ကိုယ် ကိုယ်တိုင်က ဝူဟန်ဗိုင်းရပ်စ်ကို စိတ်ပူပြီးတော့စာတွေ တင်ခဲ့တယ်။ တဖြည်းဖြည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ လိုအပ်တာထက်ပိုပြီး ဒီ ဗိုင်းရပ်စ် သတင်းဆိုးတွေ အားရပါးရ ဖေါင်းပွလာတာတွေ့တော့ ဒေဝေါကြီးလာတယ်ကြားယုံနဲ့ အလုပ်ပျက် စီးပွားပျက် ပြည်ပျက်မှာ စိုးရိမ်လာတယ်။ လူတော်တော်များများ ဝူဟန်အော်နေပြီး အလုပ်ပျက်အကိုင်ပျက် လန့်နေတာ မဟုတ်သေးပါဘူး လို့ တွေးမိတယ်။

အခု ၂၁ ရာစု ခေတ်သစ် ဗိုင်းရပ်စ်တွေထဲ ဆိုးလှပါပြီဆိုတဲ့ Ebola ၊ Sars အရှေ့အလယ်ပိုင်း MERS ဗိုင်းရပ်စ်တွေတောင်မှ တဖြည်းဖြည်း ပျောက်ကွယ်အောင် တိုက်နိုင်တဲ့ သိပ္ပံပညာရှင်တွေရှိနေတဲ့ကမ္ဘာကြီးပါ…. ဒီ ဝူဟန် ဗိုင်းရပ်စ်လည်းပျောက်သွားမှာပါ။ တရုတ်ကတော့ လူဦးရေသိပ်များသလို နှစ်သစ်ကူးရာသီမို့ လူ ဘီလီယံနဲ့ချီ အကူးအသန်းလုပ်ကြလို့ ပြန့်သွားမှာ စိုးရိမ်ပြီး သေချာလုပ်နေတာပါ။ ဒီရောဂါကြောင့် တရုတ်ခမျာ စီးပွါးရေး ဒေါ်လာ ၁၀၀ ဘီလီယံမက ဆုံးဖို့အထိ ရှိနေတယ်။

ကျွန်တော်တို့လည်းအလန့်လွန်ရင် အထိနာမှာစိုးတယ်။ ဝူဟန်ဗိုင်းရပ်စ် က အခုထိ လူ ၈၀ ယောက်သေတယ်၊ ကမ္ဘာမှာ တစ်ရက် ကားတိုက်သေတာ လူ ၄၀၀၀ နီးပါးရှိတယ်။ ကားလမ်းကူးတာ ပိုသတိထား ကူးကြဗျ။ တနှစ်တခါ ဖြစ်တဲ့ တုတ်ကွေး ဗိုင်းရပ်စ် က တနှစ် လူ လေးသိန်းသေတယ်တဲ့၊ ရိုးရိုးတုတ်ကွေးက ပိုတောင်ကြောက်စရာကောင်းသေးတယ်။ အခုဟာက အသစ်မို့ ဆန်းနေတာပါ။

Sars တုန်းက ပြည်သူအထိပ်တလန့်ဖြစ်တာနဲ့ ဘီလီယံ ၄၀ ဖိုး ထိသွားခဲ့တယ်။ သေသူ ၉၀၀ ဆိုတော့ လူတယောက်သေတိုင်း ဒေါ်လာ ၄.၄ သန်းဖိုး ဆုံးရှုံးတဲ့နှုံးပေါ့။ ခုဗိုင်းရပ်စ်က ၁၀၀ မှ ၄ ယောက်သေတယ်။ အသက်ကြီးလွန်း ငယ်လွန်း လို့ ကိုယ်ခံအားနဲသူတွေ အဆုတ်ရောဂါ ရှိသူတွေ ပိုထိတယ်။ ၉၆ ယောက် ရှင်ဆဲပါ။ လေ့လာဆဲပေမဲ့ လက်ရှိစာရင်းဇယားအရ ဗိုင်းရပ်စ်ပိုး အသစ်တွေထဲ ရှင်သန်မှုအများဆုံးနှုံးပါ။ ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီးက ဟိုတနေ့ အစည်းအဝေးလုပ်ပြီး ကမ္ဘာ့ အန္တရာယ်ရှိ ကူးစက်ရောဂါ လို့တောင် မကြေညာနိုင်သေးဘူး… လေ့လာကြည့်ဦးမယ်။ စောသေးတယ်တဲ့။

