ဝူ ဟန်ဗိုင်းရပ်စ် (သို့) 2019-nCoV ဖြစ်ပွားနေသောမြို့မှ လွှတ်မြောက်လာသော ကျွန်တော့်ဘဝအတွေ့အကြုံ နှင့် ကျေးဇူးတင်ထိုက်သူများ”

ကျွန်တော် ရဲ့ဒုတိယ Hometown လို့တောင်ပြောလို့ရနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလယ်ပိုင်း ဟူးပေပြည်နယ်က ဝူဟန်မြို့တော်၊ လူဦးရေ ၁၁သန်းနီးပါးရှိတဲ့ ကုန်းတွင်းပိတ်မြို့တစ်မြို့ တရုတ်ပြည်မှာမိုးရာသီမရှိပေမယ့်ဝူဟန်ကတော့ အမြဲလိုလို မိုးရွာလေ့ရှိတယ်။ တရုတ်ပြည်ရဲ့အဓိကမြစ်ယန်ဇီမြစ်ကြီးစီးဆင်းလျက်ရှိပြီး ပြည်တွင်းပြည်ပ ကုန်ကြောင်း ရေကြောင်း ကုန်စီးဆင်းမှုရှိပြီး စီးပွါးရေးဖွံဖြိုးတိုးတက်တဲ့မြို့တစ်မြို့ သူရဲကောင်းမလေး မူလန်ရဲ့ဇာတိမြေ အတွေးအမြင် ဗဟုသုတတွေများစွာရခဲ့တဲ့ ကျွန်တော်ချစ်ရတဲ့တက္ကသိုလ်များစွာထဲက တစ်ခုဖြစ်တဲ့ CCNU ရှိတဲ့ ဝူဟန် ၂၀၁၉ ရဲ့ ဒီဇင်ဘာနောက်ဆုံးအပတ်မှာ အဲ့လိုသမိုင်းတွင်လှတဲ့ ဝူဟန်မြို့ကို ကံကြမ္မာဆိုးကျရောက်လာပါတယ်။

ဒီကြမ္မာဆိုးဟာ ခုဆို ဝူဟန်နှင့်တရုတ်ပြည်တွင်သာမက တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်လျက်ရှိပါတယ် အားလုံးသိတဲ့ ဝူဟန်ဗိုင်းရပ်စ်သို့ 2019-nCov ပါ Coronavirus ရဲ့ဗဟိုချက်မှာ ဝူဟန်မြို့မှာရှိတဲ့ Hunan ပင်လာစားဈေးမှာရောင်းသော လင်းနို့စွပ်ပြုတ်မှစခဲ့တယ်လို့သိရပါတယ်။ နဂိုကတည်းက အစားအသောက်အလွန်ကြီးတဲ့တရုတ်တွေ ခုလင်းနို့စွပ်ပြုတ်ကိုသောက်တယ်ဆိုတာ အံ့ဩစရာ​တော့မရှိဘူးပေါ့။

ဘယ်လိုမှမထင်မှတ်ထားတဲ့ ၂၀၂၀ပြည့်ဇန်နဝါရီလ ၂၃ရက် နံနက် ၁၀နာရီ ထိုရောဂါကြောင့် ဝူဟန်မြို့ကို ပိတ်လိုက်တဲ့နေ့ပါ။ ဝူဟန်ရောက်မြန်မာပညာတော်သင်ကျောင်းသားသူတွေစိတ်အတော်ကလေးဂယက်ထမိခဲ့တယ်။ ဖြစ်ဖြစ်ချင်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့ဘူး ယခင်နေ့တွေကတောင် သွားလာလှုပ်ရှားနေကြတုန်း။ လှပပြီး လမ်းတွေပေါ်မှာလူတွေစည်းကားနေကြတုန်း ရုတ်တရက်ခြောက်ကပ်တိတ်ဆိတ်သွားတာပါ။ ဒါနဲ့ကျွန်တော်တို့မြန်မာကျောင်းသားအဖွဲ့တွေ ချက်ချင်း WeChat group မှာတိုင်ပင်ကြပြီး ကျောင်းသားခေါင်းဆောင်တွေကဘယ်လိုလုပ်ကြမလဲပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ကြပီး ပေကျင်းရှိမြန်မာသံရုံးကိုစာတင်ဖို့လုပ်ကြပါတယ်။ ဒါနဲ့ ကျောင်းသားတစ်ဦးစီကတစ်ကျောင်းချင်းစီရှိ ကျောင်းသားအရေအတွက်နဲ့ ကိုယ်ရေးအချက်အလက်တွေစုပြီး ကျောင်းသားခေါင်းဆောင်ထံပို့ကြပါတယ်။

