ယ ခုခေတ် ဆေးသိပ္ပံပညာအရ ဗိုင်းရပ်စ်ပိုး၊ ရောဂါပိုးလို့ ဘယ်လိုပင် သတ်မှတ်ကြပေမယ်လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်အရ ဗိုင်းရပ်စ်ပိုး၊ ရောဂါပိုး ဆိုတဲ့ အရာတွေဟာ ရုပ်သာ ရှိ၍ နာမ် မရှိ။ စိတ် မရှိတဲ့ အရာဝတ္ထုတွေသာ ဖြစ်တယ်။ ” ပါဏ ” လို့ခေါ်တဲ့ အသက်မရှိတဲ့ ထူးခြားသော ရုပ် သက်သက်သာ ဖြစ်တယ်။

လောဘ၊ ဒေါသ၊ မောဟ ကြီးမား အားကောင်းလွန်းလှတဲ့ သတ္တဝါတို့၏ အကုသိုလ်ကံ ပျက်စီးဖို့ အကြောင်း ကံများ ဆုံစည်းလာခိုက် ကံအားလျော်စွာ ဖြစ်ပေါ်လာတဲ့ ရုပ်အထူးများကို ယခုခေတ် ​ဆေးသိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ရောဂါပိုးလို့ သတ်မှတ်ထားကြတာဖြစ်ကြောင်း မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူခဲ့ဖူးပါတယ်။

လယ်တီဆရာတော် ဘုရားကြီးကတော့ အစိမ်းသရဲ သူဘက်ဟု ခေါ်ဆိုအပ်သော ဘီလူးမျိုးတို့သည်သာလျင် ကြီးကျယ်သာ ဘေးဥပါဒ် ကပ်ရောဂါ တို့ကို ပြုနိုင်ကြကုန်၏လို့ မိန့်ကြားတော်မူပါတယ်။

သီဟိုဠ်ကျွန်းမှာ ရှေးအစဉ်အဆက် ပရိတ်ရွတ်ခြင်းကို ပြုပုံမှာ မြို့ရွာတို့၌ ကပ်ရောဂါ ဖြစ်ခဲ့ပါက မြို့ရွာအနှံ့ သင့်တင့်ရာ နေရာ၌ မဏ္ဍပ်များ ဆောက်ပြီးလျင် သံဃာတော်အရှင်သူမြတ်တို့ ကို ပင့်ဖိတ်ပြီး ၇ ရက်ပတ်လုံး နေ့ /ညမစဲ အလှည့်ကျ ပရိတ်ကြီးကို ရွတ်ဘတ်သရဇ္ဈာယ် ကြကုန်၏။

နောက်ဆုံးနေ့၌ မဟာအာဋာနာဋိယသုတ် ပရိတ်ကြီးကိုရွတ်ဖတ် ကြကုန်၏။ ငါးပါးသီလ မြဲခြင်း၊ အသားငါး စားသောက်မှုနည်းခြင်း၊ပရိတ်ရွတ်ပုံ နေရာကျခြင်း တို့သည် ကပ်ရောဂါ အန္တရာယ်ကို ကင်းစေနိုင်၏။ နေ့ညမစဲအလှည့်ကျ ဖြင့် ခုနှစ်ရက်ပတ်လုံး ပရိတ်ရွတ်နည်းသည် ဓမ္မပဒ အဋ္ဌကထာ ဒီဃာယုဝတ္ထုမှာ လာ၏။

ဝေသာလီပြည်မှာ ကပ်ရောဂါ ဖြစ်စဉ်က ရှင်အာနန္ဒာ ပရိတ်ရွတ်နည်းကား လူသန်လူမြန် ကာလသား ထောင်သောင်းများစွာ ခြံရံလျက် လမ်းစဉ်တလျှောက် လျှောက်သွား၍ နေဝင်သည်မှ အရုဏ်တက်သည့် တိုင်အောင် ရှင်အာနန္ဒာက တိုင်၍ ဝေသာလီပြည်သား ကာလသားတို့က ညီညီညာညာ ရွတ်ဆိုကြခြင်းဖြင့် ကပ်ရောဂါ တို့မှ ကင်းဝေး ကုန်၏။