တချို့ပညာရှင်တွေက သတိတော့ထားပါ ဒါပေမဲ့ လွန်လွန်ကဲကဲ မကြောက်ဖို့သတိပေးထားပါတယ်။ နှာစီးချောင်းဆိုး ဗိုင်းရပ်စ်ပိုး ဆိုတာ မိုးတွင်းတိုင်းဖြစ်တတ်တာပဲ၊ သေချာကာကွယ်ထားရင် မကူးနိုင်ဘူးတဲ့။

ပညာရှင်တဦးကဆို တပေခွဲအကွာက စကားပြော၊ ဟိုဖက်ကလူက နှာစီးချောင်းဆိုးမို့ သိပ်စိတ်မချရင် သုံးပေအကွာကပြော ဗိုင်းရပ်စ်ကူးဖို့ မလွယ်ဘူးတဲ့။

ဗိုင်းရပ်စ်တို့မည်သည် လေထဲကကူးတယ် ဆိုပေမဲ့ (HIV မပါ) လက်က ကူးတာ ပိုများတယ်တဲ့၊ လူဟာ ဟိုလူ့လက်ဆွဲ ဒီလူ့လက်ကိုင် တနေ့ တနေ့ညစ်ပတ်နေတဲ့ လက်နဲ့ မျက်နှာပွတ်တာ အခါ ၈၀ ကျော်တယ်၊ လက်ကို မျက်နှာမထိအောင် ပိုသတိထားပါ လက်ကို ဆပ်ပြာနဲ့ ရေမှန်မှန်ဆေးပါ တဲ့။ ခန္တာကိုယ် ခုခံအားတက်အောင် အအိပ်အနေ အစားအသောက်သေချာစားပေးယုံနဲ့ ပိုးမဝင်အောင် ကာကွယ်နိုင်တယ်၊ ဗိုက်တာမင် C, D အရေးကြီးတယ်။ မနက်နေပူစာလှုံရင်း သံပုရာတီးလေး သောက်ပေါ့။

ကျွန်တော်တို့နိုင်ငံက ဝက်တုတ်ကွေး ကြက်တုတ်ကွေးအသားတွေတောင် တုတ်ထိုးလုပ် စွပ်ပြုတ်လုပ်သောက်ပြီး ဆေးပြီးနေတဲ့ နိုင်ငံပဲ… သိပ်မစိုးရိမ်ပါနဲ့၊ ကိုယ့်ခန္တာထဲ အောင်းနေတဲ့ ပိုးမျိုးတရာက ဝူဟန်လာလို့ အထုတ်ပိုက် ဆင်းပေးမှာ မဟုတ်ဘူး။ နေစရာရှားပါဘိနဲ့… ကိုင်ပစ်လိုက်လို့ ဝူဟန် တယောက် ဝူတန်ဂိုဏ်းပြန်ပြေးသွားရမှာ။

အခု ဝမ်းလျောဝမ်းပျက်တဲ့ ရိုတာဗိုင်းရပ်စ် ဆိုတဲ့ ပိုးတမျိုး မြန်မာပြည်ထဲ သောင်းကြမ်းနေတာကြ စိတ်မပူကြဘူး။ အရာရာ သိပ်ပြီး ပေါ့ပေါ့ မနေသင့်သလို ထိပ်လန့်လွန်တာကလည်း စီးပွားရေး လူမှုရေး ထိခိုက်နိုင်ပါတယ်။ ဥာဏ်သာလျှင်ရှေ့သွားထားပြီး ချင့်ယုံကြပါ။ ရောင်းကောင်းအောင်လှန့်ရေးနေတဲ့ သတင်းတွေ နဲနဲသတိထားကြပါ။

Kyaw Swa Min
လေးစားစွာဖြင့် Blacker