ငါတို့ ကျောင်း မှာ ဖြစ်ပျက်နေသမျှတွေ လိုင်းပေါ်မတင်ပါနဲ့”

ယခု post ပါ အကြောင်းအရာ အချက်အလက်များနှင့်ပတ်သက်၍ ကျွန်မ ဒေါ်ဟန်စုမွန် (အထက်တန်းပြ) မှ တာဝန်ခံပါသည် ။ တခြား မည်သူ့ကိုမျှ ဆက်စပ် မေးမြန်းစစ်ဆေးခြင်း လက်မခံပါ ။ အရေးယူစရာ ရှိပါက ကျွန်မ ကို သာ အရေးယူပါ ။ စာသင်ချိန်များ တိုး ခြင်း စာသင်ရက်များ တိုး ခြင်း နှင့် ပတ်သက်၍ လုပ်ငန်းခွင် အတွင်း မှာ လက်ရှိ ဖြစ်နေသည့် အခြေအနေများကို အထက် သာ မ က ပညာရေး စိတ်ဝင်စားသူ အားလုံး သိအောင် ပြောပြပါမည် ။

တက္ကသိုလ်ဝင်တန်း မှ စ ပြောပါမယ် ကျွန်မတို့ ကျောင်းမှာ ဆယ်တန်း ၇၄ ယောက် ရှိပါတယ် မြို့နယ် ရဲ့ ၃ နာရီ မေးခွန်း ၂ကြိမ် ဖြေပြီးပါပြီ ပထမအကြိမ် အောက်တိုဘာ ၃ နာရီ မေးခွန်း မှာ ဘာသာစုံ အောင်မြင်သူ ၂ ဦး ရှိပါတယ် ရူပဗေဒ အောင်မြင်သူ ၂ဦး ပဲ ရှိတဲ့အတွက် ဘာသာစုံ အောင်မြင်သူ ၂ ဦး ဖြစ်ရတာပါ ရူပဗေဒ ဘာသာပြ မသင်ဘူးလား မေး အချိန်ပို ကော ကျောင်းပိတ်ရက်တွေပါ လာသင်ပေးပါတယ် ဒုတိယအကြိမ် ဒီဇင်ဘာ ၃ နာရီ မြို့နယ် မေးခွန်း ဘာသာစုံ အောင်မြင်သူ ၁ ဦး ပဲ ရှိပါတော့တယ် (ရူပဗေဒ အောင်မြင်သူ ၁ ဦး) ကျွန်မ တို့ အထက်တန်းပြ တွေ ဘာသာရပ်မကျွမ်းကျင်ဘူးလား စာသင်ချိန် မမှန်ဘူးလား အချိန်မရွေး အစစ်ဆေးခံနိုင်ပါတယ်/

ကျွန်မ က အထက်တန်း သင်္ချာ နဲ့ သမိုင်း ၂ ဘာသာသင်ပါတယ် ဆယ်တန်း ရဲ့ မေးခွန်းပုံစံပြောင်းတာကြောင့် ကျွန်မ ရဲ့ ဝမ်းစာ ပညာ ဖြည့်ဖို့ ပညာရေးတက္ကသိုလ် က သင်္ချာ သင်ပြနည်း ပါမောက္ခ ဆီ မှာ ၂လ သင်တန်းတက်ခဲ့ပါတယ် သင်္ချာ ပုစ္ဆာ တွေ ကို အထူးထုတ်ရှိရင် တွက်ပြနိုင်ပေမယ့် သင်္ချာ ရဲ့ ဆက်စပ်မှုတွေ သင်္ချာ သဘောတရားတွေ သင်္ချာ အတွေးအခေါ်တွေကို စာသင်သက် ၄၀ နီးပါးရှိတဲ့ သင်္ချာ ပါမောက္ခ ဆီ က ပညာ ကို မျှဝေလိုတဲ့အတွက် အချိန် ငွေအား လူအား ဥာဏ်အား အကုန်နီးပါး အသုံးပြုခဲ့ပါတယ် လက်ရှိလဲ online ပေါ် တွေ့သမျှ သင်္ချာ သင်ပြနည်းတွေ လေ့လာတယ် ပြန်အသုံးချတယ် ကျနိတဲ့ဘာသာပြတွေလဲ သူတို့နည်း သူတို့ဟန် နဲ့ ဝမ်းစာဖြည့်ကြတယ်။

၂၀၁၈ တက္ကသိုလ်ဝင်တန်း ရန်ကုန်တိုင်းအောင်ချက် က ထိုးကျသွားတယ် မေးခွန်းပုံစံကလဲ ပြောင်းသွားတယ် အထကခွဲ ဖြစ်တဲ့ ကိုယ့်ကျောင်းလေး ရဲ့ ပွဲဦးထွက် ဆယ်တန်း အရမ်းအောင်စေချင်ခဲ့တယ် ၂၀၁၉ မေလ ထဲ က ခေတ္တတည်းခိုနေထိုင်ရာ တပ် ထဲ မှာ ဆယ်တန်းတွေကို စာကြိုသင်ခဲ့တယ် ကျူရှင်မတက်နိုင်တဲ့ ကလေးတွေရယ် တပ်ထဲက ရဲဘော်တွေရဲ့ ကလေးတွေရယ် စစ်ဘေးရှောင် မိဘမဲ့ ဂေဟာ က ကလေးတွေရယ် တပ်ထဲက ပြင်ပဖြေ ရဲဘော်လေးတွေရယ် ကို ဆယ်တန်းစာ သင်ပေးနေတယ် ထမင်း ပါ ကျွေးပါတယ်။

ဘာလို့ထမင်းကျွေးလဲဆိုတော့ ကလေးတွေ ဆာနေလို့ပါ စာရေးကိရိယာ အကုန်ပေးပါတယ် သောက်ရေ ရေသန့်ဘူး ဝယ်တိုက်ပါတယ် (နောက်ပိုင်း ရေသည် က သိသွားလို့ ပိုက်ဆံမယူတော့ပါဘူး) ကလေးတွေ နေမကောင်းရင် ဆေးခန်း ပြပေးပါတယ် (နောက်ပိုင်း ဆရာဝန် သိသွားလို့ ပိုက်ဆံ မယူတော့ပါဘူး) ပြင်ပ ဆရာတွေကို ကျွန်မ လစာ ထဲ က ငှားသင်ပါတယ် ဆရာ ၁ ဆရာမ ၁ ပေးတဲ့လစာ နဲ့ မတန်အောင် အားစိုက်သင်ပေးကြရှာတယ်။

