ဂျပ န် အပျော်စီးသင်္ဘောပေါ်ကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အနည်းဆုံး ၁၀ ဦးတွေ့ရှိခဲ့တဲ့အပြင် အပျော်စီး သင်္ဘောပေါ်က ခရီးသည်ထောင်ချီ နဲ့ ၀န်ထမ်းတွေကို အနီးကပ်စောင့်ကြည့်နေရတယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီး ကတ်ဆုနိုဘူ ကာတို က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျပ န်နိုင်ငံ ယိုကိုဟားမားမြို့ဆီ ဦးတည်သွားနေတဲ့ ဇိမ်ခံအပျော်စီးသင်္ဘောတစီးပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဟောင်ကောင်သားတယောက် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရအပြီးမှာ သင်္ဘောပေါ်ရှိလူအားလုံးကို ဆင်းခွင့်မပေးတော့ပဲ အဲဒီသင်္ဘောတစီးလုံးကို ရောဂါခြေချုပ်နဲ့ သီးသန့်ထားခဲ့ပြီး နောက်ထပ် ၁၀ ဦးတွေ့ရှိခဲ့တာပါ။

ဝူဟန်ဗိုင်းရပ်စ် တွေ့ရှိသူ ၁၀ ဦးကို ဆေးရုံသို့ ပို့ဆောင်သွား မှာဖြစ်သလို Carnival Corp အပျာ်စီးသင်္ဘောပေါ်မှာ ကျန်ရှိနေတဲ့ ခရီးသည် ၃၇၀၀ ကို ၁၄ ရက်ကြာ ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။ အပျော်စီးသင်္ဘောပေါ်က လူပေါင်း ၂၇၃ ဦးကို စမ်းသပ်စစ်ဆေးခဲ့ပြီး ၃၁ ဦးရဲ့ ကျန်းမာရေး စစ်ဆေးမှုအဖြေကို ရရှိထားရာ ၁၀ ဦးက ဗိုင်းရပ်စ် ကူးစက်ခံရမှု တွေ့ရှိထားတယ်လို့ ပြောပါတယ်။

သင်္ဘောပေါ်မှာကျန်ရှိနေတဲ့ ခရီးသည်တွေနဲ့ သင်္ဘောသားတွေကို ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်သလို အသေးစိတ် ထပ်မံစစ်ဆေးတာတွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး က ပြောပါတယ်။ အပျော်စီးသင်္ဘောပေါ်မှာ အသက် ၈၀ အရွယ်ရှိ ဟောင်ကောင် အမျိုးသား တစ်ဦးထံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိခဲ့ပြီးနောက် အပျော်စီးသင်္ဘောကို ကျန်းမာရေးစစ်ဆေးမှုတွေ စတင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံပြင်ပ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံ က ကူးစက်ခံရမှု အများဆုံးဖြစ်နေပြီး ဂျပန်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ လူ ပေါင်း ၃၃ ဦးကူးစက်ခံထားရပါတယ်။

Credit-Blacker