၂၀၂၀ပြည့်နေ့ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပေကျင်းရှိ မြန်မာသံရုံးကို အမိမြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွါလိုကြောင်း စာနဲ့တင်ခဲ့ကြပါတယ်။ သံရုံးမှသံမှူးကြီးဦးဟန်ဝင်းအောင် ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်း ဦးဆောင်တဲ့သံရုံဝန်ထမ်းများမှ မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ပြီး အမြန်ဆုံး ဝူဟန်မှထွက်ခွါလို့ရအောင် အမျိုးမျိုးကြိုးစားခဲ့ကြရပါတယ်။ မြန်မာဘက်ကခွင့်ပြုရုံနဲ့လည်းမရသေးပါဘူး တရုတ်နိုင်ငံခြားရေးကလည်းပြန် ခေါ်ခွင့်ပြုမှရမှာပါ။ သံရုံးကလည်းအချိန်နဲ့တပြေးညီ တရုတ်ဘက်ကိုခွင့်ပြုချက်ပေးအောင်ကြိုးပမ်းပေးပါတယ်။ ကျောင်းသားမိဘအချို့ကလည်းမြန်မာဘက်ကလူကြီးတွေနဲ့တွေ့ဆုံပြီး အမြန်ဆုံးပြန်ခေါ်ပေးနိုင်အောင် ကြိုးပမ်းပေးပါတယ်။ မီဒီယာကနေတစ်ဆင့်လည်းအမြန်ပြန်ခေါ်ပေးဖို့တောင်းဆိုပေးပါတယ်။

ကျွန်တော်ထိုကာလတွေမှာ ဖေ့စဘွတ်မသုံးဖြစ်ခဲ့တာက မီဒီယာအချို့ရဲ့ comments တွေဟာကျွန်တော်တို့တစ်တွေကိုဆိုးရွာစွာတိုက်ခိုက်ပါတယ်။ အမှန်တကယ်ဆိုကျွန်တော်တို့တစ်တွေဟာ အမိမြန်မာနိုငံသားစစ်စစ်တွေပါ။ ဒုက္ခတစ်ခု အခက်အခဲတစ်ခုကြုံတွေ့ရင်အမေ့ရင်ခွင်ကိုပြေးဖက်ပြီးနေသလိုပဲ ကျွန်တော်တို့တစ်တွေအဲ့အချိန်မှာ အမိနိုငံကိုပြန်လာချင်တာပဲသိခဲ့တာပါ။ တကယ်တော့ကျွန်တော်တို့အားလုံးဟာ ရောဂါဖြစ်ပွါးမှုအများဆုံးဖြစ်တဲ့ ပင်လယ်စာဈေးနဲ့ဆိုလည်းအင်မတန်ဝေးကွာပြီး အဆောင်ထဲမှာနေကြသူများဖြစ်ပါတယ်။ ဒီရောဂါလည်းဘယ်သူမှကူးစက်ထားခံရခြင်းလည်းမရှိထားခဲ့ပါဘူး။

