တ ရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေးမြို့သို့ သွားရောက်လည်ပတ်ပြီး ပြန်လာသူ တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဖြစ်ပွားနေကြောင်း တရုတ်နိုင်ငံမှ အတည်ပြုပြီး ကူမင်းဆေးရုံ၌ သီးသန့် ခွဲခြား ကုသပေးလျက်ရှိကြောင်း တက်ဟုန်ညီညွတ်ရေးသတင်းစာ (မြန်မာ) မှ ဖေဖော်ဝါရီလ ၇ ရက်၊ ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အ ဆိုပါ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားသည်ဟု အတည်ပြုခံရသူမှာ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အသက် ၇၁ နှစ်အရွယ်ရှိသူ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်တွင် မန္တလေးမြို့သို့ အပျော်ခရီး သွားရောက်ခဲ့ပြီးနောက် ကူမင်သို့အပြန် ဇန်နဝါရီလ ၂၅ ရက်၌ သီးသန့် ဆေးကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။

ယူနန်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၇ ရက်၊ မွန်းခွဲ ၁၂ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားသူ အတည်ပြု ၁၃၆ ဦးရှိပြီး လက်ရှိ အထူးပြင်းထန်သော ရောဂါသည် ၁၅ ဦး၊ ပြင်းထန်ရောဂါသည် ၁၅ ဦး၊ ဆေးရုံဆင်းသူ ၁၂ ဦးနှင့် သေဆုံးလူနာမရှိဘဲ သံသယလူနာ ၁၂၂ ဦး ရှိနေကာ ရောဂါသည်များနှင့် ထိစပ်မှုရှိသူ ၃၁၀၅ ဦးကို ဆေးရုံ၌ ကြည့်ရှုကုသပေးလျက်ရှိသိရသည်။

ရွှေလီမြို့တွင်နေထိုင်သူ စာရေးဆရာ ဟိန်းနိုင်က လက်ရှိ ရွှေလီမြို့အတွင်း တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်၊ တစ်အိမ်နှင့်တစ်အိမ် ကူးသန်းသွားလာခွင့် မပြုဘဲ မူဆယ်အဝင်တွင် သွားရောက်မည့်နေရာကို ဖောင်ဖြည့်ကာ သွားလာ နေရပြီး အငှားယာဉ်များကို သွားလာခွင့် ပိတ်ပင်ထားကြောင်း ပြောဆိုခဲ့သည်။

“အခုတော့ သားတစ်ယောက်တည်း ရွှေလီမှာ အိမ်စောင့်ထားခဲ့တယ်။ သူလည်း ဘယ်မှ သွားခွင့်မရတော့ WeChat ကပဲ အစားအသောက် မှာစားနေရတယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်တိုင်းအတွင်းရှိ ကြယ်ဂေါင်၊ ရွှေလီမြို့များသည် မူဆယ်မြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ရှီးရွှမ်ပန်နား ခေါ် ဆစ်ဆောင်ပန်နားပြည်နယ်ခွဲမှာ အထူးဒေသ(၂)/(၄) နယ်မြေများနှင့် ထိစပ်နေကြောင်း သိရသည်။

Ref – KBZTai