အမြန်လမ်းရဲတပ်ဖွဲ့ အုတ်ရှစ်ကုန်းစခန်းက တပ်ဖွဲ့ဝင်တွေဟာ အမြန်လမ်းပေါ်မှာ ကင်းလှည့်နေတုန်း လမ်းဘေးမှာ လူနှစ်ဦး မီးဖိုနေတာကို တွေ့လိုက်ရပါတယ်။

၂၆ ရက်နေ့ ညပိုင်းက တွေ့လိုက်ရတဲ့ ထိုလူနှစ်ဦးကို မသင်္ကာတာနဲ့ စစ်မေးခဲ့ပါတယ်။

သူတို့ဟာ ရေစကြိုမြို့ ရွာတစ်ရွာက အမျိုးသားနှစ်ဦးဖြစ်နေပြီး ပဲခူးကနေ ရေစကြိုကိုပြန်ဖို့ လမ်းစရိတ်ပြတ်နေတာကြောင့် ခရီးရှည်လမ်းလျှောက်ပြန်နေကြတာ ဖြစ်ပါသတဲ့။

သူတို့ဟာ လမ်းဘေးမှာ မီးဖိုပြီး ဆန်ပြုတ်ပြုတ်သောက်နေကြတာကို တွေ့တာနဲ့ ရဲတပ်ဖွဲ့ဟာ ချက်ခြင်း အရေးယူခဲ့ပါတယ်။

ဒါကတော့ သူတို့ကို လက်ဘက်ရည်ဆိုင်ခေါ် ကျွေးမွေးပြုစုပြီး ရဲကင်းမှာ ခေါ်နားခိုင်းထားပါသတဲ့။

၂၇ ရက်နေ့မှာ နေရပ်ကို ပြန်ဖို့ စီစဉ်ပေးမှာဖြစ်ပါသတဲ့။

ဒီလို အလုပ်ရှုပ်ခံပြီး ကူညီတတ်ကြတဲ့သူတွေလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ရှိနေတာ ပြည်သူတွေအတွက် ဝမ်းမြောက်ဖွယ် ကောင်းသတင်းပါပဲ။

ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့