ရေး သားသူ – ဒေါက်တာရဲလွင် (မန္တလေးမြို့တော်ဝန်)

ဝူ ဟန်ကပြန်လာမဲ့ ကျောင်းသားများ ခေတ္တနားနေမဲ့ ကန်တော်နဒီဆေးရုံ အပြီးသတ်ပြင်ဆင်နေမှုများကို မနက်ကတစ်ကြိမ် ညနေပိုင်းတစ်ကြိမ်စစ်ဆေးပြီး လိုအပ်ချက်များထပ်မံဖြည့်ဆည်းပေးခဲ့ပါတယ်။ အခန်းထဲမှာပဲ ၂ပတ်ကြာနေရမဲ့သူတွေအတွက်လိုအပ်ချက်တွေက စဉ်းစားလေပေါ်လာလေပါ။ သာမန်လူတစ်ယောက်အနေနဲ့ လိုရင်လိုသလိုထွက်ဝယ်လို့ရပေမဲ့ Quarantine လုပ်ထားတဲ့သူတွေအတွက် ကြိုစဉ်းစားဖြည့်ဆည်းပေးမှ အဆင်ပြေမှာပါ။ သွားကြားထိုးတံ၊ ခြင်ဆေးဘူး၊ အမျိုးသမီးလစဉ်သုံးကအစ ထောင့်စေ့အောင်စီစဉ်ပေးထားပါတယ်။

ဆေးရုံကပြန်ခါနီးမှ သတိရလိုက်တာက ရာဘာဖိနပ်ပါ။ လိုအပ်မဲ့သူတွေအတွက် နောက်နေ့မှ ဝယ်ပေးလိုက်ပါမယ်။ လုံခြုံရေးကို အထူးတင်းကြပ်ထားလို့ အမြဲတာဝန်ကျ ဆရာဝန် ဆရာမ နဲ့ ဝန်ထမ်းနှစ်ဦးသာ အမြဲရှိပြီး အပြင်လူတွေလုံးဝအဝင်မခံပါဘူး။ အမှိုက်ပုံးကြီးကိုတစ်နေ့ တစ်ကြမ်သိမ်းပေးပါမယ်။ အခန်းရှေ့ကအမှိုက်ပုံးအသေးအထိ လိုက်မသိမ်းပေးပဲ ကျောင်းသားတွေကိုယ်တိုင် ပုံးသေးက ပလပ်စတစ်အိပ်ကို ပုံးကြီးထဲ သွားထည့်ရမှာပါ။ exposure တတ်နိုင်သမျှနည်းအောင်ပါ။

အစားအသောက်၊ ရေ၊ လျှပ်စစ်ရေနွေးဓာတ်ဘူး၊ အမှိုက်ပုံစွပ်တဲ့ ပလပ်စတစ်အိပ် စတာတွေကို တာဝန်ကျအခန်းနဲ့အနီးဆုံးအခန်းမှာထားပေးပြီး၊ နေ့စဉ် အစားအသောက်တွေ ထားပြီးတာနဲ့ bell နဲ့ အသိပေးမှာပါ။ CCTV ၅ခုလည်းတပ်ဆင်ထားပါပြီ။ စပီကာတွေပါတပ်ဆင်ပြီး လျှေက်လမ်းမှာ စုပြုံစကားပြောနေရင် လူခွဲဖို့ သတိပေးမှာပါ။ သီးသန့်နေရတာခက်ခဲမှန်းသိပေမဲ့ ကမ္ဘာ့ကျန်းမာရောအဖွဲ့ရဲ့ လမ်းညွှန်ချမှတ်ချက်တွေအတိုင်းလုပ်ရတာပါ။

လုံခြုံရေးတပ်ဖွဲ့ကိုလည်း ပြောစကားနားမထောင်ပဲ အတင်းဝင်လာချင်သူကို လေးခွ၊ ရာဘာကြည်နဲ့ပါ ပစ်ခွင့်ပေးထားပါတယ်။ ပြည်သူအားလုံးရဲ့ ကျန်းမာရေးအတွက်ကြောင့်ပါ။

မန္တလေးမြို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာကောင်းအတိုင်း မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်ရှင်များအသင်းက ကျောင်းသားများအပြင် တာဝန်ကျကျန်းမာရေးဝန်ထမ်းများနဲ့ လုံခြုံရေးဝန်ထမ်းအားလုံး လူ၈၀စာအတွက် မနက်စာ၊ နေ့လည်စာနဲ့ ညစာ ၁၄ရက်စလုံးအတွက် တာဝန်ယူ လှူဒါန်းသွားပါမယ်။

မနေ့က အစားအသောက်အတွက်လှူထားတဲ့ ငွေကျပ် ၁၀ သိန်းကို အလှူရှင်ရဲ့သဘောတူညီချက်နဲ့ လိုအပ်တဲ့ ပစ္စည်းများထပ်မံဝယ်လိုက်ပါတယ်။

လူမနေထိုင်တာကြာပြီဖြစ်တဲ့အပြင် ရွှံအိုင်များ ပေါင်းပင်များထူထပ်လို့ fogging လုပ်ပြီး ၂ရက်နေတာတောင် ခြင်အရမ်းကိုက်လို့ ဒီနေ့ fogging ထပ်လုပ်၊ Malathion spray ဖြန်းပြီး ရေကိုတတ်နိုင်သလောက်စုပ်ထုတ်ပြီးမှ အင်ဂျင်ဝိုင်အဟောင်းပါ ဖြန်းခဲ့လို့ ဒီနေ့ည ခြင်ကိုက်တာတော်တော်လျော့ကျသွားပါတယ်။

Tiny Fire Co Ltd.က wet tissue အထုတ် ၁၂၀ နဲ့ ကိုဟန်တင်-မတင်တင်အောင် ဆေးဆိုင်ကလည်း isopropyl alcohol spray ဆယ်ဘူးကို လာရောက်လှူဒါန်းသွားပါတယ်။ ယာယီ CCTV ၅ ခု နဲ့ Sound Box ၂ ခုကိုလည်း Zarni Eletronic ကမေတ္တာနဲ့ လာရောက်တပ်ဆင်ပေးသွားပါတယ်။

၂ ရက်တိတိ ရုံးထိုင်ဖို့အချိန်မရလိုက်တာကြောင့် နေ့လည်ကစာတွေ အပုံလိုက်ကြီးရှင်းခဲ့ရသေးတယ်။

ကျောင်းသားတွေကိုခေါ်ဆောင်ဖို့ ကားတွေကလည်းအဆင်သင့်ဖြစ်နေပါပြီ။ ကျောင်းသားတွေနဲ့လည်း လိုင်းပေါ်မှာ အဆက်အသွယ်ရလို့ နှစ်ယောက်ခန်းအတွက် အတွဲစာရင်းရပြီဖြစ်လို့ နေရာချထားပေးပြီးသွားပါပြီ။ ရောက်တာနဲ့ ကိုယ့်အခန်းတန်းဝင်ရုံပါ။ ရောက်မဲ့အချိန်မှာ သူတို့လည်းပင်ပန်းနေပြီမို့ မကြိုတော့ပဲ မနက်ဖြန်မနက်မှ အားပေးရင်း နှုတ်ဆက်ကြိုဆိုပါ့မယ်။ အပြည့်အဝ ကာကွယ်မှုယူမှာပါ။

ကျောင်းသားတွေအားလုံး စောင့်ကြည့် ၁၄ ရက်အတွင်း နေကောင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်…

ဒေါက်တာရဲလွင် (မန္တလေးမြို့တော်ဝန်)