Teminal 21 မှာပိတ်မိနေ တဲ့ လူပေါ င်းများစွာရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ နောက်ကွယ်ကရဲရဲရင့်ရင့်အနီရောင်သူရဲကောင်းလုံခြုံရေးဝန်ထမ်း ( သို့ ) Hero Of Terminal 21

ဒီဆောင်းပါးကိုရေးနေရင်းနဲ့ကြက်သီးများပင်ထခဲ့မိပါသည်.. 😥

၁၃၈၁ ခုနှစ် တစ်ပို့တွဲလပြည့်နေ့ ၊ ၂၀၂၀ ပြည့်နှစ် ဖေဖဝါရီလ ၈ ရက်နေ့ ဟာ ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓပူဇနိယနေ့ဖြစ်ပါတယ် ၊ အဲ့ဒီနေ့ကတော့ ထိုင်းတစ်နိုင်ငံလုံးမှာရှိပြည်သူတွေရောကမ္ဘာ့သတင်းဌာနတွေကပါတဆင့် ကမ္ဘာသူကမ္ဘာသားတွေအားလုံး အံ့ဩတုန်လှုပ်လောက်အောင် ၂၄ နာရီလုံးလုံး စောင့်ကြည့်ခဲ့ရတဲ့ တပ်မတော်သား တပ်ကြပ်ကြီးတစ်ဦးရဲ့ လူမြင်ကွင်း လမ်းမကြီးပေါ်မှာ အပြစ်မဲ့ပြည်သူတွေကိုအကြောင်းမဲ့အကြမ်းဖက်လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ညနေ ၁၇:၃၀ ချိန် ခိုရတ်မြို့ရဲ့အထင်ကရ Terminal 21 ကုန်တိုက်ကြီးထဲဝင်သွားပြီး စီးနင်းထားတဲ့သတင်းဟာ ကြားရသူအဖို့စိတ်နှလုံးမချမ်းမြေ့သလို ညနေအထိသေဆုံးသူဦးရေဟာ ၁၀ ဦးကျော်ပြီး ဒဏ်ရာရရှိသူတွေဟာလည်း မရေတွက်နိုင်တော့ပါဘူး..

နောက်ထပ်သေဆုံးသူတွေ ဒဏ်ရာရရှိသူတွေဟာ နာရီတိုင်းမြှင့်တက်လာပြီး ကုန်တိုက်အထဲမှာပိတ်မိနေတဲ့ ပြည်သူတွေအတွက် စက္ကန့်တိုင်းအသက်အန္တရာယ်ကြီးမားတဲ့အနေအထားကိုရောက်ခဲ့ပါတယ်

တစ်ပို့တွဲလပြည့် ၊ ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့နေ့ထူးနေ့မြတ် ဗုဒ္ဓပူဇနိယနေ့ဖြစ်သလိုစနေနေ့ရုံးပိတ်ရက်နဲ့တိုက်ဆိုင်နေတာကြောင့် မိသားစုဝင်တွေ ၊ ကျောင်းသား / သူတွေကအစ အစိုးရဝန်ထမ်းတွေကအစ လူတန်းစားမရွေး လပြည့်နေ့အတွက် Terminal 21 ကုန်တိုက် ရှော့ပင်းမောလ်ကြီးထဲမှာဈေးလာဝယ်သူတွေ ၊ မိသားစုအပန်းဖြေလာကြရင်းရုပ်ရှင်လာကြည့်သူတွေနဲ့ စင်ထရယ်ကုန်တိုက် ၇ ထပ်လုံးလူပေါင်းထောင်ချီတဲ့သူတွေနဲ့စည်ကားလို့နေပါတယ်..

ရုတ်တစ်ရက် ကုန်တိုက်ထဲမှာ လူတွေကစင့်ကလျားရုတ်ရုတ်သဲရုတ်သဲနဲ့အထိတ်တလန့်ပြေးလွှားနေကြတာကနေအစပြုလို့ ” ကုန်တိုက်ရှေ့မှာ သေနတ်တွေပစ်နေကြတယ်.. ပြေးကြ..ပုန်းကြ ” ဆိုတဲ့အော်ပြောသံတွေဟာ တဆင့်စကားတဆင့်နားကြောင့် ဆောက်တည်ရာမရပြေးကြရင်းပုန်းကြဘို့ကြိုးစားနေချိန်မှာဘဲ လူသတ်သမားဟာ မိနစ်ပိုင်းအတွင်း သေနတ်တကားကားနဲ့ ကုန်တိုက်ထဲကိုဝင်လာပြီးတွေ့သမျှကလေးလူကြီးမရွေးစိတ်မထင်ရင်မထင်သလို စတင်ပစ်ခတ်ပါတော့သည် ။

