။ သင်္ဘောနှင့်သင်္ဘောပေါ်ပါခရီးသည်များကို ကန့်သတ်စောင့်ကြည့်ထားသော်လည်း ကာလပြည့်ပါက ခရီးသည်များအနေဖြင့် ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။

ဂျပန်ဇိမ်ခံ သင်္ဘောပေါ်တွင် သင်္ဘောဝန်ထမ်းနှင့်ခရီးသည် စုစုပေါင်း ၃၇၀၀ ခန့်လိုက်ပါလာခြင်းဖြစ်သည်။ သင်္ဘောနှင့် သင်္ဘောပေါ်ပါခရီးသည်များအားလုံးကို ၁၄ ရက်စောင့်ကြည့်ရန် သီးသန့်ခွဲထုတ်ထားပြီး ခရီးသည်များကို သင်္ဘောပေါ်ရှိ မိမိအခန်းအတွင်းမှ အပြင်မထွက်ရန် အာဏာပိုင်များက ညွှန်ကြားထားသည်။ သင်္ဘောသည် ပြီးခဲ့သည့်လက ဟောင်ကောင်ဆိပ်ကမ်းသို့ဆိုက်ကပ်ခဲ့ပြီး ပြီးခဲ့သည့် တနင်္လာနေ့မနက်ပိုင်းတွင် ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဂျပန်တစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၅၀ ကျော်ရှိပြီး ၁၃ဝ ကျော်မှာ ယင်း Diamond Princess ဇိမ်ခံသင်္ဘောပေါ်မှဖြစ်သည်ဟုဆိုသည်။

Ref – CNA
Credit-Blacker