တရု တ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဝူဟန်နည်းပညာတက္ကသိုလ်မှာ Environmental Engineering & Science ဘာသာသင်ယူနေတဲ့ မြန်မာကျောင်းသား ကိုစည်သူထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ပထမဆုံး ကိုစည်သူ ရောက်နေတဲ့ ဝူဟန်မြို့ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ ဆိုတာ ပြောပြပေးပါဦး။ “ဟုတ်ကဲ့။ လက်ရှိကတော့ အခုချိန်မှာ သူတို့က လမ်းမပေါ်မှာ ယာဉ်သွားခွင့်အထိ ပိတ်လိုက်တာမျိုး ရှိတယ်ဗျာ။ နောက်မြို့အခြေအနေနဲ့ အသွားအလာ မရှိတော့ဘူးဗျာ။ လူကော၊ ကားတွေကောပေါ့နော်။ အရေးပေါ်အနေနဲ့ သူတို့ ရဲကားတွေ၊ ဆေးရုံကားတွေ ပြီးတော့ ဒီရောဂါဖြစ်တဲ့လူနာတွေကို သယ်ပို့နေတဲ့ volunteer (စေတနာ့ဝန်ထမ်း) ကားတွေပဲ ရှိတော့တယ်ဗျာ။ အဲဒါကတော့ နောက်ဆုံး မြို့အခြေအနေပါဗျာ။”

မေး- လူနာတွေသယ်နေပြုနေတဲ့ကားတွေကိုတော့ ကိုစည်သူတို့ အိမ်ကနေ မြင်နေရမှာပေါ့နော်။ အဲဒီအခြေအနေကရော။ “ဟုတ်ကဲ့။ တောင်ပေါ်ကနေ သွားကြည့်ရင်တော့ မြင်ရတယ်ဗျာ။ ဟိုလိုမျိုး အမြဲတမ်း မြင်နေရတာတော့ မဟုတ်ပါဘူး။ ကျနော်က ဒီကျောင်းဘက်မှာနေတာဆိုတော့။ ဒါပေမဲ့ အဆောင်ပေါ်ကနေ သွားကြည့်ရင်တော့ မြင်ရပါတယ်။”

မေး- ဝူဟန် မှာ မြန်မာ ကျောင်းသူကျောင်းသား အယောက် ၆၀ ရှိတယ်လို့ ကြားတယ်။ အခု မြန်မာ ကျောင်းသူ ကျောင်းသားတွေ ဘယ်လို နေထိုင်ကြလဲ။ ဘယ်လို အခက်အခဲတွေရှိ တာလဲ။ အခု နောက်အဆုံးအခြေအနေအရ။ “နေတာကတော့ ကျနော်တို့ ကျောင်းက ပေးထားတဲ့အဆောင်မှာပဲ နေကြတာဗျာ။ အခက်အခဲကတော့ ရုတ်တရက် ဒီလို မြို့ကို ပိတ်လိုက်တော့ ကျနော်တို့ စားစရာသောက်စရာ၊ ဆေးဝါးအခက်အခဲတော့ ရှိတယ်ဗျာ။ အဲဒါကလည်း လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းကတော့ စူပါမတ်ကတ်လေးတွေ ပြန်ဖွင့်တာပေါ့နော်။ ကျနော်တို့ အယောက် ၆၀ ဆိုတာက တနေရာတည်းမှာ စုနေတာမျိုး မဟုတ်ဘူး။ တမြို့လုံးမှာ ကျောင်းပေါင်းက အများကြီး ရှိတာပေါ့နော်။ အဲဒီကျောင်းတွေ နေရာအနှံ့မှာ ကျောင်းတွေလည်း မတူတဲ့အခါကျတော့ တချို့ကျောင်းတွေကျတော့ မြို့နဲ့ အပြင်ရောက်နေတဲ့ ကျောင်းတွေကျတော့ ဝယ်လို့ရနိုင်တဲ့ အနေအထား ရှိတာပေါ့နော်။ ဒါပေမဲ့ အခုတော့ မရတော့ဘူး။ လွန်ခဲ့တဲ့ ၂ ရက်လောက်ကကို ပြောတာ။ အဲဒီတုန်းကတော့ အခြောက်အခြမ်းလေးတွေ ဝယ်လို့ရလိုက်တာမျိုးတွေ ရှိတယ်။ ပြီးတော့ ကျနော့်အိမ်က ပို့ထားတဲ့ဟာတွေနဲ့ စားသောက်နေကြတာဗျာ။ အဲတော့ အခက်အခဲ လောလောဆယ်ကတော့ အစားအသောက်နဲ့ ဆေးဝါးအခက်အခဲပဲ ရှိပါတယ်ဗျာ။ ”