အဲ့တော့ ဖေ့စဘွတ်က commentsတွေလိုက်မဖတ်တော့ဘဲ deactive လုပ်ပစ်လိုက်တယ်။ တစ်ချို့မိတ်ဆွေတွေကကျွန်တော့်ကို ဆက်သွယ်မရလို့စိတ်ပူကြပါတယ်။ မိမိအပူကိုစိတ်အေးစွာနဲ့ဖြတ်သန်းချင်တာမို့ ဝူဟန်မြို့ကို lockdown ချပြီးတာနဲ့ စိတ်အေးချမ်းစွာ တရားတွေပဲနာ ပရိတ်ပဌာန်းတွေပဲပူဇော်ဖြစ်ပါတယ်။ ကျွန်တော်ကဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့အတွက် မိမိယုံကြည်တဲ့ဘာသာတရားကိုပဲအာရုံပြုပြီးဆုတောင်းခဲ့တယ်။ မေတ္တာသုတ် ၁၀၈ ခေါက် ရတနာသုတ် မောရသုတ် ဗောဇ္ဈဂသုတ် ဓာရဏပရိတ် ဇလွန်ပြည်တော်ပြန်ဂါထာ တွေနေ့တိုင်းရွတ်ပြီးပူဇော်ခဲ့တယ်။ ဒီအချိန်ကျွန်တော်ယုံကြည်လိုက်တာက ဘုရားကပဲ ငါ့ကိုကယ်နိုင်မယ်ဆိုပြီး တစ်ချိန်လုံးဘုရားစာတွေရွတ်လိုက် တရားတွေနာလိုက်လုပ်ခဲ့ပါတယ်။

ပြီးတော့အဓိဌာန်ပြီး ဆုတောင်းခဲ့တယ်ဆရာသမားများ မိတ်ဆွေများတပည့်များက messenger ကနေဆက်သွယ်မရလို့အားလုံးစိတ်ပူကြပါတယ်။ အဲ့အတွက်လည်းအားလုံးတောင်းပန်ပါတယ်။ ထို့အပြင်ကျွန်တော်တို့တစ်တွေစိတ်ဓာတ်တွေမကျသွားအောင်သံရုံးမှ တာဝန်ရှိပါဂ္ဂိုလ်များကလည်းအမြဲမပြတ်ဖုန်းနဲ့မေးပြီးအားပေးစကားပြောပေးပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်းအချင်းချင်းတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အားပေးကြပါတယ်။ တစ်ချို့မိန်းကလေးတွေဆိုအားငယ်ပြီးငိုကြပါတယ်။ ဒါပေမယ့် group မှာဟာသတစ်ဦးနဲ့တစ်ဦးဟာလေးတွေပြောကြ stickers လေးတွေပို့ကြ နဲ့အားငယ်စိတ်မဝင်အောင်တစ်ချို့ကလုပ်ပေးကြပါတယ်။

ဒီအချိန်မှာ ကျွန်တော်တို့အားလုံး depression မဝင်အောင် အမျိုးမျိုးကြိုးစားနေကြတယ်။ ကျွန်တော်ဆိုတရုတ် website တွေကိုလည်း ရောဂါကူးစက်ခံရသူနှုန်း သေတဲ့နှုန်းတွေဝင်မကြည့်ဖြစ်အောင်ကြိုးစားတယ်။ ဘာလို့လည်းဆိုတော့ ကူးစက်ခံရသူတွေက တစ်နေ့တစ်နေ့ ထောင်ချီတိုးလာတော့ အဲဒါတွေမြင်ရင် ပိုပြီးစိတ်ဓာတ်ကျပြီး နှလုံးခုန်နှုန်းတွေတောင်မြန်ပါတယ်။ ခုဆို ရောဂါဖြစ်ပွါးသူက ၂သောင်းကျော်နေပီ။ ပြီးတော့ပိတ်မိနေတဲ့ကာလမှာ ကျွန်တော်တို့အဓိကက စားစရာပါပဲ ဈေးဝယ်ချိန်လည်းမရှိလိုက်ဘူး။ နောက်ထပ် ၁၀ရက် ၁၅ရက်လောက်စားလို့ရပေမယ့် အဲ့ထက်ကြာလာရင်တော့ဒုက္ခရောက်မှာပါ။

