ဖား ကန့်တွင် မီးလောင်နေသည်ကို ငြှိမ်းသတ်နေသည့်မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ၏ ဆိုင်ကယ်ငါးစီးပျောက်ဆုံး မှု ဖေဖော်ဝါရီ ၂ ရက် ညက ဖြစ်ပွားခဲ့သည်။ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာအုပ်စု မှော်ရှန်ကျေးရွာတွင် ဖေဖော်ဝါရီ ၂ ရက် ညက မီး လောင်ခဲ့သည်။

‘‘မီးသတင်းရရချင်း ကျွန် တော်တို့က ရောက်ရာနေရာက နေ အပြေးအလွှား သွားငြှိမ်းသွား ပေးတာ။ မီးလည်းငြိမ်းရော ဆိုင် ကယ်တွေ မတွေ့တော့ဘူး’’ဟု ဖားကန့်မြို့နယ် ကြက်ခြေနီတပ် ဖွဲ့မှ ဦးသိန်းဟန်က ပြောသည်။ဖားကန့်မြို့နယ် မီးသတ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ပိုင်သော ဆိုင်ကယ်သုံးစီးနှင့် ကြက်ခြေနီ တပ်ဖွဲ့မှ နှစ်စီး၊ စုစုပေါင်း ဆိုင် ကယ်ငါးစီး ပျောက်ဆုံးခဲ့ကြောင်း ဦးသိန်းဟန်က ပြောသည်။

ည ၇ နာရီ မိနစ် ၃၀က စတင်လောင်ကျွမ်းသော မီးကို ည ၉ နာရီခန့်တွင် ငြှိမ်းသတ်နိုင်ပြီး နေအိမ်ငါးလုံး ဆုံးရှုံးခဲ့ကြောင်း ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စတင်လောင်ကျွမ်းသော အိမ်မှ ဂက်စ်အိုးပေါက်ကွဲသောကြောင့် မီးလောင်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိသည်။

ဖားကန့်ဒေသတွင် ဆိုင် ကယ်ပျောက်ဆုံးမှု မကြာခဏ ဖြစ်ပွားနေပြီး မူးယစ်ဆေးဝါးသုံး စွဲနေသည့် အထောက်အထားမဲ့ ရေမဆေးကျောက်ရှာဖွေအချို့ က ခိုးယူခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ အိမ်တိုင်းနီးပါး ဆိုင်ကယ်အခိုးခံရမှု နေ့စဉ်ဖြစ် နေပြီး ရဲတပ်ဖွဲ့ကလည်း မထိန်း ချုပ်နိုင်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်စိုးက ဝေဖန်သည်။ ဇန်နဝါရီက ဦးတင်စိုး၏ နေအိမ်အတွင်း ရပ်ထားသော ဆိုင်ကယ်ကို အမျိုးသားတစ်ဦးက နေ့ခင်းကြောင်တောင်ခိုးယူသွား၍ ဝိုင်းဖမ်းကာ ရဲစခန်းသို့ အပ်နှံသည်။Source ;U Thein Han