ရန် ကုန်မြို့ရှိ မြောက်ဥက္ကလာဝေဘာဂီဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၃ ဦးအထိ ရောက်ခဲ့ပြီး တစ်ဦးမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဆေးရုံမှပြန်လည်ဆင်းသက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

ဆေး ရုံမှဆင်းခွင့်ပြုသူမှာ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ရန်ကုန်လေဆိပ်သို့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံသားဖြစ်ပြီး ၎င်းထံတွင် ရောဂါပိုးမရှိသည့်အတွက် ယခုကဲ့သို့ ဆေးရုံမှပြန်ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

အ လားတူ ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင်နေထိုင်သူ ထိုင်ဝမ်နိုင်ငံသား အသက် ၁၅ နှစ်အရွယ်သည် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ဖျားခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊

အသက်ရှုကြပ်ခြင်းရောဂါလက္ခဏာများဖြင့် လာရောက်ပြသသည်ကို အကြောင်းကြားခဲ့ရာ သက်ဆိုင်ရာပြည်သူ့ ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်အားသုံးသပ်ပြီး

သံသယလူနာအဖြစ်သတ်မှတ်ကာ ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသပေးလျှက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့၊ နဝဒေးအိမ်ရာတွင် နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား အသက်၃၂ နှစ်ကို သံသယလူနာအဖြစ် လှိုင်သာယာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး သီးသန့်လူနာခန်းဖြင့် စောင့်ကြည့်စစ်ဆေးပြီး ဝေဘာဂီဆေးရုံသို့ဆက်လက်ပို့ဆောင်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ပြည်ပမှဝင်ရောက်သည့် အဓိကဝင်ပေါက်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဓိကထားစောင့်ကြည့်မှုများပြုလုပ်နေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို လေဆိပ်တွင်အင်အားတိုးမြှင့်ချထားပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်နေကြောင်း၊

နေ့စဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးသည် ခုနှစ်ထောင်ခန့် ဝင်ရောက်မှုများရှိနေရာ တရုတ်နိုင်ငံမှလာရောက်သည့် ခရီးစဉ်မှာ ၂၆ ခုအထိရှိကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

တရုတ်နိုင်ငံမှ လာရောက်သည့် ခရီးသည်များသည် Health alert Card များဖြည့်စွက်ရာတွင် ပြည့်စုံစွာစစ်ဆေးမှုမရှိခြင်း၊ အမှားများဖြည့်စွက်ထားခြင်းများရှိသည့်အတွက် လိုက်လံရှာဖွေရာတွင် ခက်ခဲသည့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်း

ယခုအခါ ၎င်းကဒ်များဖြည့်စွက်ရာတွင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားကြောင်း အဆိုပါဦးစီးဌာနထံမှသိရသည်။

thevoicedaily