ဒါပေမယ့် စားစရာတွေမပြတ်ခင်ဝမ်းသာစရာသတင်းကြားခဲ့ရပါတယ်။ ဘုရားတရားရဲ့စောင့်ရှောက်မှုကြောင့် ထင်ပါရဲ့ ၂၀၂၀ပြည့်နေ့ ဖေဖော်ဝါရီလ ၁ရက်နေ့ ကျွန်တော်တို့ကို ဘိုးရင်း B7377-800 အထူးလေယျာဉ်ဖြင့်လာရောက်ခေါ်ဆောင်မည်ကို ဇန်နဝါရီလ ၃၁ရက်နေ့မှာသိခဲ့ရပါတယ်။ ကျွန်တော်တို့တစ်တွေ အတော်လေးပျော်ခဲ့ကြရပါတယ်။ ငါတို့နိုင်ငံက ငါတို့တစ်တွေကိုပစ်မထားဘူး။ ငါတို့ကိုရင်ဝယ်သားလိုစောင့်ရှောက်တယ်ဆိုပြီးတော့ ပါးပေါ်မှာမျက်ရည်စတွေကျမလာအောင်စိတ်တောင်ပြန်ထိမ်းရတဲ့အထိဝမ်းသာခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ တက္ကသိုလ် ၉ခုက ကျောင်းသား ၆၂ယောက်ကို ကား၂စီးနဲ့ ညနေ၃နာရီမှာပတ်ကြိုပါတယ်။ (တစ်ဦးက ပြည်နယ်ပြင်ပရောက်နေခဲ့ပါတယ်) ကျောင်းသားတွေကစုရပ်အသီးသီးမှာစောင့်နေပေါ့။ ကျွန်တော်တို့ CCNU ကအယောက် ၂၀ရှိတာဆိုတော့လူကများပါတယ်။ အဲ့အချိန်မှာတရုတ်ရဲတွေက လူစုလူဝေးနေလို့လာစစ်လို့ ငါတို့နိုင်ငံကလာခေါ်မှာ ပြန်ခေါ်မလို့လို့ အဲဗျာ သူတို့မယုံသလိုလို အဲ့ဒါနဲ့တရုတ်ကထွက်ထားတဲ့စာကိုပြလိုက်မှ ဘယ်အချိန်လာခေါ်မလဲ အမြန်ခေါ်ပြီးလူအများကြီးစုမနေနဲ့တဲ့ ကားနဲ့သွားပြီးလေဆိပ်ရောက်ပီ။

အဲ့မှာစတာပဲ အပူချိန်တိုင်းနေတဲ့ screenရှေ့မှာဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ရတယ်။ ကိုယ်တွေရှေ့ကလူ ၄/၅ယောက် ကဘာမှမဖြစ်လိုက်ဘူး။ ကျွန်တော်နဲ့သူငယ်ချင်း ၄ယောက်လည်းလျှောက်ကော မြည်လိုက်တာဗျ အဲ့ဘာလည်းမသိပေါ့။ စိတ်ကမှ သံသယလူနာတွေပြန်လို့မရဘူး ထာခဲ့မယ်ပါဆို ကိုယ့်နဖူးဖူးကိုပြန်စမ်းကြည့် ပြသနာကကျွန်တော်တို့တစ်တွေက အအေးပတ်ပြီးဖျားမှာစိုးလို့ အနွေးထည်တွေထူထည်စွာဝတ်ကြတာ အဲ့မှ အနွေးထည်ပြန်ချွတ် တာဝန်ကျကျန်းမာရေးဝန်ထမ်းနဲ့အပူချိန်တိုင်းတော့ ၃၆.၂ သာမန်အပူချိန်ရှိပါပဲ။ အဲဒါနဲ့ screenရှေ့အပြန်ပြန်လှမ်းပြန်လျှောက်ပေါ့။

