တဲ အိုပျက်လေးထဲက ဆရာမလေး။ ဒီတဲလေးက ဘူဒင်းကွင်း ဆေးခန်းလေးပါတဲ့။ မြောင်းမြကနေ ကားနဲ့ တစ်နာရီ၊ စက်လှေနဲ့ တစ်နာရီ သွားမှ ရောက်ပါတယ်။ ရွာသားတွေက ကရင်တိုင်းရင်းသားတွေများပြီး မြန်မာလို မပြောတတ်သူတွေ ရှိကြပါတယ်။

ဒီရွာကို တာဝန်ကျခဲ့တာကတော့ သဲကုန်းမြို့နယ်၊ အင်းမဇာတိ ဆရာမလေး ခိုင်သဇင်မြင့်ပါ။ အသက် ၂၀ ကျော်ခဆရာမလေး၊ ရေလမ်း မသွားဖူးတဲ့ ဆရာမလေး၊ သူနေဖို့ နေရာလေးကြည့်​တော့ အတော်စိတ်ပျက်ခဲ့ရပါတယ်။ တဲလေးက မလုံမခြုံ၊ အိမ်သာက ခနော်ခနဲ့၊ မိုးကြီး လှိုင်းထန်တဲ့ ဒေသ၊ မိုးရွာရင် ဓနိမိုးက ရေတွေ ယိုကျ၊ ကောင်းကောင်း မအိပ်ရ၊ နေရာရွှေ့အိပ်ခဲ့ရရှာပါတယ်။

ဒါပေမယ့် ဆရာမလေး မညီးညူခဲ့ပါဘူး။ သူ့တာဝန် သူကျေခဲ့ပါတယ်။ တဲကုပ်လေးမှာနေရင်း သူ့လိုတဲကုပ်လေးထဲက ရွာသားတွေ အတွက် ဆေးကုပေးခဲ့၊ လှေလေးနဲ့ ကာကွယ်ဆေးထိုးခဲ့။

၂၆.၁.၂၀၂၀ နေ့မှာတော့ ဆရာမလေးအတွက်၊ ဘူဒင်းကွင်းရွာလေးအတွက် ထင်မှတ်မထားတဲ့ ဆေးခန်းသစ်လေး ရခဲ့ပါပြီ။ ဆရာကြီး ဒေါက်တာထွန်းလွင်+ ဒေါ်မူမူသန်းမိသားစု အလှူခံမှုနဲ့ ဘူဒင်းကွင်းဆေးခန်းသစ်ကြီး ဖွင့်နိုင်ခဲ့ပါပြီ။ သားဖွားခန်း၊ ဆေးစတို၊ မိုးရေလှောင်ကန်(အဆိုတော် အမေ ဒေါ်မာမာအေးက လှူထားတာပါ)အစုံအလင်နဲ့။ အလှူရှင်တွေကလည်း ပျော်လို့၊ ကလေးတွေကို ထမင်းချိုင့်တွေ ဝေနေပါသေးတယ်။

အဆိုတော် ဒေါ်မာမာအေးလှူဒါန်း

ဒေါက်တာထွန်းလွင် နှင့် ပင်းတယ မီးအိမ်ရှင် ဦးဆောင်

ဆရာမလေးလည်း ပျော်လို့၊ ရွာသားတွေက ဒုံးယိမ်းကလို့၊ ဒီလိုနဲ့ တဲကုပ်ဆေးခန်းတွေ စံကိုက် ဖြစ်လာခဲ့တာ ဒါနဲ့ဆို ၁၈ခု ရှိခဲ့ပါပြီ။ သိန်း ၅၀ မတည်အလှူရှင် Rita Aung NY သိန်း ၂၀ အလှူရှင် အမေ ဒေါ်မာမာအေး၊ ဂျပန် ယန်းတစ်ရာအဖွဲ့သားများ၊ လုမ္ဗနီ ဦးမောင်မောင်လေး၊ အုခား အလှူရှင်များ အားလုံး ဝမ်းသာကြစေဖို့ပါ။

ပုံ – တရွာလုံးပျော်ရွှင်

ဒီပို့စ်လေးနဲ့ တောကြိုအုံကြား လှည့်လည်သွားနေတဲ့ သားဖွားဆရာမလေးများကို ဂုဏ်ပြုအပ်ပါတယ်။

ဒေါက်တာသန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)