ကလေးတွေကို ဘာလို့ အစားအစာကျွေးလဲ ပညာရေး ဝန်ကြီး ကြောင့်ပါ သူက စာသင်ချိန် ၈ ချိန် တိုး လိုက်တယ် စာသင်ချိန်သာ တိုးတာ စာသင်ပေးမယ့် ဆရာမ လုံလောက်အောင် မခန့်ထားပေးဘူး စာသင်ခန်း လုံလောက်အောင် မဆောက်ထားပေးဘူး ပေ ၃၀ ပတ်လည် စာသင်ခန်းလေး မှာ ကလေး ၈၀ ထည့်ထားတယ် မူပြဆရာ တယောက်ထဲက တနေကုန် ၁၁ ဘာသာ သင်နေရတယ် စာသင်ချိန်တိုးတော့ ဆော့ချိန်တိုးတာပေါ့ ဆော့ချိန်များတော့ ဆာချိန်စောတယ် ဆာတော့ စားစရာ ရှာတယ် မုန့်ဈေးတန်းက မုန့်ဆိုင်လေး ကို ဖောက်ပြီး မုန့်ယူစားကြတယ် တယောက် ကို တခုပဲ ယူစားတာ အိမ်မသယ်ဘူး ဆာလို့ အဆာပြေရုံ စားတာ ကလေးတွေဆိုတော့ သပ်သပ်ရပ်ရပ်ပြန်မထားတတ်ဘူး ဆိုင်ရှင် သိတော့ ကျောင်းအုပ် ကို တိုင် ကျောင်းအုပ် က ဆရာမတွေကို ခေါ်မေး ဆရာမတွေက ကလေးတွေကို စစ်မေး ဟော ပေါ်လာပြီ KG ကနေ G 3 အထိ အတန်းစုံ မိဘမဲ့ကျောင်း က ကလေး အငယ်ဆုံး ဗမာ စကား မရေလည်ဘူး

ကိုယ်သိတော့ စိတ်မကောင်းဖြစ်မိတယ် မိဘမဲ့ကျောင်းက ကလေးတွေ ထမင်းချိုင့်မပါကြဘူး မုန့်ဖိုးလဲမရကြဘူး မနက် ၈ ခွဲ ကနေ ညနေ ၃ ခွဲ အထိ ဆိုတော့ ကလေးတွေ ဘယ်လောက်များ ဆာနေကြမလဲ ကျွန်မ ထမင်း ပိုချက်တယ် ၂ခါပြန် ချက်တယ် နေ့တိုင်း ထမင်း ပို ထည့်တယ် နောက်ဆုံး ဘာဟင်းမှ မရှိတော့တဲ့နေ့ဆို ကလေးတွေ ရော ကိုယ် ရော မနက် ငပိသုပ် သံပုရာသီးညှစ် ညနေ ၂ပြန်ကြော် ဆီဆမ်း ကိုယ့်ရဲ့ အမ က သိတော့ အတင်းကူညီတယ် အမ ရော အမရဲ့ မိတ်ဆွေတွေကော ဝိုင်းကြ ဝန်းကြတယ် ကိုယ် က ခေါင်းကြောမာတဲ့အထဲ နည်းနည်းပါတယ် သူများ အကူအညီ ကို လဲ လက်ခံ ခဲတယ် သူများအပြောအဆို ကို လဲ မခံနိုင်တဲ့သူမျိုးမို့လို့ လူစု လူဝေး တို့ အဖွဲ့အစည်း တို့ နာမည်ကြီးဖို့တို့ အင်မတန် ရှောင်တယ် တယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် နေရတာ သဘောကျတယ်။

အမ ကူညီမယ်ဆိုတော့ ငြင်းတယ် အချိန်အကြာကြီး ငြင်းတယ် နောက်ဆုံး ငြင်းမရတဲ့ အဆုံး အမ နဲ့ အမ မိတ်ဆွေ တွေ ရဲ့ အကူအညီ ကို လက်ခံခဲ့တယ် ကျောင်းအတွက်ဆိုရင် ကျောင်းအုပ် နဲ့ ပေးတွေ့တယ် ဂေဟာ အတွက်ဆိုရင် ဂေဟာမှူး နဲ့ ပေးတွေ့တယ် ဘောက်ချာ စာရင်း စိုက်ငွေ အကုန် excel နဲ့ လုပ်ထားတယ် တန်ဖိုးသင့်နေ့လယ်စာ အဖွဲ့ က မုန့်ဆိုင်လေး ကျောင်းမှာ လာဖွင့်ပေးတယ် တလ ကို တသိန်း အရှုံးခံပြီး ကလေးတွေ အာဟာရပြည့်တဲ့ အစားအစာ စားရပါစေ ဆိုပြီး သစ်သီးဆိုင်လေး လာဖွင့်ပေးခဲ့တယ် ကျောင်းသား အရေအတွက် ၉၇၆ ယောက်ရှိပေမယ့် ဆေးမရှိတဲ့ ဆေးသေတ္တာလေး ကို ဆေးတွေဖြည့်ပေးမယ့် အလှူရှင် ရှိလာခဲ့တယ် ၀.၇ ဧက ကျယ်ဝန်းပေမယ့် အပင် ကျဲပါး ကွင်းပြောင်ထဲ နေလှန်းခံနေရတဲ့ ကျောင်းသားတွေအတွက် နှစ်ရှည်ပင်တွေ စိုက်ပေးမယ့် အလှူရှင်တွေရှိလာခဲ့တယ် ကော်ဘောလုံးအကွဲကို ၂ခု စွပ် တိပ်ကပ်ပြီး ကန်နေရတဲ့ ကလေးတွေအတွက် ၂၄ သိန်းတန် ကလေး ကစားကွင်း အလှူရှင် ( တန်ဖိုးသင့်နေ့လယ်စာအဖွဲ့ ) ရှိလာခဲ့တယ်။

မိဘမဲ့ဂေဟာ က ဆယ်တန်းတွေက ဂေဟာမှာ အကြီးဆုံး ဆယ်တန်း စုစုပေါင်း ၈ ယောက်ရှိတယ် ကျန်တာ အငယ်လေး ပေါက်စနလေးတွေ ဂေဟာ မှာ အလှူရှင် မလာတဲ့အခါ စားဝတ်နေရေးအတွက် ဝက် မွေး ထားတယ် ဝက်စာကျွေး ဝက်သန့်ရှင်းရေး ဝက်ကလေးမွေး ဝက် ကလေး နို့တိုက် ဝက်ပေါ် အကုန်လုံး ဆယ်တန်းတွေ လုပ်ရတာ တနေကုန် ပင်ပန်းသမျှ စာသင်ခန်းထဲရောက်လို့ ငြိမ်လိုက်တာနဲ့ ထိုင် ရက် အိပ်တော့တာပါပဲ ဆယ်တန်းတွေကို မခိုင်းစေချင်လို့ ဆယ်တန်း ၁ နှစ် တော့ စာလုပ်စေချင်လို့ ဂေဟာ ကို တလ တသိန်း လစဉ် လှူခဲ့တယ် ( နောက်ပိုင်းမှာ အန်ကယ် အယ်လန် နဲ့ တန်ဖိုးသင့်နေ့လယ်စာ အဖွဲ့က ဂေဟာ ရဲ့ အစားအသောက်အတွက် လစဉ် အပတ်စဉ် ကိုယ်စား တာဝန်ယူပေးခဲ့တယ် ) ကျေးဇူးတွေ အများကြီး တင်ရပါတယ် ညတိုင်း မေတ္တာ ပို့ ပေးပါတယ် ကလေးတွေ ဟင်းအကောင်းစား စားရလို့ အလှူရှင်တိုင်း လူတိုင်း ဆာလောင်ခြင်းဆင်းရဲမှလွတ်ကင်းကြပါစေ ကိုယ်တောင်းဆိုတဲ့အတိုင်း ဂေဟာမှူး ဖာသာ က ဆယ်တန်းတွေကို အလုပ်ဖယ်ပေးခဲ့တယ်။

