လူမှု ကွန်ရက် ဆယ်လီအမျိုးသားတစ်ယောက်ဟာ လေကြောင်းခရီးစဉ်တစ်ခုမှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အော်ခဲ့လို့ တစ်ခြားသူတွေလည်း မဆီမဆိုင် ဒုက္ခရောက်ခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ သူရဲ့ အင်စတာဂရမ်မှာ လူကြိုက်များတဲ့ ဗွီဒီယိုဖိုင်တင်ဖို့ နောက်ပြောင်ပြီး အော်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့လုပ်ရပ်ကြောင့် လေယာဉ်ဟာ ခရီးစဉ်တစ်ဝက်မှာ မူလလေဆိပ်ကို ပြန်လှည့်ခဲ့ရသလို၊ တစ်ခြား လေကြောင်းခရီးစဉ်တွေလည်း ရပ်ဆိုင်းကုန်တာကြောင့် သူ့ကို အတ္တကြီးတဲ့နောက်ပြောင်သူအဖြစ် သတင်းစာတွေမှာ ရေးသားခဲ့ကြပါတယ်။

သူ့အမည်ကတော့ Potok Philippe လို့ သိရပါတယ်။ သူဟာ ကနေဒါနိုင်ငံ၊ တိုရွန်တိုကနေ ဂျမေကာကို ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ ဒီနောက်ပြောင်မှု ပြုလုပ်ခဲ့တာပါ။ သူက ” အားလုံး အာရုံစိုက်ပြီး နားထောင်ပေးကြပါ … ကျွန်တော်က ဝူဟန်က ပြန်လာသူပါ … ကျွန်တော် အခု နေမကောင်းပါဘူး “ဆိုပြီး ခပ်တည်တည် ပြောခဲ့ပါတယ်။

သူ့ကြောင့် လေယာဉ်ဟာ တိုရွန်တိုဆီကို ပြန်လှည့်ခဲ့ရပါတယ်။ အကြောင်းကတော့ အမေရိကန်နဲ့ ဂျမေကာက လေယာဉ်ကို ဆိုက်ရောက်ခွင့် မပြုတော့လို့ပါ။ သူရဲ့ အမြော်အမြင်နည်းပါးတဲ့ လှိမ်လုံးကြောင်း တစ်ခြားလေကြောင်းခရီးစဉ်တွေလည်း ရပ်ဆိုင်းခဲ့ရလို့ ပေါင်သန်းနဲ့ချီ နစ်နာခဲ့ရပါတယ်။

နောက်တော့ သူ့ကို လေဆိပ်မှာ အသေးစိတ်စစ်ဆေးခဲ့ရာ၊ ရောဂါလက္ခဏာ မတွေ့ခဲ့ရပါဘူး။ ဒီတော့မှ သူက နောက်ပြောင်တာလို့ ဝန်ခံခဲ့တာပါ။ သူ့ကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီး၊ လာမယ့်အပတ်မှာ ရုံးတင်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ သူ့အနေနဲ့ မဟုတ်မဟတ် လုပ်ခြင်းရဲ့ဒဏ်ကို ခံရတော့မှာပါ။Source ; International News