မေး- ကိုစည်သူ အခုတက်နေတဲ့ကျောင်းမှာ မြန်မာ ကျောင်းသူကျောင်းသား ဘယ်နှယောက်လောက် ရှိလဲ။ “ကျနော် အပါအဝင် ၅ ယောက်ခင်ဗျား။ ”

မေး- ကိုစည်သူတို့ အင်တာနေရှင်နယ်ကျောင်းသားတွေ အထူးသဖြင့် မြန်မာကျောင်းသားတွေကို ဒီလိုအခြေအနေမှာ ဘယ်သူတွေက အကူအညီပေးကြလဲ။ “အဲလိုမျိုးတော့မရှိဘူး။ မရှိဘူး ဆိုတာက ဒီမှာကတော့ တခြားနိုင်ငံသားတွေလည်း အများကြီး ရှိတယ်လေ။ ဒီလို lock down လုပ်လိုက်တဲ့အချိန်မှာ ကျနော်တို့အကုန်လုံးက တပြေးညီပဲ ခံစားကြရတယ်။ ခံစားရတဲ့အတွက် သူတို့လည်းသူတို့ surviving အတွက် သူတို့ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိတယ်။ ကျနော်တို့လည်း ကိုယ့် surviving အတွက် ကိုယ့်ဟာကိုယ်ပဲ စီစဉ်ရတယ်ဗျာ။ အဲလိုမျိုးတော့ ကူညီပေးတာတွေ မရှိပါဘူး။”

မေး- ကိုစည်သူ တင်ထားတဲ့အတိုင်းဆိုရင် မြို့ထဲကလူတွေက wuhan fighting ပေါ့။ တမြို့လုံးက လူတွေကလည်း ဝိုင်းအော်ကြတယ်။ တယောက်နဲ့တယောက် အားပေးကြတယ်ပေါ့။ အခုလို အခြေအနေမျိုးမှာ ခံစားချက်တွေ၊ ဘယ်လို မျိုးကိုယ်ကိုယ်ကို စိတ်ဓာတ်ခွန်အားဖြစ်အောင် ဘယ်မျိုးကြိုးစားရလဲဗျာ။ “ဟုတ်ကဲ့ဗျာ။ လောလောဆယ်ကတော့ စိတ်ဓာတ်မကျဘူး ပြောရင်တော့ လိမ်ရာပဲ ကျမှာပေါ့။ စိတ်ဓာတ်က ဘယ်လိုပဲ ခိုင်တယ်ပဲ ပြောပြော အနည်းနဲ့အများ တုန်လှုပ်မိတယ်ဗျာ။ ပြီးတော့ ဒီမှာက ယောက်ျားလေးက နည်းတယ်ပေါ့နော်။ ကျောင်းလာတက်တဲ့အထဲမှာ မိန်းကလေးတွေ များတော့ မိန်းကလေးတွေက စိတ်ဓာတ်တွေကျနေပြီ။ ကျနေတဲ့အတွက် ကျနော်တို့ အချင်းချင်းအားပေးရတာမျိုး တွေရှိတယ်။ တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှု လေးတွေ လုပ်ဖို့၊ ပြီးတော့ ကျန်းမာရေးကောင်းအောင် အိပ်ရေးဝဝ အိပ်ဖို့၊ တတ်နိုင်သလောက် အစာကို ချင့်ချိန်စားဖို့ ချင့်ချိန်ရမယ်ဆိုတာ သေချာဝယ်လို့ရမယ့် နေရာကလည်း မသိတဲ့အတွက် plan လေးချပြီးတော့ စားဖို့၊ အဓိကအားဖြင့် စိတ်ဓာတ်မကျဖို့ကတော့ ရုပ်ရှင်လေးတွေ ဘာလေးတွေ ကြည့်ဖို့ တိုက်တွန်းတာပေါ့နော်။ ဘာသာတရားနဲ့ ပတ်သက်လို့ရှိရင်လည်း ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ပတ်သက်ပြီး ဆုတောင်း ဘာညာပေါ့။ အဲလိုမျိုးတွေ အချင်းချင်း အပြန်အလှန်ပေးဖြစ်တယ်ဗျာ။ တချို့ သတင်းအမှားတွေက မဟုတ်ဘဲနဲ့ မပြောဘဲနဲ့ ပြောပါတယ်ဆိုပြီး official မဟုတ်တဲ့ facebook page တွေကနေ တင်နေတာမျိုးတွေ ရှိတယ်။ အဲအောက်တွေမှာဆိုရင် ကျနော်တို့ကို ဝိုင်းဆဲထားတာမျိုးတွေ ရှိတယ်။ ရှိတော့ အဲဒါတွေ ဖတ်မိလို့ရှိရင် စိတ်ဓာတ်ကျတာတွေ ရှိတယ်ပေါ့နော်။ ရှိတော့ တတ်နိုင်သလောက် အဲဒါတွေကို ဂရုမစိုက်ဖို့၊ လက်ရှိ အဲလိုပဲ နေနေပါတယ်ဗျာ။”