ဒါပေမယ့် ဂေဟာ ဆယ်တန်းတွေရဲ့ အရည်အသွေး တက်မလာခဲ့ဘူး သူတို့ကို ၉ တန်း နှစ် ကမှ အသုံးလုံး ပြန်သင်ပေးထားတာ ကလေးတွေ တက်ခဲ့တဲ့ ပူတာအို အထက ခေါင်လန်ဖူး ထ ခွဲ ကျောင်းတွေက ထုတ်ပေးလိုက်တဲ့ သူတို့ ရဲ့ ပညာအရည်အချင်း မှတ်တမ်းမှာ ဘာသာစုံ ကျ (D) အဆင့် နဲ့ ၈ တန်း အောင်ပြီး ၉ တန်း နှစ်ဝက် မှာ ကျွန်မ နဲ့ စတွေ့တာ သူတို့ရဲ့ ယုံကြည်မှု ရအောင် အရင်တည်ဆောက်ရတယ် ဒဏ်ရာတွေနဲ့ တိုင်းရင်းသားတွေကိုး ဆယ်တန်း ကို နှစ်ခြင်း မပေါက်ဘူးလို့တော့ သိထားပြီးသား ဒါတွေ ပြောပြထားရတာက ကျွန်မ ဘယ်လိုလူဆိုတာ သိအောင် ပြောပြထားတာပါ။

နောက်တချက် မတ်လကုန် အထိ ကျောင်းတက်ရက် ကျွန်မ လက်ခံတယ် ကျွန်မ ဆို ၉ တန်းဖြေထားတဲ့ကလေးတွေကို မတ် ဧပြီ မေ နွေ ၃လ တောက်လျှောက် ခေါ်ထားမှာ ရွဲ့ပြောတာ မဟုတ်ဘူး အတည် ၂၀၂၀ တက္ကသိုလ်ဝင်တန်း ဖြေမယ့်သူတွေက အထက်တန်း သင်ရိုးဟောင်း ရဲ့ နောက်ဆုံး ကျောင်းသားတွေ များများ အောင်သွားဖို့လိုတယ် ၂၀၁၉ ဆယ်တန်းတွေ ရဲ့ အတွေ့အကြုံ အရ ၂၀၂၀ ဆယ်တန်းတွေကို ပုံစံပြောင်းသင်ဖို့ lesson plan ချထားတာ အခုတိုးတဲ့ မတ် တလ ကို လဲ computer သင်ပေးဖို့ လျာထားပြီးသား တန်ဖိုးသင့် က laptop ၂လုံး ပေးထားတယ် အဲ့ဒါနဲ့ DTP photoshop paint သင်ပေးဖို့ computer course (one month) ဆွဲထားပြီးသား (ဒါပေမယ့် စာမေးပွဲဆိုတာကြီး က ကန့်လန့်ခံနေတော့ ဆယ်တန်းစာ လဲ ကြိုသင်မရ computer လဲ သင်မရ) ဒါကြောင့် မတ်လကုန်ထိ တက်ရတာကို တခွန်းမှ မကန့်ကွက်ခဲ့ဘူး။

ဒါပေမယ့် စာမေးပွဲကို ဖြစ်သလို စီစဉ်တာကိုတော့ သဘောမကျဘူး ၉တန်း အထိ အကုန်တင်ပေးရမှာမို့လို့ ဆို လဲ စာမေးပွဲ စနစ် က ဒီတနိုင်ငံထဲ ကျန်နေလို့ ဖျောက်ချင်တယ်ဆိုလဲ တက္ကသိုလ်ဝင်တန်း တခုပဲ ထား ကျန်တာတွေ အတန်းတွင်း တတ်မြောက်မှုပဲ စစ်လေ ဘာလို့ အတန်းကူးပြောင်းစစ်ဆေးခြင်းတွေ လုပ်ခိုင်းနေရတာလဲ ဘာလို့ ဝိုင်းကြီးပတ်ပတ်လည်စစ်နေမှာလဲ ဘာလို့ ဘာအဖြေမှ မရေးထားတဲ့သူ ကို အတန်းကူးပြောင်းပေးနေမှာလဲ ဘာလို့ လာတောင်မဖြေတဲ့ ကလေးတွေကို ကုစားဆိုပြီး ထပ်ခါတလဲလဲ ကူးရေးခိုင်းနေမှာလဲ ဘာလို့ စာတောင်မဖတ်တတ်တဲ့ကလေးတွေကို အထက်တန်းပြီးမြောက်ကြောင်း အင် လက်မှတ် ထုတ်ပေးနေမှာလဲ စာမေးပွဲ စနစ် ဖျက်မှာဖြစ်လဲ ရေရေရာရာ ဖျက်ပစ်လေ ကိုယ်ထင်ခဲ့တာက စာမေးပွဲရက် က ပုံမှန်အတိုင်း ကျောင်းတက်ရက် ပဲ မတ်လကုန် အထိ လို့ ထင်ထားခဲ့တာ ဘာလို့လဲဆို စာမေးပွဲကို မတ်လထဲမှ လုပ်မယ်ဆိုရင် ဗရမ်းဗတာတွေ ဖြစ်မယ်ဆိုတာ ထမင်းစားတဲ့ ပညာရေးဝန်ထမ်းတိုင်း သိထားကြတယ်။

စာမေးပွဲဆိုတာ အောင်အောင်မြင်မြင်ပြီးရင်သာ ဟင်း ချ နိုင်တာ တခုခု လွဲချော်ကြည့် အပြစ်ဒဏ် က ချက်ခြင်းလာတာ စာမေးပွဲ ပဲ အလုပ် တကယ် လုပ်တဲ့ ပညာရေးဝန်ထမ်းတိုင်း သိတယ် တဖက် က ပြန်တွေးကြည့်တယ် လူကြီးတွေ ဘက် က ပေါ့ စာမေးပွဲ စစ်လိုက်ရင် ကလေးတွေ များ ကျောင်းမလာတော့မှာ စိုးလို့များလား ဒါမှမဟုတ် လာမယ့် အထက်တန်းသင်ရိုးသစ် က မတ်လကုန်အထိ ရေးဆွဲထားလို့ များလား ပေါ့ အခြေခံပညာ က ကလေး အများစု နဲ့ မိဘ အများစု အကြောင်း ပြောပြပါ့မယ် ကျောင်းပိတ်ရက် ကလေးတွေ လမ်းမမှာဆော့နေရင် ဆူညံ ပွတ်လောရိုက် ငြင်းခုန်နေရင် ပြောလေ့ရှိတာက နင်တို့ ကျောင်းပိတ်တာ ငါ သေတောင်သေချင်တယ် လို့ လူ အတော်များများ ပြောဖူးပါတယ် ကလေးတွေကလဲ လူ မပြတ် တဲ့ ကား ဆိုက်ကား စက်ဘီး ရှောင်နေရတဲ့ လမ်းမ ထက် ကျယ်ဝန်းတဲ့ စာသင်ကျောင်း မှာ ဆော့ရတာ ပို ပျော်ပါတယ်။

