တ ရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု မြန်မာနိုင်ငံတွင် သံသယလူနာ ၆ ဦးထိ ရှိလာပြီး ကျိုင်းတုံ၊ မင်းပြားနှင့် ရန်ကုန်တွင် တွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာန ယနေ့ သတင်းထုတ်ပြန်သည်။

မင်းပြားမြို့နယ်မှ ၀ူဟန်ဗိုင်းရပ်စ်သံသယလူနာ

ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့မှ ဇန်န၀ါရီလ ၂၀ ရက်နေ့ တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက် (၃၈) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးအား သံသယလူနာအဖြစ်သတ်မှတ်၍ မင်းပြားဆေးရုံ၌ သီးသန့်ခန်း (Isolation ward) တွင် ထားရှိ၍ လူနာအား လိုအပ်သောဆေးကုသမှုများ ပေးပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။

ကျိုင်းတုံမြို့နယ်မှ ၀ူဟန်ဗိုင်းရပ်စ်သံသယလူနာ

ဇန်န၀ါရီလ ၁၉ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှအသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ (၁-၂-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံရှိ သီးခြားခန်း (Isolation room) ၌ ထားရှိကုသလျက်ရှိပြီး၊ လူနာ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါကြောင်းလူနာနှင့် ထိစပ်မှုရှိသည့် မိသားစုဝင်စုစုပေါင်း (၅) ဦးအား ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်မြို့မှ ၀ူဟန်ဗိုင်းရပ်စ်သံသယလူနာ

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဖျားခြင်း၊ ချောင်ဆိုးသွေးပါခြင်း၊ အသက်ရှူကြပ်ခြင်းရောဂါလက္ခဏာများဖြင့် လာရောက်ပြသခဲ့သူ အသက် (၁၅) နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားကလေးတစ်ဦးရှိကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ပြည့်သူ့ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်အားသုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ်ပြီး ဝေဘာဂီဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်းကုသမှု ပေးခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လာသည့် မြန်မာကျောင်းသား ၅၉ ဦးသည် မန္တလေး မြို့ရှိ တံတားဦးလေဆိပ်သို့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာရီ ၂ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မန္တလေးမြို့ရှိ ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ကာ စောင့် ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် တရုတ်နိုင်ငံအတွင်း ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ ၁၄၃၀၀ ကျော် ရှိကာ သေဆုံးသူ ၃၀၀ ကျော်လာပြီး တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံး သေဆုံးမှုအဖြစ် ဖိလစ်ပိုင်တွင် ဒုတိယမြောက် ကူးစက်လူနာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Credit-Blacker