ချက်ချင်းဘဲ လူတွေဟာရုတ်ရုတ်သဲသဲနဲ့အသက်ဘေးအန္တရာယ်ကနေ လွတ်ရာလွတ်ကြောင်းနီးစပ်ရာဆိုင်တွေထဲဝင်တဲ့သူကဝင် ဆိုင်ပိတ်သူကပိတ် ၊ အိမ်သာဘက်ကိုပြေးလွှားပြီးပုန်းသူကပုန်း ၊ ကြုံရာပုန်းအောင်းနေကြရတဲ့အချိန်မည်သူမျှအသံမထွက်ရဲကြပါပါဘူး ။

ညနေ ၅ နာရီခွဲကနေအသက်လုပြီးပုန်းနေချိန် လူသတ်သမားဟာ စိတ်မထင်ရင်မထင်သလိုပစ်နေဆဲမို့အပြင်ဘက်ကလာရောက်ကယ်ဆယ်မယ့်ကွန်မန်ဒိုအဖွဲ့တွေကိုအားကိုတကြီးနဲ့မျှော်လင့်နေမယ့်အစားလတ်တလောကိုယ်ရှိနေတဲ့နေရာကို လူသတ်သမားရောက်မလာဘို့ကအရေးကြီးသလို အသံဗလံတွေမထွက်ဘို့ကလည်းငြိမ်နေရပါတယ် ၊ ကြမ်းပြင်ဝပ်နေရတဲ့ဒုက္ခကမသေးသလို ဘာမျှမသိနားမလည်တဲ့ကလေးငယ်တွေကိုအသံမထွက်အောင်ပြောပြဘို့ကလည်းအင်မတန်ခက်ခဲလှပါတယ်..

ကုန်တိုက်ထဲကပြည်သူတွေရဲ့အားလုံးရဲ့အသက်အန္တရာယ်တွေဟာအချိန်မရွေးဇီဝိန်ကြွေသွားနိုင်ပါတယ်..

ပြင်ပကအထူးအဖွဲ့တွေဟာ ည ၉ နာရီလောက်မှ တာမီနယ် ၂၁ ရဲ့ Zone A LG ထဲကနေတဆင့်ပိတ်မိနေတဲ့ပြည်သူတွေကို ၁၀ ယောက်တစ်သုတ်ဆီကယ်ထုတ်နေပြီဆိုတာကြားသိရပြီး လူပေါင်း ၂ ထောင်းနီးပါးအပြင်ကိုထွက်နိုင်အောင် တစ်ညလုံးဆွဲထုတ်နေကြသလို တစ်ချို့လဲအပြင်ကအခြေအနေနဲ့ ကွန်မန်ဒိုအဖွဲ့တွေလာကယ်လို့ကယ်မှန်းမသိရအောင် ကြောက်ရွံ့ထိတ်လန်စွာနဲ့ရောက်တဲ့နေရာမှာ တစ်ညလုံးငြိမ်နေကြရတယ် ၊ ဖေဖဝါရီ ၉ ရက်နေ့မနက်ပိုင်းအချိန်မှာတော့ ထူးခြားစွာဘဲ စင်ထရယ်ရဲ့အထပ်တိုင်းကို အင်္ကျီအနီရောင်နဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးဟာ ဆိုင်ခန်းတိုင်းကိုတံခါးလိုက်ခေါက်ပြီး လေသံတိုးတိုးနဲ့ ” မြန်မြန်ထွက်ကြတော့ အပြင်မှာ လာကယ်တဲ့သူတွေရောက်နေပြီ အဲ့ဒီကိုအမြန်ဆုံးရောက်အောင်ပြေးကြ ” ဆိုပြီးသူ့ကုန်တိုက်ထဲမှာရှိသမျှ လူတွေ ၊ ဒဏ်ရာရရှိသူတွေကို ဘယ်ကနေဘယ်လမ်းကို ဘယ်သွားဆိုပြီး လမ်းပြကယ်ဆယ်ပေးခဲ့တယ်..

ဘာလက်နက်မှမပါ ၊ ဘာကျည်ကာအင်္ကျီမှမပါဘဲ သေနတ်သံတွေမကြားတစ်ချက်ကြားတစ်ချက်အချိန်မှာ သူဟာရဲဝံ့စွာနဲ့ ” လုံခြုံရေးဝန်ထမ်း” ဆိုတဲ့တာဝန်အတိုင်း ဒီကုန်တိုက်ကြီးထဲမှာရောက်ရှိလာကြတဲ့ Customers တွေကိုပစ်မထားဘဲလုံခြုံစိတ်ချရတဲ့နေရာကိုရောက်သွားအောင် လိုက်လံပြီး ကယ်ထုတ်ပေးခဲ့သူပါ

ဟုတ်ပါတယ်…ကိုယ်တွေလဲအခင်းဖြစ်နေတဲ့ကုန်တိုက်ကြီးထဲရောက်နေခဲ့မယ်ဆိုရင်တော့ အရေးပေါ်ထွက်ပေါက်ကဘယ်နေရာမှာရှိမှန်းမသိနိုင်သလို လူသတ်သမားကဘယ်အရပ်မှာရှိနေတယ်လို့သိခဲ့ရင်တောင် မဆုံနိုင်အောင်ရှောင်ပြေးဘို့ဆိုတာလွယ်မည်မထင်ပါ.

