ခဏလေးရပ်နားထားသည့်ကားကို ခိုးယူသွားသည့်ဖြစ်စဉ်တစ်ခု မန္တလေးလေဆိပ်၌ ဒီဇင်ဘာလ ၁၃ ရက်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။တံတားဦးမြို့နယ်၊ မန္တလေးလေဆိပ်အတွင်းဖွင့်လှစ်ထားသော “888” လက်ဆောင်အရောင်းပစ္စည်းဆိုင်၌ မန်နေဂျာစိုးသူရနောင်(၂၂)နှစ် ဒီဇင်ဘာလ ၁၃ ရက်၊ ညနေ ၅ နာရီကျော်တွင် ကိုယ်တိုင်မောင်းလာသည့် YGN 6D/×××× Mark II ယာဉ်ကို လေဆပ်ကားပါကင်၌ ခေတ္တရပ်နားထားခဲ့သည်။

ထို့နောက်ကိစ္စများအပြီး ကားပါကင်သို့ပြန်လာစဉ် ၎င်း၏ကားများပျောက်ဆုံးသွားသဖြင့် မန္တလေး၊ လေကြောင်းရဲတပ်ဖွဲ့ထံအကြောင်းကြား၍ အကူအညီတောင်းခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များကလည်းပူးပေါင်း၍ရှာဖွေစုံစမ်းပေးခဲ့ကြသည်။

လေကြောင်းရဲတပ်ဖွဲ့သည် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့နှင့်စကားအင်းအမြန်ယာဉ်လမ်းမကြီးရဲတပ်ဖွဲ့တို့ကိုချိတ်ဆက်ကာ ပျောက်ဆုံးနေသည့် YGN 6D/×××× Mark II ယာဉ်ကို စုံစမ်းရှာဖွေခဲ့ရာ ည ၈ နာရီခွဲ(အချိန် ၃ နာရီအတွင်း)၌ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပျော်ဘွယ်မြို့၊ မြို့ဝင်မောင်းတံဂိတ်တွင် ပျော်ဘွယ် မြို့မရဲစခန်းမှူးဦးစီးသောပူးပေါင်းအဖွဲ့မှ ဇာနည်အောင်(၃၅)နှစ်နှင့် မလှမျိုးအောင်တို့၂ ဦးကို အဆိုပါယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ယာဉ်ကိုခိုးယူမောင်းနှင်သွားသည့် ဇာနည်အောင်နှင့်မလှမျိုးအောင်တို့ကို တံတားဦးလေဆိပ်နယ်မြေရဲစခန်းက (ပ)၅၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၉ (ခိုးမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Source-အကုန်သိ