ကွမ် ကျိုး- ရန်ကုန် လေယာဉ်ဖြင့်လိုက်ပါလာသောတရုတ်နိုင်ငံသားတွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါပိုး မရှိ၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံမှဆင်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

တ ရုတ်ပြည် ကွမ်ကျိုးမှ ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၁ဝး၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် တစ်ဦးတွင် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အဆိုပါ တရုတ်အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ယင်းအပြင် အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း ၊ အလားတူ ၎င်းနှင့် အတူ လေယာဉ်တစ်စီးတည်းလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးမှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) မလိုအပ်တော့သဖြင့် အားလုံးကိုဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဌာနကသတင်းထုတ်ပြန်မှုအရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ စုစုပေါင်း ၄ ဦးရှိနေကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ (၃၁-၁-၂၀၂၀) ရက်နေ့တွင် ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားသည် (၂-၂-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်မားသဖြင့် နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် သွားရောက်ပြသခဲ့ရာ အဆိုပါ ဆေးခန်းမှ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ကြောင်း၊ အဆိုပါ အမျိုးသားအား နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးရှိသီးခြားခန်းတွင်ထားရှိကုသကာ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်းလက္ခဏာများတွေ့ရှိရသဖြင့် သံသယလူနာအဖြစ်သတ်မှတ်၍ ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ၎င်းထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈နာရီ ၂၅ တွင် သတင်းထုတ်ပြန်ခဲ့သည်။

နောင်တစ်မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၃၁.၁.၂၀၂၀)ရက်နေ့တွင် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား၊ အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦးသည် (၁.၂.၂၀၂၀)ရက်နေ့တွင် ကိုယ်ပူချိန်မြင့်တက်ခဲ့သဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပြသခဲ့ကြောင်း၊ အဆိုပါကလေးငယ်ကို အသေးစိတ်စစ်ဆေးခဲ့ရာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော 2019 Novel Coronavirus ရောဂါ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း၊ သို့သော်လည်း ပိုမိုသေချာမှုရှိစေရေးအတွက် စောင့်ကြည့်လူနာ (person under investigation) အဖြစ် သတ်မှတ်ထားရှိပြီး သီးခြားခန်းတွင်ထားရှိကာ ကုသပေးလျက်ရှိကြောင်း ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၆နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

နောက်တစ်မှုအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံသား အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှတစ်ဆင့်(၁၆.၁.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး (၂-၂-၂၀၂၀) ရက်နေ့တွင် ချောင်းဆိုးရာ၌သွေးစအနည်းပါခြင်းဖြစ်ပွားသဖြင့် ညောင်ရွှေပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တောင်ကြီးစပ်စံထွန်းဆေးရုံသို့ စနစ်တကျ လွှဲပြောင်းကာ သီးခြားခန်းတွင်ကုသမှုပေးခဲ့ကြောင်း၊ အဆိုပါလူနာအား အသေးစိတ်စစ်ဆေးခဲ့ရာ လွန်ခဲ့သော (၁၄) ရက်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးသွားရာဇဝင်မရှိခဲ့ခြင်း၊ ပြင်းထန် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ဖြစ်ပွားသူ လူနာများအား ကုသကိုင်တွယ်သူ ကျန်းမာရေးဝန်ထမ်းများ (သို့မဟုတ်) ဓာတ်ခွဲအတည်ပြုလူနာနှင့် နီးကပ်စွာထိတွေ့ခဲ့မှုမရှိခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော 2019 Novel Coronavirus ရောဂါ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း၊ သို့သော်လည်း ပိုမိုသေချာမှုရှိစေရေးအတွက် စောင့်ကြည့်လူနာ (person under investigation) အဖြစ် သတ်မှတ်ထားရှိပြီး သီးခြားခန်းတွင်ထားရှိကာ ကုသပေးလျက်ရှိကြောင်း ဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂ ညနေ ၆ နာရီသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်တစ်မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့မှ (၂၀-၁-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက် (၃၈) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ၎င်းအားသံသယလူနာအဖြစ်သတ်မှတ်၍ မင်းပြားဆေးရုံ၌ သီးသန့်ခန်း (Isolation ward)တွင် ထားရှိ၍ လူနာအား လိုအပ်သောဆေးကုသမှုများ ပေးပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ တွင် သတင်းထုတ်ပြန်ခဲ့သည်။

နောက်တစ်မှုအနေဖြင့် (၁၉-၁-၂၀၂၀) ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှအသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ (၁-၂-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံရှိ သီးခြားခန်း (isolation room) ၌ ထားရှိကုသလျက်ရှိပြီး၊ လူနာ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း၊ လူနာနှင့် ထိစပ်မှုရှိသည့် မိသားစုဝင်စုစုပေါင်း (၅) ဦးအား ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ဝန်ကြီးဌာန၏ ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်တစ်မှုအနေဖြင့် (၁-၂-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဖျားခြင်း၊ ချောင်ဆိုးသွေးပါခြင်း၊ အသက်ရှူကြပ်ခြင်းရောဂါလက္ခဏာများဖြင့် လာရောက်ပြသခဲ့သူ အသက် (၁၅) နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားကလေးတစ်ဦးရှိကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ပြည့်သူ့ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်အားသုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ် ပြီး ဝေဘာဂီဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်းကုသမှု ပေးခဲ့ကြောင်း၊ 2019 Novel Coronavirus ရောဂါ ရှိ၊ မရှိ အတည်ပြုစစ်ဆေးရန်အတွက် လူနာထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး၊ ညွှန်းပို့ ဓါတ်ခွဲခန်းများသို့ ပေးပို့ပြီး စစ်ဆေး လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source – NA