ကျောင်းသား ၅၉ယောက်က အားလုံးအဆင်ပြေသွားပေမယ့် အပူချိန်တိုင်းတော့ ကျွန်တော့်သူငယ်ချင်း ညီလေးနဲ့ညီမလေးအပါအဝင် သံအရာရှိအစ်ကိုစိုးပြည့်ဝင်းတို့ အပူချိန်မြင့်လို့စိုပြီး သွေးဖောက်စစ်တာတွေလုပ်ရပါတယ်။ အမှန်ကသူတို့အပူချိန်ကလည်း ၃၇ ကျော်ရုံလေးပါ သာမန်အပူချိန်ပါပဲ ဒါပေမယ့်လေဆိပ်ကလည်း ၃၇ကျော်ရင်ကို မရဘူးဖြစ်နေတယ်။ ပုံမှန် လေယျာဉ်က ဒေသစံတော်ချိန် ၁၁နာရီ၂၅မိနစ်မှာထွက်ခွါမှာပါ။ ဒါပေမယ့်သံအရာရှိနဲ့ ကျောင်းသား၂ဦးကို ကျန်းမာရေးစစ်ဆေးပီးသည်အထိစောင့်ကြပါတယ်။ ကျန်းမာရေးစစ်ဆေးမှုအပြီး အားလုံးသာမန်အပူချိန်ထက်မြင့်တာကလွဲလို့ ကောင်းကြပါတယ်။ ဒါပေမယ့် immigartionကဝင်ခွင့်မပေးတော့တာလို့သိရပါတယ်။

ဒေစံတော်ချိန် ၂နာရီမှာတော့ သံမှူးကြီးနဲ့ လေယျာဉ်မှူးတို့ရဲ့ဆုံးဖြတ်ချက်အရ ၅၉ယောက်နဲ့ ထွက်ခွါဖို့လုပ်ပါတော့တယ်။ အဲ့အချိန်မှာ ကျန်ခဲ့တဲ့သူတွေအတွက် အင်မတန်မှစိတ်မကောင်းဖြစ်မိရပါတယ်။ သူတို့တွေဘယ်လောက်အားငယ်လိုက်မလဲ (အမြန်ဆုံးအမိမြန်မာနိုင်ငံကိုပြန်လာရပါစေလို့ဆုတောင်းနေပါတယ် အားလုံးလည်းဆုတောင်းပေးကြပါနော် ခုတော့ သံအရာရှိအပါအဝင် သူငယ်ချင်းနှစ်ယောက်လည်း ဝူဟန်မြို့မှာပိတ်မိနေဆဲပါ)