ကလေး ရဲ့ နောင်ရေး ကို မျှော်တွေးတဲ့ ပိုက်ဆံတတ်နိုင်တဲ့ မိဘတွေကသာ နွေရာသီ သင်တန်းတွေ ပို့ကြတာပါ အခြေခံ လူလတ်တန်းစား ကတော့ အိမ်မရှိအေးရောဆိုပြီး ကျောင်းဖွင့်နေသရွေ့ကျောင်းလာထားမှာပါ စာမေးပွဲ နောက်ဆုတ်လိုက်ရင်သာ စာမေးပွဲ ဖြေမယ့် ကလေးတွေကို အိမ်လိုက်ခေါ်ရမှာတို့ ဘုရားပွဲ ထဲ လိုက်ရှာရတာတို့ ဖြစ်လာနိုင်ပါတယ် ကျွန်မတို့ကျောင်းမှာ ဖြစ်ဖူးပါတယ် မနှစ်က ၈ တန်း မြန်မာစာ လာဖြေတယ် အင်္ဂလိပ်စာနေ့ မလာဘူး ph ဆက်တယ် မကိုင်ဘူး အိမ်လိုက်တယ် သော့ပိတ်ထားတယ် အနီးပတ်ဝန်းကျင် နဲ့ ကလေး သူငယ်ချင်းတွေကို မေးတော့ ဘုရားပွဲ သွားတယ်ဆိုလို့ ပွဲဈေးတန်း လိုက် ခေါ်ပြီး စာမေးပွဲဖြေခိုင်းရပါတယ် လမ်းစရိတ် ဆိုင်ကယ် ကယ်ရီခ အသွားအပြန် ၃၀၀၀ အတန်းပိုင် ဆရာမ စိုက် ရှင်းရပါတယ် ခုံအမှတ် ရေးပြီး မှောက်အိပ်နေတာပါ ၈ တန်း အောင်လာပါတယ် အခု ၉ တန်း မှာ ဆက်အိပ်နေပါတယ်။

ဆယ်တန်းတွေ ဘာကြောင့် ကျနေတာလဲ ဆယ်တန်းတွေ ဘာကြောင့် အများကြီး ကျနေရတာလဲ အခြေခံပညာ က ဒုညွှန် ဆရာ ဒေါက်တာ တင်မောင်ဝင်း ရဲ့ အသံဖိုင် နားထောင်လိုက်ရပါတယ် အစ အဆုံး bluetooth box နဲ့ ၁၆ ခါ နားထောင်ပါတယ် သင်ရိုး က ဖေဖော်ဝါရီ အထိ ရေးဆွဲထားပေမယ့် ဆရာ ဆရာမ တွေ အားလုံး က ဘယ်တုန်းကမှ ဖေဖော်ဝါရီ လကုန် အထိ စာမသင်ခဲ့ပါဘူး သိတဲ့အတိုင်းပဲ အခုဆိုရင်တောင်မှ သင်ကြတော့တာ မဟုတ်ပါဘူးဆိုတာ ဘယ်မြို့နယ် ဘယ်ကျောင်း က ဘယ်ဆရာမတွေ ကို ဆန်းစစ်ပြီး ဖြေကြားတာပါလဲ စာမသင်တော့တဲ့ ဆရာမ တွေ ကို သိသိနဲ့ အရေးမယူဘူးလား စာဖြေ စာစစ်တာဝန်ကျတဲ့ ဆရာမ တွေ က သွားစောင့် ကျန်တဲ့သူတွေက အတန်းပေါင်း သင်ဆိုတာ ကျောင်းသား အရေအတွက် ဘယ်လောက် ဆရာ အရေအတွက် ဘယ်လောက် အတွက် ပေါင်းသင်ရမှာလဲ ကျွန်မတို့ အထကခွဲလို ကျောင်းသား များပြီး ဆရာ အင်အား နည်း တဲ့ ကျောင်းမြေကျယ်တဲ့ ကျောင်းမျိုးဆို ဘယ်လိုစီမံခဲ့ရမလဲ။

မူလတန်း တခန်း ကို ကလေး ၈၀ အနည်းဆုံး ရှိတယ် KG ခန်းဆို စာသင်ခုံ ထည့်မရဘူး အခင်းခင်းပြီး ထိုင်နေ စာသင်ခန်းထဲ ပြေးဆော့ဖို့ စိတ်မကူးနဲ့ ခြေထောက်တောင် ဆန့်မရစေရဘူး အခန်း အပြည့် လူ အပြည့် ကူးစက် ရောဂါသာ ဖြစ်ကြည့် အကုန်ကူးတယ် မူလတန်း ကလေး ၃၀၀ ကျော် ရှိတယ် မူလတန်း ဆရာလိုအပ်ချက် ၆ ဦး ရှိတယ် အစထဲက တခန်း တယောက် တနေကုန် ဘာသာစုံ ဘယ်လိုပဲ သင်ရိုးသစ် ပါစေ ဆရာ ကျောင်းသား အချိုး မမျှ သရွေ့ ကျောင်းသား စာသင်ခန်း အချိုး မမျှ သရွေ့ ဖတ်စာအုပ် ဘယ်လောက်ပြင်ပြင် သင်ထောက်ကူ ဘယ်လောက်ပေးပေး တင်ဒါ ရသွားတဲ့သူတွေသာ အဆင်ပြေသွားတာ ကလေးတွေ ရသင့်သလောက် ဘာမှရမလာဘူး ဆူညံအော်ဟစ်ပြီး ကိုယ်လိုချင်တာပဲ ရအောင် တောင်းတတ်တဲ့ ကလေးတွေပဲ ဖြစ်လာစေတယ် မယုံရင် G 6 မှာ တရက် လာနားထောင်ကြည့် ဆရာကြီး လိုတော့ မလာနဲ့ပေါ့ သူလို ကိုယ်လို လာနေကြည့် သိသွားလိမ့်မယ် ငါ လာမယ်ဟေ့လို့ ကြိုပြောထားရင်တော့ အမှန်အတိုင်း မသိရဘူးပေါ့။

