တ ရုတ်နိုင်ငံကနေ စတင်ပြီး တစ်ကမ္ဘာလုံးကို စူပါဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်လို့ ခြောက်လအတွင်း ကမ္ဘာမှာ လူ ၃၃ သန်း သေဆုံးရနိုင်တယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်က မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်ဟာ ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။

အဲဒီ စူပါဗိုင်းရပ်စ်ပိုးဟာ အလျင်အမြန် ပြန့်နှံ့ပြီး ကမ္ဘာရောဂါကပ်ဘေးလို ဖြစ်လာနိုင်လို့ စစ်ပွဲအတွက် ပြင်ဆင်ထားသလို ကြိုတင်ပြီး ပြင်ဆင်ထားသင့်တယ်လို့ ဘီလ်ဂိတ်က သတိပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆာချူးဆက်ဆေးသိပ္ပံအသင်းက ကျင်းပတဲ့ ညီလာခံတစ်ရပ်မှာ ပြောကြားခဲ့ချိန်က ဘီလ်ဂိတ်ဟာ အပြုသဘောဆောင်ပြောခဲ့ပေမယ့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ သတိပေးခဲ့ပါတယ်။

“ဇီဝပိုးဆိုင်ရာ ခြိမ်းခြောက်မှုတွေမှာ အားချင်းတုံ့ပြန်နိုင်မယ့် စွမ်းရည်ဟာ ကမ္ဘာမှာ ယိုပေါက်ကြီး ရှိနေတယ်။ ကမ္ဘာအနေနဲ့ စစ်ပွဲအတွက် ပြင်ဆင်သလိုမျိုးကို တစ်ကမ္ဘာလုံးပြန့်နှံ့ဖြစ်ပွားမယ့် ရောဂါကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီ။”လို့ ဘီလ်ဂိတ်က ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒီလို စူပါဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပွားပျံ့နှံ့ဖွယ်ရှိတာကို ဗီဒီယိုတွေနဲ့တကွ ရှင်းပြခဲ့ပြီး တရုတ်ကနေ စတင်လို့ ကမ္ဘာအနှံ့ ပျံ့နှံ့ပြီး ခြောက်လအတွင်းမှာ လူ ၃၃ သန်း သေဆုံးရလိမ့်မယ်လို့ ဘီလ်ဂိတ်က သတိပေးခဲ့တာ ဖြစ်ပါတယ်။

တစ်နှစ်ပြည့်လို့ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး ဖြစ်ပွားပြန့်နှံ့ပြီး ပြည်ပကမ္ဘာ့နိုင်ငံတွေကိုပါ ကူးစက်လို့ နေပါပြီ။

လူသေစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးဖြစ်ပြီး ညတွင်းချင်းမှာ ကူးစက်ဖြစ်ပွားတဲ့ နိုင်ငံအရေအတွက်ဟာ နှစ်ဆခုန်တက်သွားပေမယ့် တစ်ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက် ဖြေရှင်းရေးကတော့ မရေမရာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ လက်ရှိအထိ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦး ရှိပြီး ကူးစက်ဖြစ်ပွားသူ ၃၀၀၀ နီးပါ ရှိနေပါပြီ။ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ ထိုင်းတို့မှာ ဒီရောဂါပိုး တွေ့ရှိခဲ့အပြီး ဗီယက်နမ်၊ စင်ကာပူ၊ ဆော်ဒီအာရေဗျနဲ့ ဟောင်ကောင်တွေမှာ ကူးစက်ကြောင်း အတည်ပြုလာရပြီ ဖြစ်ပါတယ်။