ဓါတ်ပုံ – အမျိုးသားလွှတ်တော် (ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ကို ၂၀၂၀၊ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်)

အခြေခံ ပညာ စာသင်ကာလကို မတ်လအထိ တိုးမြှင့်ဖို့ဆိုတဲ့ကိစ္စကို ပြန်လည်သုံးသပ်ပြီး မူလအတိုင်း ပြန်လည်ထားရှိဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကို ဒီနေ့ ကတိပေးလိုက်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ နေပြည်တော် လွှတ်တော်ဝန်းအတွင်းမှာ ဒီနေ့တွေ့ဆုံရာမှာ ကတိပေးလိုက်တာဖြစ်ပါတယ်။

မကြာခင်မှာ စာသင်ကာလ စာမေးပွဲရက်တွေကို ကြေငြာချက် ထုတ်ပြန်မှာဖြစ်ပြီး အရင်နဲ့ မကွာတဲ့ရက်တွေ ပြင်ဆင်သတ်မှတ်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ ဒါပေမဲ့ စာမေးပွဲရက်အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး

အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအကြံပေးကော်မတီဝင် ကိုအောင်အောင်ကျော်ကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲရက်ကို မူလအတိုင်း စစ်ဆေးသွားမှာဖြစ်ပြီး အစိုးရစစ်စာမေးပွဲဖြစ်တဲ့ စတုတ္ထတန်းနဲ့ အဌမတန်း စစ်ဆေးမှုတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ကျင်းပဖို့၊ ကျန်တဲ့ ကျောင်းတွင်း စစ်ဆေးမှုတွေကို တက္ကသိုလ်ဝင်တန်း စာမေးပွဲမတိုင်ခင် စစ်ဆေးဖို့ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက တင်ပြခဲ့တာကို ပြည်ထောင်စုဝန်ကြီးက သဘောတူလက်ခံခဲ့တာလို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် ပညာရေးအဆင့်မြှင့်တင်မှုကော်မတီနဲ့ အခြေခံပညာသမဂ္ဂတွေ တွေ့ဆုံခဲ့စဉ်က အောက်ခြေမှာ ဖြစ်ပျက်နေတဲ့အခက်အခဲတွေကို တင်ပြခဲ့တာဖြစ်ပြီး အခုလို သဘောတူညီချက်ဟာ သူတို့တောင်းဆိုချက်တဲ့ ကွာဟမှု သိပ်မရှိဘူးလို့လည်း ကိုအောင်အောင်ကျော်က ဆိုပါတယ်။

အခြေခံပညာအဆင့် ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေအနေနဲ့ ဒီနှစ်မှာ မူလအတိုင်းစာမေးပွဲကို စစ်ဖို့တောင်းဆိုခဲ့ပြီး လိုအပ်ရင် နောင်နှစ်တွေမှာ အောက်ခြေနဲ့ညှိပြီး အဆင်ပြေတဲ့ ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်လို့ ကိုအောင်အောင်ကျော်က ပြောပါတယ်။ အခြေခံပညာစာသင်နှစ်ကို မတ်လအထိ တိုးမြှင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အခြေခံပညာသမဂ္ဂတွေနဲ့ ပညာရေးတက္ကသိုလ်၊ ကောလိပ်တွေက ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ကန့်ကွက်နေကြတာဖြစ်ပါတယ်။

RFA Burmese