တ ရုတ်နိုင်ငံ ၀ူဟန်မြို့ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ မူလရင်းမြစ်နေရာကို စစ်ဆေးမှုများစွာ ပြုလုပ်ပြီးနောက် သိပ္ပံပညာရှင်တွေ အတည်ပြုခဲ့ပြီဖြစ်ကြောင်း news.com.au အရ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လူပေါင်း (၂၇၀၀) ကျော်ကို ကူးစက်ခဲ့ပြီး ၄င်းကြောင့် အနည်းဆုံး လူ (၈၁) ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ အရင်တုန်းက ဗိုင်းရပ်စ်ဟာ ၀ူဟန်ပင်လယ်စာဈေးကြီးကနေ ကူးစက်ပြန့်ပွားလာတယ်လို့ သံသယရှိနေသလို တစ်ချို့ကလည်း တရုတ်ရဲ့ လျှို့ဝှက်လုံခြုံရေးဓာတ်ခွဲခန်းက လွတ်မြောက်လာတဲ့ ဗိုင်းရပ်စ်ဆိုပြီး သံသယရှိနေကြပါတယ်။

ဒါကြောင့် တရုတ်အစိုးရပိုင် မီဒီယာဖြစ်တဲ့ ရှင်ဟွာသတင်းအေဂျင်စီက ဗိုင်းရပ်စ်ဟာ ၀ူဟန်မြို့ရဲ့အသဲနှလုံးဖြစ်တဲ့ ပင်လယ်စာဈေးထဲကနေသာ ပြန့်ပွားလာခြင်းဖြစ်ကြောင်း အတည်ပြုပေးခဲ့တာပါ။ Chinese Centre of Disease Control and Prevention (CDC) က ကျွမ်းကျင်သူများကိုယ်တိုင်လည်း ဒီအချက်ကို ၀ိုင်းဝန်းအတည်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဝူဟန်ရဲ့ ပင်လယ်စာဈေးကြီးထဲမှာဆိုရင် သတ္တ၀ါအဆန်းအပြားတွေကို အရှင်ရော အသေပါ ရောင်းချနေတာ ဖြစ်ပါတယ်။ စမ်းသပ်လေ့လာချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားတာနဲ့ အများကြီး ဆက်စပ်နေတယ်လို့ အဖြေထွက်လာခဲ့တာ ဖြစ်ပါတယ်။

လူတွေစားသုံးဖို့အတွက် ဈေးကြီးထဲရောင်းချနေတဲ့ သတ္တ၀ါတွေထဲမှာ ၀ံပုလွေသားပေါက်၊ ကြောင်ကတိုး၊ လင်းနို့၊ ခွေး၊ ၀က်၊ မြွေ၊ ကြက်၊ မြည်း၊ ခွေးတူဝက်တူ၊ လယ်ကြွက်၊ ဖြူကောင်နဲ့ သမင်စတဲ့ အကောင်တွေလည်း ပါဝင်ပါတယ်။ ဈေးထဲမှာ တိရစ္ဆာန်အရှင်တွေနဲ့ အသေတွေဟာ လူတွေနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့အတွက် ဗိုင်းရပ်စ်ဟာ တစ်နေရာကနေ တစ်နေရာဆီ လျင်လျင်မြန်မြန် ကူးသန်းနိုင်တာ ဖြစ်တယ်လို့လည်း သုံးသပ်ခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားတဲ့ ကာလက တရုတ်နှစ်သစ်ကူးရာသီ ဖြစ်ပြီး တရုတ်မှာ ခရီးသွားလာမှုအများဆုံး ရာသီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗိုင်းရပ်စ်ရဲ့ ကူးစက်မြန်သဘာဝကြောင့် လူစုလူဝေးလုပ်တာတွေ လျော့ဖို့၊ ရောဂါကူးစက်ပြန့်နှံ့မှုကို အတတ်နိုင်ဆုံး တားမြစ်ဖို့ ဆိုထားပါတယ်။ ကျောင်းဖွင့်ရက်တွေလည်း ပြန်လည်ရွှေ့ဆိုင်းထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ကျန်းမာရေးဝန်ကြီး မာရှောင်းဝေကလည်း နိုင်ငံဟာ အခုဆိုရင် အရေးကြီးအခြေအနေကို ရောက်ရှိနေပြီဖြစ်ပြီး ဗိုင်းရပ်စ်ပြန့်ပွားမှုက ပိုပိုပြီး အားကောင်းနေတယ်လို့ ၀န်ခံပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)