ကျွန်တော်တို့တွေတော့ boarding pass ကိုဖြတ်ပီး လေယျာဉ်ဆီသွား တဲ့အချိန် ဦးခေါင်းခန်းထဲကနေလေယျာဉ်မှူးကြီး ၃ဦးထင်ပါတယ် လက်တွေဝှေ့ယမ်းပြတယ်။ သူတို့တစ်တွေ မြန်မာကျောင်းသားတွေကိုဝမ်းသာစွာကြိုဆိုပါတယ်ပေါ့။ ရင်ထဲမှာတကယ့်ကိုကြည်နူးပြီးပျော်ရွင်မိပါတယ်။ လေယာဉ်ပေါ်မှာလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ လေယျာဉ်မောင်တွေ လုံခြုံရေးဝန်ထမ်းတွေကလည်း အားပေးစကားပြောပေးပါတယ်။ (ခုသူတို့လည်း ကျွန်တော်တို့လို ၁၄ရက် quarantine ဝင်ရတယ်လို့သိရပါတယ်) ဖေဖော်ဝါရီလ ၂ရက်နေ့ ဒေသစံတော်ချိန် ၄နာရီ၅မိနစ်မှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ပါတယ် လေဆိပ်လည်းရောက်ရော ကိုယ့်အမိမြေလည်းပြန်ခြေချရော ဝမ်းသာလိုက်တာဆိုတာဗျာ ပြောမပြတတ်အောင်ပါ။ နိုင်ငံတော်အစိုးရက မိမိနိုင်ငံသားများကိုအမှန်တကယ်တန်ဖိုးထားတယ်ဆိုတာသိခဲ့ရပါတယ် အဲ့ဒီအချိန်မှာ လေယျာဉ်နားမှာ ပိုးသတ်ဖို့လားမသိစောင့်နေတဲ့တာဝန်ကျဝန်ထမ်းတွေ ကားဆရာတွေကလည်း ကျွန်တော်တို့ကိုကြိုဆိုပါတယ်ဆိုတဲ့သဘောနဲ့လက်ပြနှုတ်ဆက် ပြုံးပြတာ တွေဟာ တန်ဖိုးဖြတ်လို့မရတဲ့ကျေးဇူးတွေပါ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အကြီးအကဲများ နှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနမှနိုင်ငံတော်အကြီးအကဲများ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့ရှိ သံမှူးကြီးဦးဟန်ဝင်းအောင် သံအရာရိအစ်ကိုဦးစိုးပြည့်ဝင်းနှင့် ဝန်ထမ်းများအားလုံး မြန်မာအမျိုးသားလေကြောင်းလိုင်း MNAမှအကြီးအကဲများ လေယျာဉ်မှူးကြီး Capt Khup Khan Maung ဦးဆောင်သည့် Volunteers လေယျာဉ်ဝန်ထမ်းများကျန်းမာရေးဝန်ထမ်းများ နှင့် လုံခြုံရေးဝန်ထမ်းများအားလုံး မန္တလေးမြို့မှာနှစ်ပတ်ကြာ quarantineနေရမယ့် ကန်တော်နဒီဆေးရုံမှာ အသေးငယ်ဆုံးသွားကြားထိုးတံ မစားရတာကြာပြီဖြစ်တဲ့ကောင်းမွန်လှသောမြန်မာအစားအစာများ စောင် ခြင်ထောင် ခေါင်းအုန်း တံဘက် မြန်မာလုံချည်များ အင်္ကျီ ရေနွေးဓာတ်ဘူး စာကြည့်စားပွဲ အဝတ်လျှော်ဇလုံ Myanmar Net WiFi MPT SimCard Alpineသောက်ရေသန့် မြို့တော်ဘီစကစ် SPမုန့် Pocari Sweatအားဖြည့်အချိုရည် အဝတ်လှန်းစင် ချိတ် ပန်းကန် ဇွန်းမှအစ ရှမ်းရွှေတောင်လဘက်နှပ်များ အကြမ်းစီးဖိနပ် လက်ဆေးဆပ်ပြာ သွားတိုက်ဆေးဘူး နားကြားထိုးတံ အမျိုးသားများအတွက်မုတ်ဆိတ်ရိတ်စက် သွားတိုက်တံအဆုံးအစရှိတဲ့လိုအပ်တာမှန်သမျှဖြည်းဆည်းပေးသော မန္တလေးမြို့တော်ဝန် ဒေါက်တာဦးရဲလွင်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ နေ့စဉ်အင်အားပြည့်အောင်ကျွေးသောအာဟာရအလှူရှင်များ လုံခြုံရေးအတွက်ပြည်ထဲရေးမှဝန်ထမ်းများမန္တလေးမြို့သူမြို့သားများအားလုံး ကန်တော်နဒီဆေးရုံကိုကျွန်တော်တို့အဖွဲ့ပြန်ရောက်လျှင်သန့်ရှင်းသပ်ရပ်စွာနေနိုင်အောင် စီစဉ်ပေးထားသောသန့်ရှင်းရေးဝန်ထမ်းများအားလုံး ၁၄ ရက်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောကိမှုနှင့်လိုအပ်တာဖြည့်ဆည်းပေးသောဝန်ထမ်းများအားလုံး ကျွန်တော်တို့ကျောင်းသားအဖွဲ့အမိမြန်မာပြည်ကိုဘေးအန္တရာယ်ကင်းစွာပြန်လာနိုင်အောင်ဆုတောင်းပေးကြတဲ့ တစ်မြေတည်းတစ်နေတစ်ရေတည်းသောက်မြန်မာပြည်သူပြည်သားများအားလုံး ကျွန်တော်တို့ ဝူဟန်မှာရှိနေစဉ် အခက်အခဲများနှင့်ကျန်းမာရေးအခြေအနေများသိအောင်ပြောကြားပေးသောသတင်းမီဒီယာများအားလုံး ကျွန်တော့်ကိုစိတ်ပူပင်ပေးကြပြီး စာနာကူညီအားပေးစကားပြောကြားပေးသောဆရာ ဆရာမများ လုပ်ဖော်ကိုင်ဖက်များ သူငယ်ချင်းများ တပည့်များအားလုံးရဲ့ကျေးဇူးကိုအမြဲအောက်မေ့သတိရနေမှာပါ။