အသက် ၂၆ နှစ်အရွယ်မိန်းခလေးတစ်ဦးက သူ့ရဲ့ကိုယ်တွေ့အဖြစ်အပျက်ကို တွစ်တာ Twitter မှာယခုလိုရေးသားခဲ့ပါတယ်.

” အကိုလုံခြုံရေးဟာ ကျွန်မတို့ကိုကယ်ထုတ်လာခဲ့တာပါ ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ၃ ထပ်မှာပိတ်မိနေပြီး ဘယ်မှမသွားရဲလို့ Fitting Room ထဲမှာသူငယ်ချင်းနှစ်ယောက်ပုန်းပြီးထိုင်နေချိန် သေနတ်သံတွေ တစ်ချက် တစ်ချက် ကြားနေချိန် လုံခြုံရေးအကိုက ကျွန်မတို့ဆီကိုရောက်လာပြီး ဘယ်လမ်းကနေဘယ်လိုသွားဆိုပြီးလာပြောတယ် ၊ ကျွန်မတို့အပြင်ကိုရောက်လာတော့မှ သူ့အတွက်အရမ်းကိုစိုးရိမ်မိသွားတယ် ၊ ကျွန်မတို့ထွက်လာချိန်သူဟာ နောက်ထပ်ကျန်နေသေးတဲ့သူတွေကို အမြန်ကယ်ထုတ်နိုင်ဘို့အတွက် ထွက်သွားတာကိုတွေ့လိုက်ရတယ် ၊ သူ့ကိုအရမ်းကျေးဇူးတင်မိပါတယ်ရှင် ”

ဆိုပြီးရေးသားခဲ့ပါတယ် ။

နောက်ထပ် ကုန်တိုက်ရဲ့ ၅ ထပ်မှာရောက်နေပြီး ပိတ်မိနေတဲ့သူတစ်ဦးရဲ့ရေးသားချက်က တော့

” တာမီနယ် ၂၁ ရဲ့ ၅ ထပ်မှာပိတ်မိနေတဲ့အချိန် သူငယ်ချင်းကမက်ဆေ့ခ်ျနဲ့လှမ်းပြောတယ် ၊ လူသတ်သမားက ၄ ထပ်မှာရှိနေတယ်တဲ့ ၊ ဒီအချိန်မှာ လာကယ်မယ့်သူကိုမျှော်နေတုန်း လုံခြုံရေးအကိုဝန်ထမ်းက သူတို့ကိုလာကယ်ပြီးအန္တရာယ်ကင်းကင်းနဲ့ခေါ်လာခဲ့တယ် ၊ သူ့မှာဘာလက်နက်မှမရှိဘူး ၊ သူ့ကိုယ်သူကာကွယ်ဘို့ဘာဆိုဘာမှမရှိဘဲ လာပြီးကူညီရဲလိုက်တာ ၊ သူတို့ထွက်လာချိန်အမှန်ဘဲ ရဲနဲ့စစ်သားတွေကိုတွေ့ခဲ့တယ် ”
လို့ Twitter မှာရေးသားခဲ့တယ်..

လူသတ်သမားကို ကွန်မန်ဒိုအဖွဲ့ဟာ Terminal -21 ရဲ့ Level Ground A Zone အထွက်ပေါက်မရောက်ခင် အအေးခန်းထဲမှာအသေပစ်ခတ်ဖမ်းဆီးပြီးဝင်ရောက်ရှင်းလင်းပြီးချိန်မှာတော့ စောစောကအသက်ကိုပဓာနမထားဘဲ လူတွေကိုလိုက်လံပြီးပြေးလမ်းပြခဲ့တဲ့အင်္ကျီအနီရောင်နဲ့လူကတော့ လူသတ်သမားရဲ့ကျည်ဆန်ကို လူသားဒိုင်းသဖွယ် သူရဲ့ခန္ဓာကိုယ်ကြီးနဲ့နောက်ဆုံးထွက်သက်အထိကာကွယ်လို့ပေးခဲ့သူသည်ကားအခြားမဟုတ်ပါ..