မေး- အခု အစ်ကိုတို့ မြန်မာကျောင်းသားတွေက ပေကျင်းမှာရှိတဲ့ မြန်မာသံရုံးကို အဆက်အသွယ် ရလား။ သူတို့တွေကရော ဘယ်လိုတွေ ဆက်သွယ် ပြောကြားထားတာတွေ ရှိလဲ။ “ဟုတ်ကဲ့။ နောက်ဆုံး ရတဲ့သတင်းတခုကို ကျနော် ပေးမယ်ဗျာ။ အဲဒါက ကျနော်တို့ သံရုံးက အစွမ်းကုန် ကြိုးစားနေတယ်ပေါ့နော်။ တကယ်လည်း အလုပ်လုပ်နေပါတယ်။ ပြီးတော့ တကယ့်တာဝန်ခံတွေ ဆိုလို့ရှိရင်လည်း ကျနော်တို့ကို အမြဲတမ်း update အမြဲတမ်း သူတို့ ဘာလုပ်နေပါပြီ၊ ဘယ်အဆင့်ရောက်နေပြီ၊ ဘာအခက်အခဲတွေရှိလဲ၊ အဲဒါတွေ အကုန်လုံးကို ကျနော်တို့ကို ပေးသိတယ်။ ဒီနေ့ညနေ နောက်ဆုံးထွက်ထားတဲ့ update အရဆိုလို့ရှိရင် ကျနော်တို့ကို ပြန်ခေါ်ဖို့ကိစ္စကို ကျနော်တို့ တနိုင်ငံတည်း မဟုတ်ဘူးပေါ့နော်။ ဒီမှာ ရောက်နေတဲ့ နိုင်ငံခြားသားတိုင်းပေါ့။ အမေရိကန်လည်း ပါတယ်။ ပြင်သစ်၊ သီရိလင်္ကာ၊ နီပေါ၊ တခြား ကိုးရီးယားတို့၊ ထိုင်းတို့ပေါ့နော်။ တရုတ်နိုင်ငံမှာရှိတဲ့ သံရုံးဝန်ထမ်းတွေနဲ့ တရုတ်က နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိတယ် ပြောတယ်။ ညှိတော့ တရုတ်က လက်မခံဘူးပေါ့နော်။ လက်မခံဘူးဆိုတာ့ အဓိက သူတို့က ရောဂါထိန်းချုပ်ရေးအတွက် သူတို့ ကြိုးစားနေရတာ ဖြစ်တဲ့အတွက် ဒီဟာကို သူတို့က ခွင့်မပြုသေးဘူး။ ခွင့်မပြုသေးတဲ့အတွက် လောလောဆယ် အစားအသောက် ထောက်ပံ့ပေးဖို့အတွက်ပဲ ဦးတည်ပြီးတော့ ပြောပါတယ် ခင်ဗျာ။ သံရုံးအနေနဲ့ကတော့ ကျနော်တို့နိုင်ငံတခုတည်း မဟုတ်ဘဲ ကျန်တဲ့နိုင်ငံက သံရုံးတွေပါ ဝိုင်းပြီးတော့ ကြိုးစားနေပါတယ်။”