မြို့ရွာတို့၌ ကပ်ဥပါဒ် ဆိုက်ရောက်လိမ့်မည်ကို ကြိုတင်၍သိနိုင်သော အတိတ်နိမိတ်ထူးများ

(၁) ခွေးသတ္တဝါတို့ အထူးဆူအူခြင်း

(၂) နေ့အခါ၌ ကျီးသတ္တဝါတို့ အထူးဆူညံခြင်း

(၃) ညအခါ၌ အိမ်နေရာသစ်ပင်တို့မှ ကျီးသတ္တဝါတို့ ထကြွလှုပ်ရှားခြင်း

(၄) ညအခါ၌ “ကုပ်ကရူး” ခေါ်သော ငှက်ဆိုးတို့ မြည်တွန်ခြင်း

(၅) မြစ်ရိုးမြစ်စဉ် မြို့ရွာတို့မှာ မိမိတို့မြို့ရွာဆိပ်ကမ်းသို့ တပ်လှေ, တပ်သင်္ဘော ဆိုက်ကပ်လာသည်ဟု မြင်မက်ခြင်း

(၆) ကုန်းမြို့ကုန်းရွာတို့မှာ မိမိတို့ရွာသို့ ကပ်ဆိုက်လာသည်ဟု မြင်မက်ခြင်း

(၇) အချို့သောမြို့ရွာတို့၌ နေဝင်ရီတရောအခါမှာ မိမိတို့မြို့ရွာသို့ တပ်ချီ၍လာသည်ကို ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း

(၈) မိမိတို့မြို့ရွာတွင်းသို့ သရဲခေါ်သော လူနီကြီးများဝင်လာသည်, ဘီလူးခေါ်သော လူနက်ကြီးများ ဝင်လာသည်, သားဘက်ခေါ်သော လူဖြူကြီးများ ဝင်လာသည်,ဝက်ကောင်ကြီးများ ဝင်လာသည်, နွားမတန်းခန့်ရှိသော ခွေးကောင်ကြီးများ ဝင်လာသည်, တစ်ထွာတစ်မိုက်ခန့် အမွေးရှိသော ရေသူဘက်ကောင်ကြီးများ ကုန်းသူဘက်ကောင်ကြီးများ ဝင်လာသည်ဟု မြင်မက်ခြင်း

(၉) အခြားအိမ်ပေါ် တိုက်ပေါ်သို့လည်းကောင်း,မိမိအိမ်ပေါ် တိုက်ပေါ်သို့လည်းကောင်း ထိုအကောင်ကြီးများတက်သည်ဟု မြင်မက်ခြင်း

(၁၀) ညအခါ၌ မိမိတို့မြို့ရွာတွင်းမှာ ထိုအကောင်ကြီးများ သွားလာ၍နေသည်ကို ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း,မိမိတို့ဝင်းထဲ ခြံထဲ တိုက်နောက်ဖေး အိမ်နောက်ဖေးများ၌ ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း

၁၁ နေဝင်စအခါ မြို့ရွာအနီးမှာ တွေ့မြင်ကြခြင်း

(၁၂) ညအခါ မြစ်ရေထဲ အင်းရေထဲမှတက်လာ၍ မြို့တွင်းရွာတွင်းသို့ ဝင်ကြသည်ကိုလည်းကောင်း အိမ်ပေါ်တိုက်ပေါ်သို့ တက်ကြသည်ကိုလည်းကောင်း မြင်မက်ခြင်း

(၁၃) မြစ်ဆိပ်များ လှေနှင့်နေကြရာ နေဝင်စအခါ မြစ်ရေထဲမှ ဖွားခနဲ ဖွားခနဲ ပေါ်ကြ၍ မြို့တွင်း ရွာတွင်းသို့ဝင်ကြသည်ကို ဒိဋ္ဌ တွေ့မြင်ကြခြင်း