Korat မြို့လယ်ခေါင်က Terminal 21 စင်ထရယ်ကုန်တိုက်စတင်ဖွင့်လှစ်ခဲ့ကတည်းက လုံခြုံရေးတာဝန်ကိုထမ်းဆောင်နေတဲ့ဝန်ထမ်းတစ်ဦးဘဲဖြစ်ပါတယ် ၊ မိသားစုတစ်စုရဲ့အားကိုးအားထားရာ ကျေးဇူးရှင်အိမ်ဦးနတ်ကြီး Mr.Amnaj BoonKure အသက် (…. ) ဖြစ်ပါတယ်.

လူတွေအားလုံးအသက်ဘေးကိုလုပြီးပုန်းနေနိုင်ဘို့နဲ့ လွတ်ရာလမ်းကြောင်းကို အခင်းဖြစ်ကတည်းက မနားမနေဘဲသူကျွမ်းကျင်တဲ့ကုန်တိုက်ကြီးထဲမှာတက်လိုက်ဆင်းလိုက်နဲ့ ကြောက်ရွံ့ထိတ်လန့်နေတဲ့ပြည်သူတွေကိုသူနိုင်သလောက် စွမ်းနိုင်သလောက်ကယ်တင်နိုင်ခဲ့ပေမယ့်

နောက်ဆုံးမှာ လူသတ်သမားရဲ့ကျည်ဆန်ကိုတော့ သူ့မှာရှောင်နိုင်စွမ်းမရှိခဲ့ပါဘူး..

သူ့ရဲ့ဇီဝိန်ကို လူမဆန်တဲ့လူသတ်သမားက မထူးဇာတ်ခင်း၍ ချွေယူသွားခဲ့တယ်

သူ့ဇနီးနဲ့မကြာသေးမီကမှ လူ့လောကထဲကိုရောက်လာခဲ့တဲ့သူ့ရဲ့ရင်နှစ်သည်းချာရင်သွေးငယ်ဆီကို အခင်းဖြစ်တဲ့အချိန်ကတည်းက တိတ်တိတ်လေးသူအပြေးအလွှားထွက်သွားခဲ့မယ်ဆိုရင်တောင် ဒီနေ့ဒီအချိန်မှာ သေရွာပြန်လင်တောင်မောင်ကို အိမ်သူသက်ထားဇနီးမယားကပွေ့ဖက်လို့ပျော်နေကြမှာသေချာပါတယ်…

ဒီလိုထွက်ပြေးလာလို့ရနေလျှက်သားနဲ့ ဒီကုန်တိုက်ကြီးထဲမှာ ဒဏ်ရာရတဲ့သူတွေနဲ့အခြားလူတွေကိုပါ ကယ်တင်နိုင်ခဲ့ပေမယ့် လူသတ်သမားနဲ့မှထိပ်တိုက်မတိုးနိုင်အောင် သူကျွမ်းကျင်တဲ့ဒီကုန်တိုက်ကြီးထဲမှာ သူဘာဖြစ်လို့များမရှောင်နိုင်ခဲ့ရတာလည်းလို့တွေးနေမိခဲ့ပါတယ်..

ခုတော့သူ့ကို အားလုံးက Terminal 21 ရဲ့ Hero ကြီးအဖြစ် မထင်မရှားအားလုံးကသူကောင်းပြုခြင်းကိုခံလိုက်ရပါပြီ…

လူတကာဒီလိုကုန်တိုက်ထဲကြီးထဲစဝင်လိုက်ပြီရင် အဝင်ဝမှာ လုံခြုံရေးယူနီဖောင်ဝတ်ဆင်ထားတဲ့ဝန်ထမ်းလေးတွေကို လူတစ်ချို့မတူသလို မတန်သလိုနှိမ်ကြည့်သောအကြည့်တွေနဲ့ကြည့်တတ်ကြတာကိုမြင်ဖူးခဲ့တယ်….
ဒီဆောင်းပါးလေးကိုဖတ်ပြီးတဲ့အချိန်န်ကစလို့ နောင်များကုန်တိုက်မှာဘဲဖြစ်ဖြစ် ဘယ်မှာဘဲဖြစ်ဖြစ် လုံခြုံရေးဝန်ထမ်းတွေနဲ့များကြုံခဲ့ဆုံခဲ့ကြမယ်ဆိုရင် ဒီလိုအကြည့်မျိုးတွေနဲ့မကြည့်ကြပါနဲ့ဗျာ..,

မြင့်မြတ်တဲ့နှလုံးသားနဲ့ တာဝန်ကျေပြွန်ပါပေတယ် ” လုံခြုံရေးဝန်ထမ်း ” သူရဲကောင်းကြီးရေ….

ကောင်းရာသုဂတိလားပါစေ

စည်သူမောင်

Credit – Si Thu Maung