မေး- တချို့သတင်းတွေ၊ ဆိုရှယ်မီဒီယာတွေမှာ အထူးလေယာဉ်နဲ့ လာပြီးတော့ ကိုယ်နိုင်ငံကို လာခေါ်ဖို့၊ ကိုယ့်နိုင်ငံကို ပြန်ဖို့ဟာ အဆင်မပြေသေးဘူးလို့ ထုတ်ပြန်ထားတောတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကိုစည်သူတို့ တခြား ဘာများ ပြောချင်တာရှိလဲ။ “အဲဒါက တချို့သူတို့ ပြောတာတွေက မှားတယ်လို့ပဲ ကျနော် ပြောချင်တယ်ပေါ့နော်။ ဒီမှာ လက်ရှိအခြေအနေကို သိတာက မြန်မာသံရုံး ရှိမယ်။ ပြီးတော့ ကျနော်တို့ ဒီဘက် ကျောင်းသားတွေ သိမယ်ပေါ့နော်။ လုပ်နေတာတွေ အကုန်လုံးက official တွေပဲ။ ဖုံးကွယ်ထားတာမျိုးတွေ မရှိဘူး။ အထူးလေယာဉ်နဲ့ ခေါ်မယ်ဆိုတာမျိုးတွေ မရှိဘူး။ ဒီဟာက ကျနော်တို့ မြန်မာကျောင်းသားတွေပဲ ဒီမှာ ရှိနေတာမျိုး မဟုတ်ပါဘူး။ တကမ္ဘာလုံးက ကျောင်းသား တော်တော်များများ၊ အာဖရိကဘက် ကျောင်းသားတွေ ပိုများတယ်။ တကမ္ဘာလုံးက ကျောင်းသားလို့တောင် ပြောလို့ရပါတယ်။ အဲဒီလိုမျိုး ကျောင်းသားတွေ ရှိတဲ့အတွက် နိုင်ငံတိုင်းက အခုချိန်မှာ အရမ်းစိုးရိမ်နေကြတယ်။ သူတို့နိုင်ငံက သံရုံးဝန်ထမ်းတွေ ရှိတယ်။ အလုပ်လာလုပ်နေတဲ့သူတွေ ရှိတယ်။ အဓိက ကျောင်းသားတွေ များတာပေါ့နော်။ လာခေါ်ဖို့ စဉ်းစားတယ်။ ဒါပေမဲ့ အဲဒီလို အထူးလေယာဉ်နဲ့တို့ ဘာတို့ မတွေ့ရပါဘူး။ ဒီဟာက သံတမန်ရေးရာအရ စကားပြောရတာတွေ ရှိတဲ့အတွက် နှစ်နိုင်ငံတွေအကြား ညှိနှိုင်းမှုတွေနဲ့ပဲ official လုပ်နေတဲ့ ကိစ္စတွေပါ။ ကျန်တဲ့ဟာတွေကတော့ သတင်းအမှားတွေပါပဲ။”

