ထို င်းနိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အမျိုးသမီး တစ်ဦးကို စမ်းသပ်အဆင့် ကုထုံးတစ်ခုနဲ့ ကုသပေးပြီးတဲ့နောက် အားရ ကျေနပ်စရာ ရလဒ်ကောင်းတွေ တွေ့မြင်လာရကြောင်း သိရပါတယ်။

ထိုင်းကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အသက် ၇၁ နှစ်အရွယ် တရုတ် အမျိုးသမီးဟာ စမ်းသပ်ကုသမှုအပြီး ၄၈ နာရီ အကြာမှာ ဗိုင်းရပ်စ် ကင်းစင်တဲ့ အဆင့်ကို ရောက်လာကြောင်း ဖော်ပြထားပါတယ်။

ထိုင်းဆေးရုံ တစ်ခုမှာ HIVနဲ့ တုပ်ကွေး ဗိုင်းရပ်စ်တွေကို တိုက်ဖျက်တဲ့ ဆေးဝါးတွေ စမ်းသပ် ရောစပ်ပြီး လူနာ အမျိုးသမီးကို ကုသခဲ့တာလို့ ထိုင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြန်ကြားရေး အရာရှိ ဒေါက်တာ ကရိန်ဆက်ခ် အက်တီပွန်ဝါနစ်ခ်ျက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ အမျိုးသမီးဟာ မူလက အားအင်ကုန်ခန်း နွမ်းနယ်နေခဲ့ပေမယ့် ကုသမှု စတင် ခံယူပြီး ၁၂ နာရီ အကြာမှာ ထူထူထောင်ထောင် ပြန်ဖြစ်လာကြောင်း၊ ၄၈ နာရီ အကြာမှာတော့ ဓာတ်ခွဲခန်း စစ်ဆေးမှုတွေအရ လူနာဆီမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရတောကြောင်း ဒေါက်တာ ကရိန်ဆက်ခ်က မှတ်ချက် ပေးခဲ့ပါတယ်။

ဆရာဝန်တွေဟာ တုပ်ကွေး ကုသတဲ့ Oseltamivir ဆေးဝါးကို HIV ဗိုင်းရပ်စ် ကုသမှုနဲ့ ကာကွယ်မှုတွေမှာ အသုံးပြုတဲ့ Lopinavir/ Ritonavir ဆေးဝါးတွေနဲ့ ပေါင်းစပ်ပြီး လူနာအတွက် စမ်းသပ် ကုသကြည့်ခဲ့တာလို့ ဆိုပါတယ်။

စမ်းသပ်ကုထုံးရဲ့ နောက်ဆက်တွဲ အခြေအနေတွေက လက်ရှိ အခြေအနေထိတော့ အားရစရာ ဖြစ်နေပြီး သုတေသန ရလဒ်တွေ တိတိကျကျ ထွက်ပေါ်လာတဲ့ထိ ကျန်းမာရေး ဝန်ကြီးဌာနက စောင့်ဆိုင်းနေဆဲလို့ သိရပါတယ်။ လူနာရဲ့ အနေအထား အရတော့ ကုသမှု အပြီးမှာ နာလန်ပြန်ထတာလည်း မြန်ဆန်နိုင်လိမ့်မယ်လို့ ဆရာဝန်တွေက မျှော်လင့်နေပါတယ်။

ထိုင်းက ဆရာဝန်တွေဟာ ဒီတွေ့ရှိချက်ကို ဆေးပညာဂျာနယ် တစ်ခုဆီ အသိပေး မျှဝေခဲ့သလို နောက်ထပ် လူနာတွေကိုပါ စမ်းသပ် ကုသဖို့ ပြင်ဆင်နေကြပါတယ်။

ဆေးဝါးနှစ်မျိုး ရောစပ်ကုသတဲ့ နည်းလမ်းဟာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး အခြေအနေ အတော် ပြင်းထန် ဆိုးရွားနေတဲ့ လူနာတွေမှာပါ ထိရောက်မှု ရှိနိုင်မယ်လို့လည်း ဆရာဝန်တွေက ယုံကြည်နေပါတယ်။

ထိုင်းမှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ တွေ့ရှိတာ ၁၉ ဦးထိ ရှိနေပြီး တရုတ်နဲ့ ဂျပန်ပြီးရင် အများဆုံး ဖြစ်ပါတယ်။

မူလက ထိုင်းမှာ တွေ့ရှိတဲ့ ရောဂါပိုး ကူးစက်ခံထားရသူ အားလုံးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ လူအချင်းချင်း ကူးစက်မှုအဖြစ် ထိုင်းနိုင်ငံသား တက္ကစီ ယာဉ်မောင်း တစ်ဦးမှာပါ ရောဂါပိုး ရှာတွေ့လာခဲ့ပါတယ်။

လောလောဆယ် ထိုင်းမှာ ကူးစက်ခံလူနာ ၈ ဦးက ရောဂါသက်သာလို့ အိမ်ပြန်ခွင့် ရခဲ့ကြပြီး ၁၁ ယောက်ကတော့ ဆေးရုံမှာပဲ ရှိနေဆဲပါ။

တရုတ်အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ ဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံ ၂၇ ခုမှာ လူပေါင်း တစ်သောင်းခွဲ နီးပါးကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၃၀၅ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။ လက်ရှိ အချိန်ထိတော့ ဒီဗိုင်းရပ်စ်အတွက် ကုသဆေးရော၊ ကာကွယ်ဆေးရော မရှိသေးပါဘူး။

အမေရိကန် ဇီဝနည်းပညာ ကုမ္ပဏီ Gilead Sciencesကလည်း ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တယ်လို့ ယုံကြည်ရတဲ့ ဆေးဝါးတစ်မျိုး သုတေသနပြု တီထွင်ထားပြီး လူနာတွေမှာ လက်တွေ့ စမ်းသပ်ကြည့်ဖို့ ဆရာဝန်တွေကို တိုက်တွန်းထားကြောင်း သိရပါတယ်။

ဓာတ်ပုံ − EPA

Credit – 7day