(၁၄) ရေထဲမှပေါ်လာ၍ မိမိတို့လှေပေါ်သို့ တက်လာသည်ကိုလည်းကောင်း သူတစ်ပါးလှေပေါ်သို့တက်လာသည်ကိုလည်းကောင်း ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း

(၁၅) မြို့တွင်း ရွာတွင်း ဝင်းတွင်းခြံတွင်းတို့၌ မိန်းမနက်ကြီးများကို တွေ့မြင်ကြခြင်း

(၁၆) လူနည်းပါးသော အိမ်ကြီး,တိုက်ကြီး, ကျောင်းကြီးများ၌ အိမ်အောက်အိမ်ပေါ် တိုက်အောက် တိုက်ပေါ်ကျောင်းအောက် ကျောင်းပေါ်တို့၌ တွေ့မြင်ကြခြင်း

(၁၇) မြို့တွင်း ရွာတွင်းသို့ ဆင်တွေဝင်သည်,ကျားတွေဝင်သည်, နွားတွေဝင်သည်, ကျွဲတွေဝင်သည်ဟုမြင်မက်ခြင်း

(၁၈) မြို့တွင်း ရွာတွင်းမှာ မီးလောင်သည်ဟု မြင်မက်ခြင်း၊ ဓားပြတိုက်သည်ဟု မြင်မက်ခြင်း၊ ရုပ်သေးပွဲ ဇာတ်ပွဲခံသည်ဟု မြင်မက်ခြင်း

(၁၉) နေ့အခါ၌ မြို့တွင်း ရွာတွင်းသို့ ကျားဝင်ခြင်း,သစ်ဝင်ခြင်း, တောယုန်ဝင်ခြင်း,သမင်,ဒရယ်စသောတောတိရစ္ဆာန်တို့ဝင်ခြင်း, တောကြက်တွေဝင်ခြင်း

(၂၀) အိမ်ပေါ် တိုက်ပေါ်မှာ အခိုးတလူလူထသည်ကိုမြင်ရခြင်း

(၂၁) ညအခါ၌ မြို့တွင်း ရွာတွင်းမှာ အပုပ်နံ့ လှိုင်ခြင်း

(၂၂) မြို့ပေါ် ရွာပေါ်မှာ ကျီး, လင်းတများစွာတို့ ဝဲခြင်း

(၂၃) မြို့ပေါ် ရွာပေါ်မှာ မိုးတိမ်နီ၊ မိုးတိမ်ဝါတို့ တောက်ခြင်း

(၂၄) မြို့တွင်း ရွာတွင်းမှာ ယင်ကောင်ကြီး, ယင်ကောင်ငယ်တို့ အထူး များပြားခြင်း

(၂၅) အိမ်တွင်း တိုက်တွင်းမှာ အိမ်မြောင်, ယင်ကောင်,ကြွက်သတ္တဝါတို့ ကျ၍ ရုတ်တရက်သေဆုံးသည်ကို တွေ့မြင်ကြခြင်း အသေကောင်များစွာကို တွေ့မြင်ကြခြင်း

(၂၆) ကျွဲ,နွားသတ္တဝါတို့၌ ကပ်ရောဂါကျရောက်လိုသော် ညအခါ၌ ကျွဲခြံ နွားခြံတို့မှ ကျွဲ နွားတို့ တရုန်းရုန်းရှိခြင်း, နေ့အခါ တောအရပ်၌ တောချုံရှိရာတို့မှ တရုန်းရုန်း လန့်ခြင်း

(၂၇) မြင်းတို့၌လည်းကောင်း၊ သိုး,ဆိတ်တို့၌လည်းကောင်း၊ ကပ်ဥပဒ် ကျရောက်လိုသော် ထိုနည်းတူ တစ်စုံတစ်ခု ဖောက်ပြန်မှု ပေါ်လာခြင်း

(လယ်တီဆရာတော်ကြီး ရေးသားတော်မူသော ရောဂန္တရဒီပနီမှ) ထင်းရှူးတောင် ဆရာတော်