ဆရာတို့ခေတ် က လူ၁၀၀ ကို ၁ယောက်ထဲထိန်းနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါတယ် ကျွန်မတို့လို ကလေးမျိုးတွေနဲ့ တွေ့ခဲ့တာ ဖြစ်မှာပါ ဟိတ် ဆို ဟိတ် တိတ် ဆို တိတ်ခဲ့တဲ့ လိမ်မာတဲ့ ကလေးတွေ မို့ လို့ ဆရာ သက်သာခဲ့တာ နေမှာပါ အခုခေတ် ကလေး တွေ ကို ဆရာတို့ခေတ်ကလို ဟိတ်လို့ရသေးလားလို့ တခါလောက် စမ်းသပ်ကြည့်ပါလား ထက်ပြ ဆရာမ တွေ စာမသင်ပဲ နိုင်ငံတော် လစာယူနေတယ် မရှက်ဘူး သိက္ခာ မရှိဘူးဆိုတာ ဘယ် အထက်တန်းကျောင်း က ဘယ်ထက်ပြတွေပါလဲ အဲဒီ ဆရာမတွေကိုရော အရေးယူဖို့ အစီအစဉ် ရှိပါသလား သိသိနဲ့ ဝါးလုံးရှည် နဲ့ ရမ်းပြီး ပြီးလိုက်တော့မှာလား မူဝါဒ တို့ ကျင့်ဝတ်တို့ပြောနေတဲ့ ဆရာကြီးတွေ ကိုယ်တိုင်က ကိုယ့်ဝန်ထမ်း ကို သိက္ခာ လဲ မရှိဘူး လစာ ညာယူတယ်လို့ ပြောထွက်တာ လေးစားပါတယ်။

ကျွန်မ ထက်ပြ ဆရာမ ပါ ဘာသာပြလိုအပ်ချက်ကြောင့် သင်္ချာ နဲ့ သမိုင်း သင်ပါတယ် ၉ တန်း ၁၀ တန်း သိပ္ပံတွဲ ဝိပ္ပံတွဲ ဝိဇ္ဇာ တွဲ သင်ပါတယ် မနက် ၈ ခွဲ နေ့လည် ၃ ခွဲ ပုံမှန် စာသင်ချိန် နဲ့ အချိန်ပို ၁နာရီ ညနေ ၄ ခွဲ မှ ကျောင်းချိန်ပြီးပါတယ် တည်းတဲ့နေရာ ပြန်ပါတယ် တည်းတဲ့နေရာ ရောက်ရင် ညနေ ၅ ခွဲကနေ ည ၉ အထိ မိဘမဲ့ ကျောင်း က ကလေးတွေ နဲ့ ချို့တဲ့ ကျောင်းသားတွေကို စာသင်ပါတယ် မိဘမဲ့ကျောင်းက ကလေးတွေက တိုင်းရင်းသားတွေပါ သူတို့ကို စာသင်လို့ရတာ ဗမာ ဆရာမ ထဲမှာ ကျွန်မ တယောက်ပဲ ရှိပါတယ် သူတို့ကို စာတပုဒ်သင်ရင် ၄ ခေါက် ရှင်းပြရပါတယ် စကားတခွန်း ညွှန်ကြားချက် တခု ကို ၄ ခေါက် ပြောရပါတယ် သူတို့က စာသင်လို့ မရဘူးလို့ ဆရာမ တိုင်း က လက်လျှော့ထားတာပါ အဲ့ဒါကြောင့် တခြား ဘာသာရပ် တွေပါ အိမ်ခေါ်ရှင်းပြရပါတယ်။

လာသမျှ ကျောင်းသား ထမင်း ချက်ကျွေးပါတယ် စာသင်တဲ့သူတိုင်း အတွက် စာရေးကိရိယာ အခမဲ့ပါ ၉ ဘာသာဖြစ်နေတဲ့အတွက် ပြင်ပ ဆရာ ၂ဦး ထပ်ငှားပီး သင်ပေးပါတယ် စန တနင်္ဂနွေလဲ သင်ပါတယ် လပြည့် လဲ သင်ပါတယ် အစ်နေ့ လဲ သင်ပါတယ် ဒေပါဝလီ လဲ သင်ပါတယ် သီတင်းကျွတ်လဲ သင်ပါတယ် ဆေးပေါင်းခ တဲ့ နေ့ လဲ သင်ပါတယ် ခရစ်စမတ် လဲ သင်ပါတယ် လွတ်လပ်ရေးနေ့လဲ သင်ပါတယ် မည်သည့် အခကြေးငွေ မှ မကောက်ထားပါ တရွာလုံး တကျောင်းလုံး အကုန်သိပါတယ် လာမေးလဲ ရပါတယ် ဘယ်သူမှ မသေသေးပါဘူး ကျွန်မ တာဝန်ကျတဲ့ကျောင်းက လိုင်းကား တိုက်ရိုက် မရောက်ပါဘူး ဆိုင်ကယ် ကယ်ရီ စီးရပါသေးတယ် မဖြစ်မနေ အိမ်ပြန်မယ်ဆိုရင် ရပေမယ့် အိမ်ပြန်လို့ ကုန်မယ့် ကြာချိန် နဲ့ ပင်ပန်းမှု ကို ကျောင်းနဲ့အနီးဆုံး နေရာမှာ ကိုယ့်ဘာသာ နေစရာ ရှာပြီး ကလေးတွေကို အချိန်ပို သင်ပေးနေတာပါ။

ကျွန်မ တို့ ကျောင်းမှာ ဆရာ မလုံလောက်ပါဘူး ဘာသာပြ မလုံလောက်ပါဘူး ကျောင်းဆောင် မလုံလောက်ပါဘူး အထက်တန်း သင်ရိုးသစ် အတွက် စာသင်ဆောင် မလုံလောက်လို့ ၂ချိန်ကျောင်း လုပ်မယ်စိတ်ကူးတော့ ဆရာ မလုံလောက်ပါဘူး ၂ချိန်ကျောင်း ဖြစ်ခဲ့ရင် မနက်အစော လာမယ့် ဆရာမ နဲ့ ညနေ နောက်ဆုံး ပြန်မယ့် ဆရာမ အတွက် ဆိုင်ကယ် ကယ်ရီ နဲ့ လိုင်းကား အဆင်မပြေပါဘူး အဲ့ဒါတွေ အတွက်ကော ဘယ်လိုစဉ်းစားထားပါသလဲ ကျောင်းတက်ရက် ပိုလာတဲ့အတွက် ကျောင်းလခ ပိုတောင်းမယ့် ကိုယ်ပိုင်ကျောင်းတွေ ကျောင်းကားခ ပိုတောင်းမယ့် ကျောင်းကားတွေ ကို ရော ဘယ်လို ညွှန်ကြားစာတွေ ထုတ်ပေးမလဲ သိချင်ပါတယ် ဆရာတွေ ခန့်ထားဖို့ ဘက်ဂျက် မရှိတဲ့ ဝန်ကြီး ဌာန က ကျောင်း အဆောက်အဦး အဆအ တွေ အတွက် ပညာသင်နှစ် အလိုက် မြို့နယ် အလိုက် ကျောင်း ဥပဓိရုပ် အလိုက် မွမ်းမံပြင်ဆင် ဘက်ဂျက် ချ ပေးတဲ့အခါ တကယ် ထိရောက်ခဲ့သလား TEO ကြီးကြပ်ဆိုပြီး ချပေးခဲ့တဲ့ မွမ်းမံပြင်ဆင်တွေ တဆောင်လုံး ဖြိုချ အဟောင်း ဖျက် တင်ဒါ အသစ်ဆောက် တင်ဒါ ရသွားတဲ့ ကုမ္ပဏီတွေ စာသင်နှစ် ၃ နှစ် မပြည့်ခင် အက်ကြောင်းလိုက်လာတဲ့ သိန်း ၁၂၀၀ တန် စာသင်ဆောင် တပ်ဆင်ပြီးထဲက တခါမှ သုံးမရတဲ့ Language Lab ထိထိရောက်ရောက် အရေးယူပေးမယ်ဆိုရင် တိတိကျကျ တိုင်ပါ့မယ်။

