လွန် ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်အချိန်တုန်းက မြန်မာအမျိုးသမီးထုကြီးရဲ့ နှလုံးသားတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသားတစ်လက်ရှိခဲ့ပါတယ်။ အဲဒီမင်းသားကတော့ ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့ကြသူတိုင်းနီးပါး မလွတ်တမ်းစောင့်မျှော်ကြည့်ရှုခဲ့ကြတဲ့ “စပိုင်ချစ်သူ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Dennis Oh ပဲ ဖြစ်ပါတယ်။
မြန်မာပရိသတ်တွေကတော့ သူ့ကို သူ့ရဲ့ နာမည်အရင်းထက် စပိုင်ဆိုတဲ့ အခေါ်အဝေါ်နဲ့ပဲ ပိုပြီးရင်းနှီးကြ၊ သိကြမှာပါ။ ကိုရီးယားကပြားတစ်ယောက်ဖြစ်တဲ့ Dennis ဟာ စပိုင်ချစ်သူ (Sweet Spy) ဇာတ်လမ်းတွဲမှာ ပထမဆုံးအကြိမ်ပါဝင်သရုပ်ဆောင်ခြင်းဖြစ်ပြီး အဲဒီဇာတ်လမ်းတွဲနဲ့ပဲ အာရှတစ်လွှားမှာ အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ်။
အဲဒီဇာတ်လမ်းတွဲရဲ့ မြန်မာနိုင်ငံအတွင်းက အောင်မြင်မှုအတိုင်းအတာကတော့ ကြည့်ရှုခဲ့ကြဖူးသူ ပရိသတ်တွေအသိဆုံးပဲဖြစ်မယ်လို့ ထင်ပါတယ်။ “စပိုင်” ဆိုတဲ့ နာမည်နဲ့ “ခိုအားလား” ဆိုတဲ့ နာမည်တွေဟာဆိုရင် ဒီဇာတ်လမ်းတွဲရဲ့အမှတ်သင်္ကေတလို့တောင် ဆိုလို့ရပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ထောက်လှမ်းဖို့အတွက်ရောက်ရှိလာတဲ့ သူလျှိုတစ်ယောက်နဲ့ ရဲဖြစ်သူ ခင်ပွန်းက လက်ထပ်မယ့်နေ့မှာပဲ ကွယ်လွန်သွားတာကြောင့် မုဆိုးမဘ၀နဲ့ပဲ ရုန်းကန်နေရတဲ့ ရဲမေမလေးတစ်ယောက်တို့ရဲ့အကြားက အချစ်ဇာတ်လမ်းကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ အဲဒီခေတ်၊ အဲဒီအခါတုန်းကတော့ ပရိသတ်တွေအကြားမှာ ရေပန်းအစားဆုံးဇာတ်လမ်းတွဲ ဖြစ်ခဲ့ပါတယ်။
ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Dennis Oh ရဲ့ ချောမောခန့်ညားမှုကလည်း အမျိုးသမီးပရိသတ်တွေအတွက် စွဲမက်စရာဖြစ်ခဲ့ပြီး အဲဒီအချိန်တုန်းကဆိုရင် Dennis ဟာ မြန်မာအမျိုးသမီးထုကြီးရဲ့ စိတ်ကူးထဲက ကိုကို ဖြစ်ခဲ့ကြမှာ အမှန်ပါပဲ။ တချို့ပရိသတ်တွေအတွက်ကတော့ ငယ်ချစ်ဦးလို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
Dennis ဟာ အဆိုပါ ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ချိန်တုန်းက အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး အခုဆိုရင်တော့ သူ့ရဲ့အသက်ဟာ ၃၉ နှစ်အရွယ်ကို ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။ စပိုင်ချစ်သူ ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်အောင်မြင်ခဲ့တယ်ဆိုသော်ငြားလည်း အဲဒီနောက်ပိုင်းရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကတော့ ထင်သလောက်မအောင်မြင်ပဲ ကြည့်ရှုနှုန်းတွေ ကျဆင်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဇာတ်ကားရိုက်ကူးမှုက ကျဲပါးသွားပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ Dennis ရဲ့ လက်ရှိပုံရိပ်ဟာ လူမှုကွန်ရက်အထက် ပျံ့ နှံ့ လို့လာခဲ့ပြီး အဲဒီပုံတွေကိုကြည့်လိုက်ရင် သူ့ရဲ့ချောမောခန့်ညားမှုတွေက အရင်ကအတိုင်း ပြောင်းလဲမှုမရှိသေးတာကို တွေ့ရပါတယ်။
သူ့ရဲ့ အချစ်ရေး၊ အချစ်ရာနဲ့ ပတ်သတ်တဲ့သတင်းတွေကတော့ တိတ်ဆိတ်လွန်းလှပြီး ဒီနေ့အချိန်ထိ ချစ်သူရည်းစားရှိတယ်ဆိုတဲ့ သတင်းဟာ ထွက်ရှိခဲ့ဖူးခြင်းမရှိပါဘူး။ တချို့တွေက သူ့ကို အိမ်ထောင်ကျပြီးလောက်ပြီလို့ ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဒါတွေဟာ ကောလာဟလသတင်းတွေသာဖြစ်ပါတယ်။
တစ်ချိန်တုန်းက မြန်မာအမျိုးသမီးပရိသတ်တွေ တမ်းတမ်းစွဲဖြစ်ခဲ့ရတဲ့ စပိုင်မင်းသားကြီးကတော့ အသက် ၄၀ နားနီးနေတာတောင် အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတဲ့စကားအတိုင်း ငယ်ရွယ်နုပျိုနေဆဲပါပဲနော်။ ဒီမင်းသားကြီးနဲ့ ပတ်သတ်ပြီး ငယ်ဘ၀အမှတ်တရလေးတွေများရှိရင် မျှဝေပေးခဲ့ပါဦးနော်။
Mia (Momolay)