မေး- ကိုယ့်နိုင်ငံကို ပြန်ဖို့ကလည်း မဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ရှိတယ်။ မြို့ကလည်း ပိတ်ထားတယ်။ အခက်အခဲတွေလည်း ကြုံနေရတဲ့ အခြေအနေမှာ ကိုစည်သူတို့ တောင့်ပြီးတော့ ခံစားချက်အနေနဲ့ ဘယ်လိုမျိုးတွေ ရှိလဲ။ “ကျနော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုချိန်မှာ surviver skill ကို ပြန်မြှင့်ဖို့ တွေးပါတယ်။ ကျန်တဲ့သူတွေကိုလည်း ကျနော် အဲလိုမျိုး အားပေးတယ်ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခုချိန်မှာ အရမ်းကြီး မျှော်လင့်လို့မရဘူးပေါ့နော်။ ပြန်တယ်ဆိုတဲ့ ကိစ္စတခုကို မျှော်လင့်လို့မရတဲ့အတွက် ကျနော်တို့မှာ ရှိတဲ့ စားစရာ သောက်စရာတွေနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီးတော့ ရှေ့ဆက် အသက်ရှင်ဖို့အတွက်ပေါ့နော်။ အပြင်ထွက်မယ်ဆိုရင်လည်း ကျနော်တို့မှာက ဗိုင်းရပ်စ် ကူးစက်နိုင်မယ့် အခြေအနေတခုက ရှိနေတယ်ပေါ့နော်။ အထဲမှာနေလို့ရှိရင် ကိုယ့်နိုင်ငံကို ပြန်ဖို့အတွက်ပဲ စိတ်တခုကို ကျနော်တို့က မျှော်လင့်ထားမယ်ဆိုလို့ရှိရင် အခုလို ပြန်လို့မရတော့ဘူးဆိုတဲ့ အနေအထားတခုကို ကျနော်တို့ ရင်ဆိုင်ရတဲ့အခါကျလို့ရှိရင် အနည်းနဲ့ အများကတော့ စိတ်ဓာတ်ကျမှာပဲပေါ့နော်။ အဲတော့ စိတ်ဓာတ်မကျဘဲနဲ့ ကျနော်တို့ ဘယ်လို အသက်ဆက်ရှင်ဖို့ ကြိုးစားကြမလဲဆိုတဲ့ အခြေအနေတခုကို ကျနော်က ဦးတည်လာတယ်ဗျာ။ အဲဒီတော့ ကျန်တဲ့ဒီမှာရှိနေတဲ့ မြန်မာအားလုံးကို ကျနော် ဦးဆောင်ပြီးတော့ အထူးသဖြင့် ယောက်ျားလေးတွေ ဦးဆောင်ပြီးတော့ သူတို့က အားပေးဖြစ်တယ်။ ဒီအခြေအနေမှာ တချို့က ငိုကြတာတွေ ရှိတယ်။ ဒါပေမဲ့ အဓိက စိတ်ဓာတ်မကျဖို့ပေါ့နော်။ ပုဂ္ဂလိကအနေနဲ့ကတော့ ကျနော်က အရမ်းကြီး စိတ်ဓာတ်ကျတာတွေမ ရှိသေးပါဘူး။ ကျနော်တို့ကို အားပေးနေတဲ့သူတွေလည်း ရှိတယ်။ ပြန်လို့မရရင်တောင်မှာ တရုတ်က ဒီမြို့ကို အကြာကြီး ပိတ်ထားလို့လည်း သူတို့ ထိန်းချုပ်နိုင်တဲ့ အနေအထားတခုအထိပဲ ပိတ်ထားမယ်လို့လည်း ကျနော်က မြင်တယ်ဗျာ။ ဘာလို့လဲဆိုတော့ လနဲ့ချီပြီး ပိတ်ထားမယ်ဆိုလို့ရှိရင် ကျနော်တို့တင် မဟုတ်ဘဲ သူတို့ပြည်သူတွေလည်း ရှိတဲ့အတွက် အခက်အခဲကတော့ ပိုပြီးတော့ ကြီးလာမှာပေါ့နော်။ သူတို့အနေနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်ဗျာ။ ”