မလုပ်ပေးနိုင်ရင်တော့ ဘယ်ကျောင်းလဲ လာမမေးပါနဲ့ ကျောင်းသား ၉၇၆ ဆရာမ ၂၂ ရုံးဝန်ထမ်း ၃ စုစုပေါင်း လူ ၁၀၀၀ အတွက် ကျောင်းအိမ်သာ ၁၀ လုံး ပဲ ရှိလို့ ကျောင်းအိမ်သာ လိုအပ်ချက် တင်နေတာ ၂၀၁၉ စာသင်နှစ် အထိ လျာထားခြင်း မခံရသေးပါဘူး ကျွန်မ တာဝန်ကျတဲ့ ကျောင်းက ၂၀၁၈ မှာ ထ ခွဲ စဖြစ်တယ် ၉ တန်း တွေ ရှိတယ် အထက်တန်းပြ မရှိဘူး ဝိဇ္ဇာ သိပ္ပံ ခွဲ သင်စရာ စာသင်ခန်း မရှိဘူး ယာယီဆောင် ဆောက်မယ် ထက်ပြ ဆရာ ငှားမယ်လို့ မိဘ ဆရာ အစည်းအဝေးလုပ်တယ် အစည်းအဝေး မပြီးသေးဘူး TEO ဆီက ph ဝင်လာတယ် ကျောင်းအုပ် က ရုံး မှာ ထုခြေလွှာ တင်လိုက်ရတယ် ဘာမှမဟုတ်ပဲ ph သတင်းနဲ့ အရေးယူခံလိုက်ရတယ် တသက်လုံး ဆောက်တည်လာတဲ့ ကျောင်းဆရာမ သိက္ခာ ထုခြေလွှာ နဲ့ အထုခံလိုက်ရတယ် ဆန်ရင်း နာနာ ဖွတ် ရင်း ဆန်စေ့ တွေ ကျိုးကြေကုန်တယ်။

ဗရမ်းဗတာ ဆရာမနိုင် ၉ တန်းတွေဆီ ၂၀၁၈ စာသင်နှစ်ဝက်မှာ ကျွန်မတို့ ထက်ပြ ၅ ယောက် ရောက်သွားခဲ့တယ် စာသင်စရာ ဘော မရှိလို့ ကိုယ်တိုင် ဘော ဝယ်ပြီး စာသင်ခဲ့ရတယ် ကျောင်းကသာ အထက်တန်းကျောင်းသား ရှိတဲ့ ထ ခွဲ ကျောင်းထောက်ပံ့ကြေး ရတော့ အလယ်တန်းကျောင်းခွဲတမ်း နဲ့ ပဲ ရတာ ဒါကြောင့် ကျွန်မ တို့ က ကိုယ့်ဘော နဲ့ ကိုယ့် စာအုပ် နဲ့ ကိုယ့် မှင် နဲ့ ကိုယ် သင်ခဲ့ရတယ် ၉ တန်း ကလေးတွေ အရမ်းကို စာမလိုက်နိုင်လို့ ၈ တန်း အောင်ချက် ကြည့်တော့ စာမလိုက်နိုင်တဲ့ ကလေးတွေဟာ ၈ တန်း မှာ C အဆင့် D အဆင့် သမားတွေ A တယောက်မှ မပါဘူး B နည်းနည်း ပဲ ရှိတယ် ရှိတဲ့ B နည်းနည်း အားစိုက်သင်ထားတဲ့ B နည်းနည်း က ဘော်ဒါ ပြောင်းသွားကြတာ ကျန်ခဲ့တာ ဂျပလွတ်တွေ ဒါပေမယ့် အားမလျှော့ဘူး အခြေခံမပါလာလဲ ဖြည့်သင်မယ်ပေါ့ အခြေခံမပါလာတာထက် စာ လုပ်ရမယ်ဆိုတဲ့ အသိပါ ပါမလာတော့တာ အသိဥာဏ် ပြုန်းတီးခြင်း လို့ နာမည်တပ်ထားတယ် စာများများ ဖတ်ခိုင်းလိုက်ရင် စာ များများ ရှင်းပြလ်ုက်ရင် စာများများ ကျက်ခိုင်းလိုက်ရင် သင်္ချာ များများ တွက်ခိုင်းလိုက်ရင် ခေါင်းကိုက်လာသလိုလို ဖျားလာသလိုလိုတွေ ဖြစ်လာတာ။

အာရုံ ကို မစုစည်းတော့တာ သင်တယ် မေးတယ် ထပ်သင်တယ် ထပ်မေးတယ် ဘယ်နှခေါက်သင်သင် အသစ်လို ဖြစ်နေတော့တာ သူတို့ဖြတ်သန်းခဲ့ရတဲ့ မူလတန်း အလယ်တန်း စာမေးပွဲစနစ် က မေးခွန်း ၂ စုံ နဲ့ ဆုံးဖြတ်ပါတယ် ဒါပါရင် ဒါနဲ့စထားရင် မှား မှား မှန် မှန် မှား လို့ ကို တရက်ကြို အလွတ်ကျက် ဆရာမ က ဘောမှာ မေးခွန်းရေးမပြီးသေးဘူး ကလေးတွေက ဖြေလို့ ပြီးနေပြီ တချို့က ဖြေကိုမဖြေထားဘူး ခုံနပါတ်ပဲအတင်းတပ်ခိုင်းလို့ တပ်တာ စာမေးပွဲမေးခွန်းကုန်ကျစရိတ် မရှိလို့ ဘောမေးခွန်း နဲ့ ၉ တန်း အထိ တက်လာကြတာ (၄/၈) မှ လွဲ ၍ ဆယ်တန်းရောက်လို့ ၃ နာရီမေးခွန်းလဲ ဖြေရော မေးခွန်းစာရွက်တွေက ၂ပိုင်း ဖြတ်လို့ ငှက်ရုပ်လေးတွေ ဖြစ်သွားရော မေးခွန်းစာရွက် နဲ့ ဆိုရင်ကို မဖြေတတ်တော့တာ ပထမတခါ ဖြစ်ပြီးထဲက စာရွက်ကျင့်တာ A 4 တပုံး ကုန်တယ် စာရွက်ကြည့်ပြီး လေ့လာတတ်အောင် စာရွက်ကြည့်ပြီး ဖြေတတ်အောင် ဘာသာစုံ လေ့ကျင့်ပေးရတယ် ကိုယ့် လစာ ထဲ က ပါပဲ။

