ဝူ ဟန်ဗိုင်းရပ်စ်ကူးစက်မှု နှင့် ပက်သက်သော သတင်းမှားများ (ဒေါက်တာမြတ်ထွဋ်ညွန့်)

ဝူ ဟန်ဗိုင်းရပ်စ်ကူးစက်မှု နှင့် ပက်သက်သော သတင်းမှားများ

ဒေါက်တာမြတ်ထွဋ်ညွန့်

(၁) မျက်စိမှတစ်ဆင့်ကူးစက်နိုင်သည်

မျက်စိအမြှေးလွှာထဲ ရောဂါပိုးဝင်ရင် ရောဂါကူးတတ်ပါတယ်။ ဝူဟန်ဗိုင်းရပ်စ်မှ မဟုတ်ပါ။ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး တွေဆိုလည်း ကူးတာပါပဲ။ အများထင်နေသလို ကြည့်လိုက်တာနဲ့ ကူးတယ်ဆိုတာ မဟုတ်ပါ။ ကြည့်ရုံနဲ့ လုံးဝ မကူးစက်နိုင်ပါ။

(၂) အရက်သောက်ပြီး ကာကွယ်နိုင်သလား?

ဗိုင်းရပ်အပါအဝင် အဏုဇီဝပိုးတော်တော်များများဟာ အရက်ပါတဲ့အရည် တစ်ခုခုထဲမှာဆို သေကြေပျက်စီးတတ်ပါတယ်။ ဒီအချက်ကို တိုက်ရိုက် ဘာသာပြန် ဖော်ပြကြတဲ့အခါ အရက်ဖြင့် ရောဂါပိုးကို သေစေနိုင်သည် ဆိုပြီး ရေးကြတဲ့အတွက် နားလည်မှုလွဲပြီး ရောဂါကာကွယ်ဖို့ အရက်သောက်ရင် ရတယ် ဆိုတာတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် အရက်သောက်ပြီး ကာကွယ်လို့ လုံးဝ မရပါ။

(၃) ဗီတာမင်ဒီသောက်ပြီး ဝူဟန်ကို ကာကွယ်နိုင်သလား?

ဗီတာမင်အပါအဝင် သက်စောင့်ဓာတ်တွေဟာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ အာဟာရပြည့်အောင် စားသုံးမယ်ဆို သာမန်အားဖြင့် လုံလောက်ပါတယ်။ လိုတာထက် ပိုများလွန်းနေရင် အန္တရာယ် ရှိပါတယ်။ အခုဖြစ်နေတဲ့ ဝူဟန်အတွက် ဗီတာမင်ဒီက ကာကွယ်ပေးနိုင်ခြေ မရှိပါ။ တန်ဆေး လွန်ဘေး ဆိုတာကို သတိထားပါ။

(၄) ရောဂါမဖြစ်အာင် ငရုတ်ကောင်း ခုနှစ်စေ့ထောင်းစားပါ

ငရုတ်ကောင်းမှာ ဆေးဘက်ဝင်တာတွေ အများကြီး ရှိနိုင်ပါတယ်။ စားချင်ရင် တော့ စားပါ။ ဒါပေမဲ့ ဒါစားထားပြီးပြီဆိုပြီး အရေးကြီးတဲ့ အချက်တွေ ဥပမာ- လက်ကို မကြာခဏဆေးဖို့၊ လူထူထပ်တဲ့နေရာ မသွားဖို့၊ နှာချေ ချောင်းဆိုးရင် ကာကွယ်ထားဖို့ စတာတွေကို မမေ့သွားဖို့ လိုပါတယ်။

(၅) ဝူဟန်ဓာတ်ခွဲခန်းက ပိုးတွေ ပျံ့လာတာဆို?

ဖြစ်နိုင်ခြေ နည်းပါတယ်။ ဟုတ်ခဲ့ရင်တောင် သေသေချာချာ စစ်ဆေးပြီးမှ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေတွေအရ အရင်ဖြစ်ခဲ့တုန်းကလိုပဲ ရောဂါပိုးက ဗီဇပြောင်းလဲရာကနေ ဖြစ်ပွားလာတာ ဖြစ်နိုင်ပါတယ်။ သုတေသနဓာတ်ခွဲခန်းကနေ ဖြစ်လာတယ်ဆိုတာ ဖြစ်နိုင်ခြေ အင်မတန် နည်းပါတယ်။

(၆) ဝူဟန်မှာ လူနာတွေ တဗိုင်းဗိုင်းလဲကျနေတာဆို?

သည်ရောဂါက ရုပ်ရှင်ထဲကလို ဖြစ်နိုင်တာမျိုးမဟုတ်ပါ။ ရောဂါသဘာဝအရကို ရောဂါပျိုးချိန် ၁၄ ရက်အတွင်း ကိုယ်ပူဖျား၊ လည်ချောင်းနာ၊ နှာရည်ယို၊ နှာချေ စတာတွေဖြစ် နောက်ပိုင်းမှာ အသက်ရှူကျပ်တာတွေ ဖြစ်လာမှာပါ။ ချက်ချင်း ဝုန်းဒိုင်းကြဲ လမ်းလျှောက်နေရာကနေ လဲကျလောက်စရာ မရှိပါ။

(၇) တရုတ်အစိုးရက သတင်းထဲမှာ လျော့ပေါ့ပြောတာဆို?

မဖြစ်နိုင်လောက်ပါ။ အခုခေတ်ကြီးက ဖွက်ထားလို့ ရတဲ့ခေတ် မဟုတ်ပါ။ သတင်းအတုတွေကြောင့်ပဲ လူတွေ စိတ်ပူပန်မှုတွေ ပိုလာနိုင်တာပါ။ လူတွေအများကြီး သေကြေတဲ့သတင်းမျိုးဆို ဖွက်ထားလို့ မရနိုင်ပါ။

(၈) နှာခေါင်းစည်း သုံးရတော့မလား?

လူထူထပ်တဲ့နေရာ အတတ်နိုင်ဆုံး မသွားဖို့၊ လက်ကို စနစ်တကျ ဆပ်ပြာနဲ့ဆေးဖို့၊ အာဟာရပြည့်အောင်စားဖို့၊ အိပ်ရေးဝအောင် အိပ်ဖို့ စတာတွေကို ပထမ ဦးစားပေးကြပါ။ နှာခေါင်းစည်းထက် အဲ့ဒါတွေက ပိုလိုပါတယ်။ အရင်ကလည်း တုပ်ကွေးဖြစ်ကြတုန်းက ကိစ္စကို ပြန်စဉ်းစားကြပါ။ လူနာကို တကယ်ကိုင်တွယ်တဲ့သူတွေမှာဆိုရင်တော့ နှာခေါင်းစည်းက မဖြစ်မနေ လိုပေမဲ့ အခြားသူတွေအတွက်ကတော့ စောစောက ပြောခဲ့တာတွေကို ပိုဂရုစိုက်ဖို့ လိုပါတယ်။

ခရက်ဒစ် HealthyLifeJournal