ခုတော့ ကျွန်တော်တို့တစ်တွေကိုဖေဖောဝါရီလ၂ရက်မှ စပြီး ၁၄ရက်အကြာ မန္တလေးမြို့ ၆၂လမ်းက ကန်တော်နဒီဆေးရုံမှာ quartine ချထားပါတယ် ကျောင်းသားအားလုံးလည်းခချိန်ထိကျန်းကျန်းမာစွာရှိပါတယ် ၁၄ရက်တာကာလပြည့်ပြီးရင်တော့ ဝိတ်တွေတောင်တက်လာမလားပဲ quarantine ချတာနဲ့တောင်မတူပါဘူးဗျာ။ မန္တလေးမြို့တော်ဝန်နှင့်တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့စေတနာတွေကို အထင်သားလက်တွေ့ခံစားနေရတယ်။ စီစဉ်ထားပေးမှုကလည်းလိုအပ်ချက်လုံးဝမရှီဘဲ ထောင့်စေ့သေချာလွန်းပါတယ်။ ဆေးရုံကလည်းပြင်ပပုဂ္ဂလိကဆေးရုံကြီးတွေထက်မသာရင်တောင် တန်းတူရှိပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး သန့်ရှင်းရေးဝန်ထမ်းများရဲ့မေတ္တာစေတနာတွေကိုအထင်းသားမြင်နေရပါတယ်။

အစားအသောက်ကိုလည်း ကျွန်တော်တို့တောင့်တနေတဲ့ မြန်မာအစားအစာတွေကို တစ်နေ့သုံးနပ်အာဟာရရှိအောင်ချက်ပြုတ်ကျွေးမွေးပြီး နေ့လည်မှာဆိုအလှူရှင်တွေက ဖြည့်စွက်စာတောင်လာကျွေးသေး ကိုယ်တွေပျော်ပွဲစားများထွက်လာသလားတောင်ထင်ရပါတယိ ဝန်ထမ်းတွေကလည်းကျွန်တော်တို့အဖွဲ့တွေဟာရောဂါဖြစ်ပွါးမှုအစပြုခဲ့တဲ့Wuhanမြို့ကလာခဲ့တာဆိုတော့ ရောဂါလက္ခဏာမရှိကျန်းမာရေးကောင်းမွန်သော်လည်း ဒီ quarantine ကာလမှာ အလုပ်လုပ်ပုံတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကစံချိန်စံညွှန်းထက်တောင်သာသေးတယ်ထင်ပါ့ စည်းစနစ်ကျလွန်းလှပါတယ်။ တစ်ခြား Indonesia တို့ India တို့ quarantine ချတာ hall ခန်းကြီးမှာနေရတာပါ။ ကျွန်တော်တို့ဆို တစ်ခန်းနှစ်ယောက်နဲ့ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။

ဝူဟန်မြို့မှာကျန်နေခဲ့တဲ့ သံအရာရှိနဲ့မြန်မာကျောင်းသား၂ဦးလည်း အမြန်ပြန်လာရပါစေ။ ဒီရောဂါကိုအဓိကခံစားနေကြရသော ဝူဟန်မြို့သူမြို့သားများ တရုတ်ပြည်သူများနှင့် အခြားနိုင်ငံများမှပြည်သူများလည်းအမြန်ကျော်လွှားနိုင်ကြပါစေ။ ဝူဟန်မြို့ကြီးလည်း နဂိုအတိုင်းပြန်လည်အသက်ဝင်ပါစေ။

Pray for Wuhan.. Pray for China P.R.C… Pray for the World…

(ကျေးဇူးတင်ထိုက်သူများအားကျေးဇူးတင်ဂါရဝါပြုလျက် ကျေးဇူးတင်ရန်ကျန်ရှိသူများလည်းခွင့် လွှတ်ပေးကြပါခင်ဗျ)

Kyaw Min Latt
လေးစားစွာဖြင့် Blacker