မေး- ဒီအခြေအနေက ဘယ်လောက်ထိထပ်ပြီးရှိနေဦးမယ်၊ ဘာတွေထပ်ပြီး ကြုံတွေ့ဦးမယ်လို့ ကိုစည်သူ မျှော်လင့်ထားလဲဗျာ။ “အဲဒါကျတော့ ကျနော်အတိအကျ မပြောနိုင်ဘူးခင်ဗျာ။ ဒီဟာက တရုတ်အစိုးရ ဘက်ကလည်း ကြေညာထားခြင်း မရှိဘူးပေါ့နော်။ သူတို့အကောင်းဆုံး အခြေအနေတခု ရောက်တဲ့အခါမှာတော့ သူတို့ ဒီမြို့ကို ပြန်ဖွင့်ပေးမယ်လို့တော့ မျှော်လင့်ရပါတယ်။ ”

မေး -မြန်မာပြည်မှာ အများဆုံးသုံးတာက ဖေ့စ်ဘွတ်ခ် ပေါ့နော်။ အဲဒီ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ် page ပေါင်းများစွာ သတင်းအမှားတွေ အရမ်းတက်နေတယ်။ အဲလိုအခြေအနေမျိုးမှာ ဝူဟန်မှာ ရောက်ရှိနေတဲ့ မြန်မာကျောင်းသား တယောက်အနေနဲ့ မြန်မာပြည်က လူတွေကို ကိုစည်သူ ဘာများပြောချင်လဲ။ “ဒီမေးခွန်းကိုမေးတဲ့အတွက် ကျနော် တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်ဗျာ။ အစ်ကိုတို့အနေနဲ့လည်း ကျနော်အခုပြောတဲ့ဟာကို ပြည်သူတွေဆီကို ပြန်ပြီးတော့ အရောက်ပို့ပေး နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ နိုင်ငံက လူတွေကို ပြောချင်တာက official သတင်းတွေကို official သတင်းဌာနတွေက သတင်းတွေက သတင်းတွေကိုပဲ အဓိက ယုံဖို့အတွက် အကြံပြုချင်ပါတယ်။ အဓိက ပြောရရင်တော့ သူတို့က အခုချိန်မှာကတော့ လူဆိုတာ အမျိုးမျိုး ရှိတယ်ပေါ့နော်။ တချို့ကလည်း ဒါကို အခွင့်ကောင်းယူပြီးတော့ သူတို့ Pageတွေ Followerတွေ တက်အောင် နံမည်ရအောင် ကြိုးစားနေတာရှိတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူတို့က သတင်းတွေကို တင်မှာပဲ။ ကျနော်တို့ကို အသုံးချချင်လည်းချမှာပဲပေါ့နော်။ ဒီအခြေအနေ မှာက ကျနော့်အနေနဲ့ အရှေ့ပိုင်းမှာ ပြောထားတာ တချို့ရှိတယ်။ ကျနော်တို့ ပြန်လာဖြစ်မယ်ဆိုရင် ကျနော်တို့ ဒီတိုင်းမဝင်ဘူး။ ကျနော်တို့ ဆေးစစ်ခံမယ်ဆိုရင် တလဆိုရင်လည်းတလပေါ့။ ကျနော်တို့ သီးသန့်အနေနဲ့ ကျနော်တို့ အစစ်ဆေးခံပြီးတော့ ဝင်မှာ။ နိုင်ငံတော်အနေနဲ့လည်း သူတို့က ဒါကို လုပ်ဖို့ရှိတယ်ပေါ့နော်။ ကျနော်တို့ပြန်လာမှာကို အရမ်းကြီးတွေ စိုးရိမ်နေပြီးတော့ ရောဂါတွေ သယ်လာမှာတို့၊ အဲဒီအခြေအနေကြီးကို လုံးဝ မစိုးရိမ်ပါနဲ့။ လုံးဝ မဖြစ်ပါဘူးပေါ့နော်။ အဓိကကတော့ official ထုတ်ပြန်ထားတဲ့သတင်းတွေ source တွေကိုပဲ ယုံပါလို့ ကျနော် ပြောချင်ပါတယ်။”

