ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဒေါက်တာ မာရီယာ ဗန် ခါရ်ကိုဗာ့ (Maria D Van Kerkhove) ကတော့ ဒီဗိုင်းရပ်စ်ကို ထိရောက်အောင်တားဆီးနိုင်ဖို့ တစ်မ္ဘာလုံးက ဆေးသိပ္ပံပညာရှင်တွေ ချိတ်ဆက်ပြီးတော့ အဖြေရှာနေကြတယ်လို့ မနေ့တုန်းက (live) တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောကြားလိုက်ပါတယ်။

ဒေါက်တာ က မာရီယာ ဗန် ခါရ်ကိုဗာ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရေးပေါ်ရောဂါ၊ အထူးသဖြင့် တိရိစ္ဆာန်ကနေ လူတွေကိုကူးစက်တဲ့ ရောဂါအမျိုးအစားတွေကို လေ့လာတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

ဆေးအခေါ်အဝေါ် Novel Coronavirus နိုဘယ်ဆိုတာက လူတွေကို တစ်ခါမှမကူးစက်ဖူးတဲ့ ရောဂါအသစ်မို့လို့ ခေါ်တာလို့ ရှင်းပြပါတယ်။ အထူးသဖြင့် ကျန်းမာရေးချူချာတဲ့သူတွေ၊ အဆုတ်ပွတဲ့သူတွေ၊ နှာစေးချောင်းဆိုး စတဲ့အသက်ရှုလမ်းကြောင်းနဲ့ ဆက်စပ်တဲ့ရောဂါ ဖြစ်ပွားသူတွေအတွက် ကူးစက်ပြန့်ပွားဖို့ လွယ်ကူတယ်လို့လည်း ဒေါက်တာ မာရီယာက ပြောပါတယ်။

ကိုယ်ခံအားနည်းတဲ့သူတွေက ရောဂါကူးစက်ခြင်းခံရရင် နာမကျန်းအပြင်းအထန်ဖြစ်ပြီးတော့ သေဆုံးနိုင်တယ်လို့လည်း ဒေါက်တာ မာရီက ရှင်းပြပါတယ်။ တကယ်လို့ လူ ၁၀၀ က အဲဒီရောဂါကူးစက်ခံရမယ်ဆိုရင် လူဘယ်နှစ်ရာခိုင်နှုန်းက သေဆုံးနိုင်လဲလို့မေးတဲ့အခါ လတ်တလော လေ့လာထားတဲ့ ကိန်းဂဏန်းတွေအရ လူ ၂၇၀၀ ၀န်းကျင်မှာ ၁၈ ဦး သေဆုံးတာမို့ လေးရာခိုင်နှုန်း (4%) ၀န်းကျင် သေဆုံးတာမျိုး တွေ့ရတယ်လို့ ဖြေပါတယ်။

နိုင်ငံတကာ သတင်းတွေရဲ့ဖော်ပြချက်အရ ဒီနေ့နံနက်အထိ (ဇန်န၀ါရီ ၂၈) ကူးစက်ခံရသူဟာ ၄၃၀၀ ကျော်ရှိပြီးတော့၊ တရုတ်နိုင်ငံမှာ ၁၀၆ ယောက် သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကမ္ဘာတလွှားကလူတွေ စောင့်ကြည့်ကြပြီးတော့ မေးခွန်းတွေကိုလည်း လက်ခံဖြေကြားခဲ့ပါတယ်။

စောင့်ကြည့်နားထောင်သူတွေက ကိုရိုနာဗိုင်းရပ်စ်က ဘယ်လိုပြန့်ပွားနိုင်သလဲ ကူးစက်ခံရတာနဲ့ သာမန်အဖျားကို ဘယ်လိုခွဲခြားသိနိုင်ပါသလဲလို့လည်း မေးမြန်းကြပါတယ်။ ဒေါက်တာ မာရီယာက သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားလေးတွေ အသက်ရှုလမ်းကြောင်းထဲ ရောက်ရာကနေ ကူးစက်ခံရတာလို့ ရှင်းပြပါတယ်။

ဥပမာ ဖျားနာနေတဲ့သူက ချောင်းဆိုးတာ၊ နှာချေတာကနေ ပြန့်နှံ့လာတဲ့ အမှုန်လေးတွေကို တခြားတစ်ဦးက ရှုရှိုက်မိတာမျိုးဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လူအချင်းချင်း ကူးစက်တာမျိုးက အနီးကပ်နေထိုင်ကြတဲ့ မိသားစုဝင်တွေ၊ ကျန်းမာရေးလုပ်သားတွေဟာ ကူးစက်ခံရနိုင်ခြေများတယ်လို့ သူက ပြောပါတယ်။

သာမန်ဖျားနာတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးခံရတာကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာက အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ဗိုင်းရပ်စ်တွေကို စစ်ဆေးတဲ့ PCR test (Polymerase Chain Reaction) လို့ ခေါ်တဲ့ စက်တွေနဲ့ စမ်းသပ်ပြီး၊ နမူနာယူပြီးတော့ ဓါတ်ခွဲခန်းမှာ သေချာစစ်ဆေးမှ သာမန်ဖျားနာတာ ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ်စ်ဆိုတာ သိနိုင်မယ်လို့ ဒေါက်တာမာရီယာက ရှင်းပြပါတယ်။

ဒီရောဂါရဲ့ ရင်းမြစ်ဟာ တိရိစ္ဆာန်ကနေ ကူးစက်တာလို့ ယူဆထားကြပေမယ့် ဘယ်လိုသတ္တ၀ါမျိုးကနေ စတင်ကူးစက်သလဲဆိုတာတော့ ဆေးပညာရှင်တွေ ဆက်လက်စုံစမ်း စစ်ဆေးနေကြတုန်းပါ။ လက်ရှိအချိန်မှာတော့ လူအချင်းချင်း၊ နီးကပ်တဲ့နေထိုင်မှုကနေ ကူးစက်တဲ့နည်းနဲ့ ပြန့်ပွားနေတယ်လို့လည်း ဒေါက်တာ မာရီယာက ပြောပါတယ်။

ဒါကြောင့် နေမကောင်းလို့ရှိရင် အိမ်မှာပဲနေထိုင်သင့်ပြီး၊ နှာစေးချောင်ဆိုးတဲ့အခါ ပါးစပ်ကို တစ်ရှုး ဒါမှမဟုတ် လက်ကိုင်ပုဝါ အသုံးပြုသင့်ပါတယ်။ ချောင်းဆိုးနှာစေးပြီးတိုင်း အဲဒီပစ္စည်းတွေကို စွန့်ပစ်ရမှာဖြစ်ပြီး၊ လက်သန့်ဆေးတွေအသုံးပြုပြီး သန့်ရှင်းအောင်နေထိုင်ဖို့ ဒေါက်တာမာရီယာက အကြံပြုပါတယ်။

တကယ်လို့ အသက်ရှုကြပ်တာမျိုးကြုံရင်တော့ ဆေးရုံကိုချက်ချင်းသွားပြီး ပြသင့်တယ်လို့ သူက ပြောပါတယ်။ လတ်တလောမှာတော့ အဲဒီရောဂါကို ကုသနိုင်တဲ့နည်းလမ်းတွေ မရှိသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကုသရေးမှာ အထောက်အကူပြုမယ့် ပြီးခဲ့တဲ့ မားစ်ရောဂါအတွေ့အကြုံတွေနဲ့လည်း စမ်းသပ်ဆောင်ရွက်နေတာရှိတယ်လို့ ဒေါက်တာ မာရီယာက ပြောပါတယ်။

Ref – RFA