ကား နံပါတ်ပြားတွေကို သတင်းစာအုပ်ပြီးသွားလာနေတဲ့ တရုတ်ခရီးသွားတွေက နိုင်ငံဖြတ်ကျော်ခရီးသွားတွေဖြစ်ကြောင်း မန်းတိုင်းဝန်ကြီးချုပ်ပြော

မန္တလေးမြို့အတွင်းမှာ တရုတ်ခရီးသွားတွေ ကိုယ်တိုင်မောင်းနှင်ပြီး နံပါတ်ပြားတွေကို သတင်းစာအုပ်ထားတဲ့ကားတွေက နိုင်ငံဖြတ်ကျော်ခရီးသွားတဲ့ကားတွေသာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်ကပြောပါတယ်။

ဖေဖော်ဝါရီလ၁ရက်နေ့ခန့်ကစတင်ပြီး မန္တလေးမြို့နဲ့ ပုဂံဒေသတွေမှာ တရုတ်လိုင်စင်နဲ့ကားတွေကိုကိုယ်တိုင်မောင်းနှင်လာကာ နံပါတ်ပြားတွေကို သတင်းစာအုပ်ထားတဲ့ကားတွေအကြောင်းလူမှုကွန်ရက်မှာပြန့်နှံ့နပါတယ်။

အဲဒီကားတွေက နိုင်ငံဖြတ်ကျော်ခရီးသွားကားတွေဖြစ်တယ်လို့ ဦးဇာနည်အောင်က ဖေဖော်ဝါရီလ၄ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်ပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

သူက “ အဲဒါတွေက ခရီးသွားကားတွေပါ။ နဂိုတည်းက အစီအစဉ်အရလုပ်ဆောင်ထားတဲ့ နိုင်ငံဖြတ်ကျော်ခရီးသွားတွေဖြစ်တယ်။ တခြားကြီးကြီးမားမားမဟုတ်ဘူး” လို့ပြောပါတယ်။

အဲဒီကားတွေက နံပါတ်ပြားတွေကို သတင်းစာနဲ့အုပ်ကာ သွားလာနေတဲ့ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေပြီး ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေချိန်မှာ သွားလာနေတာကြောင့် ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။

ယာဉ်တန်းနဲ့ကိုယ်တိုင်မောင်းနှင်ဝင်ရောက်တဲ့ ခရီးသွားလာမှုမှန်ကန်ပါက ချက်ချင်းလျှောက်ထားကာ ဝင်ရောက်လို့ မရဘူးလို့ မန္တလေးတိုင်းဒေသကြီးခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသန့်ဇော်ကပြောပါတယ်။

သူက “ ကိုယ်ပိုင်မော်တော်ယာဉ်များနဲ့ ခရီးသွားလာတဲ့တိုးခရီးစဉ်တစ်ခုမှန်ရင် တည့်တည့်ပြောရမယ်ဆိုရင် ခုပြောနေကြတဲ့ ဟိုဘက်မှာ ဗိုင်းရပ်ဖြစ်လို့ ပြေးလာတယ်ဆိုတဲ့ လုပ်ဆောင်မှုမျိုးမဟုတ်ဘူး။

ဒီဟာတွေက အနည်းဆုံးလနဲ့ချီပြီးမှကြိုတင်ခွင့်ပြုချက်ယူရတဲ့ ခရီးစဉ်ဖြစ်တယ်။ ဒါတွေက အများကြီးကြိုတင်စီစဉ်ရတဲ့ ခရီးစဉ်မျိုးဖြစ်လိမ့်မယ်။ နံပါတ်ပြားကို အုပ်ခြင်းမအုပ်ခြင်းကတော့ ဘယ်လိုဖြစ်လဲမပြောတတ်ဘူး။

အဲဒီလိုတိုးခရီးစဉ်မျိုးမှာ ဒီနိုင်ငံအတွင်းသွားလာနေစဉ်မှာ ယာဉ်ရဲ့နောက်မှာတပ်ဆင်တဲ့ဟာတစ်မျိုးပါတယ်။ ခုသတင်းစာအုပ်ထားတယ်ဆိုတာကတော့ မပြောတတ်ဘူး။ ” လို့ပြောပါတယ်။

ဖေဖော်ဝါရီလ၁ရက်နေ့က ပုဂံမှာဝင်ရောက်ခဲ့တဲ့ တရုတ်ကား၈စီးကတော့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အစီအစဉ်နဲ့လာရောက်တာဖြစ်ပြီး မန္တလေးမှာသွားလာနေတဲ့

ကားတွေမှာ နံပါတ်ပြားကိုသတင်းစာအုပ်တဲ့ကိစ္စကိုတော့ လက်ရှိအချိန်ထိမသိရသေးပဲ ပြန်လည်စိစစ်မှုလုပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းကပြောပါတယ်။

ပုဂံမှာ ဝင်ရောက်ခဲ့တဲ့ ကား၈စီးထဲက ကား၂စီးက ပုဂံရှုခင်းကြည့်အိုးထိန်းကုန်းပေါ်ကို မောင်းတက်ခဲ့ပြီး ဘီယာသောက်ဖို့ ပြင်ဆင်ခဲ့တာကြောင့် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က အမှုဖွင့်သွားမယ်လို့ သိရပါတယ်။

ကုမုဒြာ