မြန်မာပြည်မှာရှိတဲ့ မိသားစုဝင်တွေ၊ တခြားမိတ်ဆွေးတွေကိုကော တခြားပြောချင်တာများရှိသေးလား။ “ဟုတ်ကဲ့၊ တော်တော်များများအပေါင်းအသင်းတွေနဲ့ကတော့ ကျနော်နဲ့အဆက်အသွယ်ရ ပါတယ်။ မိသားစုနဲ့လည်းအဆက်အသွယ်ရပါတယ်။ အဓိကကတော့ ကျနော်တို့ကို စိတ်ပူပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အရမ်းကြီးလည်း မစိုးရိမ်နဲ့ပေါ့နော်။ မစိုးရိမ်နဲ့ဆိုတာက လောလောဆယ် ကျနော်တို့လည်း ကျန်းမာရေးကောင်းနေသေးတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ ကျန်းမာအောင် ထပ်ပြီးတော့ နေနေတယ်ပေါ့နော်။ အဲတော့ အရမ်းကြီး မစိုးရိမ်ကြဖို့ပဲ ကျနော် ပြောချင်ပါတယ်ဗျာ။”

မေး- အခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ်က ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံ တော်တော်များများကိုလည်း ပြန့်နေပြီ။ မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ officially ထုတ်ပြန်ထားတယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး မြန်မာပြည်ကလူတွေ ဘယ်မျိုးနေထိုင်ကြဖို့ ကိုစည်သူအနေဲ့ အကြံပေးချင်လဲဗျာ။ “ဖြစ်နိုင်ရင်တော့ တကယ်လုံးဝမရှိတာက အကောင်းဆုံးပဲဗျာ။ မြန်မာနိုင်ငံမှာပေါ့နော်။ ဒါပေမယ့် ကျနော်တို့က အရမ်းကြီး မပေါ့ဆစေချင်ဘူး။ ကြိုတင်ကာကွယ်ခြင်းကလည်း ကုသခြင်းထက် ကောင်းတယ်ဆိုတဲ့စကားက ရှိတယ်။ အဲတော့ ကျနော်ကတော့ တတ်နိုင်လို့ရှိရင် အခုချိန်က စပြီးတော့ နှာခေါင်းစည်းတွေကို အများပြည်သူသွားလာတဲ့နေရာမှာ သုံးတာပဲဖြစ်ဖြစ်၊ တခြား လူထူထပ်တဲ့ ဈေးတွေ၊ အဲလိုသွားတဲ့နေရာမှာ mask တွေသုံးစေချင်နေပြီ။ အခုကတည်းကနေ ပြီးတော့ ပေါ့နော်။ လက်ကိုဆေးတာတွေ၊ နေထိုင်မကောင်းလို့ရှိရင် ဆေးရုံဆေးခန်းတွေကို အမြန်ဆုံး သွားပြတာမျိုးတွေပေါ့နော်။ အဲလိုမျိုးတွေ ပြုလုပ်ဖို့ ကျနော် မြန်မာနိုင်ငံက လူ‌တွေကို အကြံပြုချင်ပါတယ်။ တရုတ်နိုင်ငံဘက်ကနေ ထုတ်ပြန်တဲ့ သတင်းအရဆိုရင်တော့ ရာသီဥတုပူတဲ့ နိုင်ငံတွေမှာတော့ ထိန်းချုပ်နိုင်မယ့်အနေအထားတခုရှိတယ်လို့ သူတို့က တရားဝင်ပြောတယ်။ တရုတ်နိုင်ငံမှာ အခုက အရမ်းအေးနေတဲ့အတွက် ဗိုင်းရပ်စ်ပြန့်ပွားမှုနှုန်းကလည်း များနေတယ်လို့ ပြောတယ်ဗျာ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ပါစေပေါ့နော်။ အခုချိန်ကတည်းက သတိရှိရှိနဲ့ mask တွေ သုံးဖို့နဲ့ လက်တွေ မကြာခဏဆေးတာတွေ၊ နေထိုင်မကောင်းရင် ဆေးရုံဆေးခန်းသွားတာမျိုးတွေ အဲလိုတွေ လုပ်သင့်တယ်လို့ပဲ ကျနော် အကြံပေးချင်ပါတယ်။”

CREDIT ဒီဗွီဘီ