၉တန်းတုန်းက စာမလုပ်ချင်တဲ့ အထက်တန်းကလေးတွေအတွက် သက်မွေးပညာ သင်ပေးဖူးတယ် ဆံသပညာ ကို ဆံသဆရာ ခေါ်ပြီး သင်ပေးတာ ကျောင်းအုပ်တောင် စိတ်ဆိုးသွားသေးတယ် မိဘမဲ့ဂေဟာ တခုလုံး လဲ ကတုံးတွေ တန်းစီသွားတယ်။ အခုလဲ အဲကွန်း နဲ့ ရေခဲသေတ္တာပြင်တာ သင်ပေးဖို့ မေးတော့ အလွယ်ရမယ့် ကယ်ရီလောက်ပဲ ထွက်ဆွဲချင်ကြတယ် အခုထိ သင်ချင်ပါတယ်လို့ ဘယ်သူမှ လာမပြောသေးဘူး။

ကျောင်းမှာ Lab မရှိဘူး Library မရှိဘူး ကျောင်းမှာ အခုလက်ရှိ စာအုပ်တွေက ကျွန်မ ဝယ်ထားပေးတာ တလစာ အကုန်ပဲ မှတ်တမ်း ရှိပါတယ် လဟာပြင် ကျောင်းမျက်နှာစာအတွက် အပင်ပေါက်တွေ ဝယ်စိုက်တယ် ကိုယ့်လစာနဲ့ပဲ ကိုယ့်ကျောင်းက KG တွေ A to Z က မှ အ မရေးနိုင်သေးတဲ့ကလေး အများကြီး KG ဆရာမ ဘယ်လောက်သနားစရာကောင်းလဲဆိုတာ ဆရာမ သာ မကြောက်ရင် တနေ့စာ Live တောင်လွှင့်ပြချင်တယ် KG ဆရာမ က အင်တာနက် အတင်ခံရမှာ အရမ်းကြောက်တာ ၂၀၁၉ စာသင်နှစ် အစ မှာ ၁၀ တန်းကျောင်းသူ online ကနေ ခြိမ်းခြောက်ခံရတယ် sex gp ထဲ အထည့်ခံရတယ် ပိုက်ဆံတောင်းခံရတယ် ကလေး က သတ်သေဖို့ ကြိုးစားတယ် ကျွန်မ ဦးတယ် ကလေး ကို ကျွန်မ ထိန်းသိမ်းလိုက်တယ် မိဘ ကို အသိပေးတယ် ခြိမ်းခြောက်တဲ့သူ ကို ကျွန်မ စုံစမ်းတယ် သင်္ချာ ဆရာမ သိသွားပြီဆိုပြီး ခြိမ်းခြောက်သူ က ရပ်သွားတယ် ကျွန်မ ကို သင်္ချာ ဆရာမ လို့ သိကြတယ် မိဘ တွေ ရော ကျောင်းသား အတော်များများကော ဗလ နဲ့ တင် ရှိန်ကြတယ်။ ကလေးကိုလဲ မခြောက်တော့ဘူး ဘာမှလဲ ဆက်မတောင်းတော့ဘူးဆိုရင် ကျွန်မ ကို ရပ်လိုက်ဖို့ အကုန်လုံး ဝိုင်းပြောကြတယ် ကျောင်းနာမည် လဲ မထွက်ချင်ဘူး ကလေးနာမည် လဲ မထွက်ချင်ဘူး ထူးခြား ဖြစ်စဉ် လဲ မတင်ချင်ဘူးလေ။

ကျွန်မ က မရပ်ဘူး ဆက်လိုက်တယ် ဒီလူ မပေါ်ရင် နောက်ထပ် ဆယ်ကျော်သက်တွေကို ပစ်မှတ်ထားမှာ ပေါ်အောင် လိုက်မယ်ဆိုပြီး ကိုယ့်စရိတ် နဲ့ ကိုယ် ဆက်လိုက်တယ် နောက်တကျောင်းပေါ်လာတယ် နောက်ထပ် အခြိမ်းခြောက်ခံ ကျောင်းသူ တယောက် ထပ်ပေါ်လာတယ် ကလေးဆီတောင်းတဲ့ပိုက်ဆံ က ၅ သိန်း ဒီအကြောင်းတွေ ကလေးတွေ သိက္ခာထောက်ပီး မပြောခဲ့တာ အခုကျ သိက္ခာ မရှိ အရှက် မရှိတဲ့ လစာ ညာယူနေတဲ့ ထက်ပြတွေဆိုလို့ ထုတ်ပြောပြတာ ပြောပြစရာတွေ အများကြီး ကျန်သေးတယ်။

၂၀၁၉ သီတင်းကျွတ် ဆယ်တန်း ကျောင်းသား တယောက် အဖေ နဲ့ စကားများပြီး အိမ်ကပျောက်သွားတယ် ၃ ရက်ကြာတယ် ကိုယ် ဆိုင်ကယ် တစီး နဲ့ ပတ်ရှာတယ် နောက်ဆုံး ရဲစခန်း တိုင်တယ် ပညာရေးမှူးရုံး မှာ တိုင်ချက် နဲ့ ထူးခြား ဖြစ်စဉ်တင်တယ် နောက်ဆုံး ကလေး က ကိုယ့်ကို ဆက်သွယ်လာတယ် မိဘ ဆီ က ကတိတွေ အထပ်ထပ်တောင်းပြီး မိဘ နဲ့ ကျောင်းသားကြား က ပဋိပက္ခ ကို နိုင်သလောက် ရှင်းပေးခဲ့တယ် ၂၀၁၉ တန်ဆောင်တိုင် ၉ တန်း ကျောင်းသားနဲ့ ထက်ပြ ဆရာမ နဲ့ အခြေအတင်ဖြစ်တယ် ကျောင်းရုံးခန်းထဲမှာ ကျောင်းအုပ် ဘာသာပြ မိဘ ကျောင်းသား ပြသနာရှင်းနေတုန်း ကျောင်းသား က ၈ လက်မ အရှည် ရှိတဲ့ သံချွန် နဲ့ ထိုးဖို့ အားထုတ်တယ် ကျောင်းသား နဲ့ အုပ်ထိန်းသူ လုံးထွေးနေတယ် ကျောင်းအုပ် နဲ့ ဘာသာပြ က ရုံးခန်း သံပန်းတံခါးပိတ်ပြီး ငယ်သံပါအောင် အကူအညီတောင်းတယ် ဘယ်သူမှမလာရဲဘူး လက်နက်ပါတယ်လေ

