လူ အများစုဟာ မြန်မြန်ဆန်ဆန် အောင်မြင်မှုရလိုတဲ့အခါ တီဗီရှိုးတွေ၊ ပြိုင်ပွဲကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။ သူတို့မျှော်လင့်ထားတဲ့ အိပ်မက်တွေဆီကို အရောက်လှမ်းနိုင်ဖို့၊ စတားတစ်ယောက်ဖြစ်ဖို့အတွက် ဒီလိုအစီအစဉ်တွေမှာ ၀င်ပြိုင်ကြတာပါ။ ဒါပေမယ့်လည်း အချို့ပြိုင်ပွဲဝင်တွေကတော့ ကိုယ့်အိပ်မက်တွေအကောင်အထည်ဖော်ဖို့မဟုတ်ပဲ ကိုယ်ချစ်တဲ့သူတွေအတွက် ကြိုးစားပြီး ပြိုင်ပွဲဝင်ဖို့လာတာကို worldofbuzz သတင်းကနေ အခုလို သိရပါတယ်။အင်ဒိုနီးရှားတီဗီအဆိုပြိုင်ပွဲ Lida Dangdut Indonesia (LIDA) မှာ ကောင်မလေးတစ်ယောက် လာပြိုင်ပါတယ်။ ကောင်မလေးနာမည်က ဂျန်နာပါ။ ဂျန်နာဟာ သူမအမေက ဆီးချိုဖြစ်နေလို့ ဆေးကုစရိတ်ရှာဖို့ဆိုပြီး ပြိုင်ပွဲကိုလာပြိုင်တာပါ။ ပြိုင်ပွဲမှာ ချောချောမောမောနဲ့ သီဆိုနိုင်ခဲ့ပြီး နောက်တဆင့် ဆက်ပြိုင်ဖို့ ပါသွားခဲ့ပါတယ်။ အဆိုပြိုင်ပွဲ နောက်တဆင့်ပါသွားတဲ့အကြောင်း ၀မ်းသာစရာသတင်းကို အိမ်ကို ဖုန်းဆက်ပြီးပြောနိုင်ဖို့ ပြိုင်ပွဲက လူတွေက စီစဉ်ပေးခဲ့ပါတယ်။
ဒါကြောင့် ဂျန်နာဟာ သူမမိခင်ကို စောင့်ရှောက်ပေးနေတဲ့ ဦးလေး ပက်ခ်မက်စ်ကို ဖုန်းခေါ်လိုက်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာပဲ အဆိုပြိုင်ပွဲနောက်တဆင့်တက်သွားတဲ့ သတင်းကောင်းကို စိတ်ထိခိုက်ဖွယ် သတင်းတစ်ခုက အနိုင်ယူသွားခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဂျန်နာရဲ့မိခင်ဟာ ဂျန်နာဖုန်းမခေါ်ခင် မိနစ်ပိုင်းလေးတင်ကပဲ ရုတ်တရက် နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
သနားစရာ ပြိုင်ပွဲဝင်လေးရဲ့ အဖြစ်ကိုတော့ အဇင်းမ် ကာမာရူဇာမန်ဆိုသူ ဗီဒီယိုရိုက်ကူးပြီး တွစ်တာပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဇင်းမ်က “အသက် (၁၄) နှစ်ပဲ ရှိသေးတဲ့ ကောင်မလေးတစ်ယောက်က အင်ဒိုနီးရှားအဆိုပြိုင်ပွဲ LIDA ရဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ကောင်မလေးက ပျော်နေပါတယ်။ ဒီသတင်းကောင်းကို မိသားစုနဲ့အတူ မျှဝေခံစားလိုပေမယ့် မဖြစ်နိုင်တော့ပါဘူး။ ကောင်မလေးအမေက လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးကတင် ကွယ်လွန်သွားခဲ့တာပါ။ စိတ်မကောင်းစရာပါပဲ…” လို့ ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာတော့ ဂျန်နာက ဦးလေးကို ဖုန်းခေါ်ပြီး အမေဘယ်လိုနေသေးလဲ၊ ဘယ်မှာရောက်နေလဲဆိုပြီး မေးခဲ့တာပါ။ ဒီအခါ ဂျန်နာရဲ့ ဦးလေးကနေပြီး “ဂျန်နာ.. သမီး…သမီးအမေက သမီးကို ကြံ့ခိုင်အောင်နေဖို့ ပြောသွားတယ်။ အခုဆိုရင် မိသားစုကို သမီးကပဲ စောင့်ရှောက်ရတော့မှာ။ သမီးတို့ ဦးလေးတို့က သမီးအမေကို ချစ်တာ မှန်ပါတယ်။ ဒါပေမယ့် ဘုရားက သမီးအမေကို ပိုချစ်တယ် သမီးရဲ့။ အမေ့ကို ဘုရားက ခေါ်သွားပြီ…” ဆိုပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းအကြားမှာတော့ ကောင်မလေးဟာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာခဲ့ပြီး ဒိုင်တွေတောင်မှ ဟန်မဆောင်နိုင်ပဲ မျက်ရည်ကျခဲ့တာကိုလည်း ဗီဒီယိုလေးထဲမှာ စိတ်မကောင်းဖွယ် တွေ့ရပါသေးတယ်။
Anak berusia 14thn & lulus ke Pertandingan Liga Dangdut Indonesia 2020.. Saat beliau gembira & mau berkongsi cerita dengan keluarga, pakcik memberi khabar duka..
Ibunya meninggal dunia beberapa minit yang lalu.. Luluh hati ni!
1/2 pic.twitter.com/iSI4uwLrhN— Azim Kamaruzzaman (@RealAzimK) January 21, 2020
Credit ShweMom