ကိုယ့်တပည့်ထဲ ရဝမ်တွေက သတ္တိကောင်းတယ် တိုက်ခိုက်တတ်တယ် ဆရာ တပည့် ၂ ယောက် ရုံးခန်းကို ပြေး တပည့် က ကျောင်းသား ကို ချုပ် ဆရာမ က လက်နက် ကို လု ကျောင်းသား ကို ကျောင်းပြင် ဆွဲထုတ် ကျောင်းသား က ရုံးခန်း ကို ခဲနဲ့ထု ကျောင်းဆင်း ကျောင်းတက် ကျောင်းရှေ့မှာ ထိုင်စောင့် အိတ်ထဲမှာ အမြဲ လက်နက်ပါတယ် ကျောင်းဆင်း ကျောင်းတက်ချိန်တွေဆို ကျောင်းသားဘေးမှာ ကိုယ် အမြဲ သွားနေရတယ် အိတ်ထဲက လက်နက် ကို အမြဲ ယူသိမ်းရတယ် ၂၀၂၀ ဇန်နဝါရီ ၈ တန်း ကျောင်းသား စိတ်ပုံမှန် မဟုတ်လို့ မိဘ ကို ခေါ်သတိပေးထားတာ ၇ ကြိမ် ရှိပြီ ဆရာမ တွေ ကို ဒါးကြိမ်း ကြိမ်းတယ် သူ မကြိမ်းတာ ကိုယ် တယောက်ပဲကျန်တယ် (လူပါး) ကျောင်းအုပ်တောင် မချန်ဘူး ကြိမ်းတာ စာသင်ခန်းထဲ မနေဘူး စာလိုက်မလုပ်ဘူး သူ့ကို ပြောမရလို့ မပြောတော့ တခြား ကျောင်းသားတွေပါ အတုယူလာတယ် ကြေးတိုက်လာတယ်။

ဇန်နဝါရီ ဒုတိယပတ်မှာ အဲဒီ ကျောင်းသား က ကျောင်းစိုက်ခင်းတွေကို ပေါက်တူး နဲ့ ဖျက်ဆီးပစ်လိုက်တယ် မိဘ သွားခေါ်တယ် မလာဘူး ကလေး ကို ပြန်ထိန်းသိမ်းပြီး ဆေးခန်းပြဖို့ ပြောတယ် ph မကိုင်ဘူး မနက်ပိုင်း စိုက်ခင်း ဖျက်ပြီး နေ့လယ်ပိုင်း မှာ ၈ တန်း ကျောင်းသားတယောက် ခေါင်း ကို ခဲလုံး နဲ့ ထုချ ပလိုက်တယ် ကလေး ခေါင်းကဖုပြီး သွေးစို့သွားတယ် ကလေး က ချို့တဲ့တယ် မိဘ က နေ့စားသမားတွေ ကလေး ကို ဆေးခန်းပို့မယ်ဆိုတော့ ပို့တာကော ပိုက်ဆံထုတ်တာကော ဆရာမတွေပါပဲ မိဘ အလုပ်ဆင်းတဲ့အထိ မစောင့်နိုင်ဘူးလေ ထုတဲ့ခဲ က နည်းတာ မဟုတ်ဘူး ဆေးခန်းသွားရင်း ကလေး က သတိလစ်တော့ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော ကို ပြေး CT ရိုက် ဆေးသွင်း စောင့်ကြည့် ဆေးရုံတက်စရာ ကုတင်အလွတ် နေရာ အလွတ် မရှိတော့လို့ ဆရာဝန်တွေ နားနေခန်းမှာ ညလုံးပေါက် ငုတ်တုတ်နေခဲ့ရတယ်။

CT အဖြေ က ဦးခေါင်းခွံ အက် သွားတယ်တဲ့ ထု တဲ့ ကျောင်းသား ကို စစ်မေးတော့ ပထမ မှန်ကွဲ နဲ့ ထိုးမလို့ တဲ့ ဆရာမ အလုပ်များမှာစိုးလို့ သားလဲ ထောင်ကျမှာစိုးလို့ ဂဲ နဲ့ပဲထုလိုက်တာတဲ့ လွယ်အိတ် စစ်တော့ အဟုတ် မှန်ကွဲစ ရှိနေခဲ့တယ် အရွယ်ရောက် ဆယ်ကျော်သက် ၁၄ ၁၅ တွေ စာသင်ရတဲ့ လူ ၈၀ ထည့်ထားတဲ့စာသင်ခန်း က ပုံမှန်လူတောင် မွန်းကြပ် စိတ်အိုက်တာ ပုံမှန်မဟုတ်တဲ့သူဆိုတော့ ပိုဆိုးသွားတာပေါ့ သူ့ကို ကျောင်းနားလိုက်လို့တဲ့ ဆရာမ ကို စောင့်နေတယ် ဒါး နဲ့ ထိုးမလို့တဲ့ တော်ရုံ ဝဋ်ကြွေး နဲ့ တော့ အစိုးရ ဆရာမ ဖြစ်လာတာမဟုတ်ဘူး မိဘ က အိမ်မှာ မင်းသမီးလေးလို ထားရဲ့သားနဲ့ ကျောင်းမှာလာပြီး ဘက်စုံကျွန် လုပ်နေရတာ နည်းတဲ့ အကုသိုလ်လား ကိုယ့်ဟာကို မထွက်နိုင်သေးလို့ ကျွန်မ ကို အပြစ်ရှာပြီး ထုတ်ပါ အဆအ တွေ အကုန် လိုက်ပြပါ့မယ်။

ပညာရေးမျိုးဆက်သစ်လေးတွေကို ကျေးဇူးတင်တယ် ကျောင်းတက်ရက် တိုးချင်သလောက်တိုး စောင်ဂရု မစိုက်ဘူး စာဖြေရက် ကို တော့ လူလိုပြန်လုပ်ပေး ဆန္ဒထွက်ပြဖို့ အလှမ်းဝေးနေတာရယ် ဆရာအင်အားနည်းရတဲ့ အထဲ ဆရာမ ကိုယ်တိုင် ဒါမျိုးထွက်လုပ်နေရင် ကိုယ့်တပည့်တွေ အောင်ချက် zero ဖြစ်သွားမှာစိုးလို့ ရယ် ဆယ်တန်းကလေးတွေကို အောင်မြင်ခြင်းရဲ့ အရသာ ကို သိသွားစေချင်လို့ စာတွေ နင်းကန်သင် C ၅ လုံး C ၇ လုံး ကို စာအုပ်ထဲမှာထားခဲ့ပြီး လက်တွေ့မှာတော့ ကြက်တူရွေးတွေ သာလိကာ တွေ ဒါမေး ဒါဖြေ တွေ လုပ်နေရတာရယ် ကြောင့် အတူ မပါဝင်ဖြစ်တာပါ လူအား မပါရင်တောင် ငွေအားပါပါ့မယ့်။

ပညာရေး က ရွှေသမင်တွေကို တောခြောက်ချိန်တန်ပြီ ကလေးတွေကို ဆဲဆိုငေါက်ငန်းနေတဲ့သူတွေ သူတို့ဆဲသလို သူတို့မှာ ဖြစ်ပါစေ ကလေးတို့တွေလဲ ပြန် မရိုင်းမိစေနဲ့ မောင်လေး ညီမလေး တို့ ကို အားလုံး က ကြည့်နေတယ် အထူးသဖြင့် ကလေး တွေ ဆရာ ဆိုတာ ကလေး ရဲ့ ကြည့်မှန် ပဲ ဖြစ်သင့်တာကို ညှိနှိုင်းဆွေးနွေး တဲ့ နည်း နဲ့ ရောက်အောင်အတူတူ သွားကြမယ် လမ်း တူ ရင် လူ တွေ့ မယ်။

Han Su Mon