ခရီး သွားများ ကျောင်းတိုက်သို့ လွတ်လပ်စွာ လာရောက်လည်ပတ်နိုင်ကြောင်း ဟိုတယ်/ခရီး ထုတ်ပြန်

ဘုန်းနေ၊ ဇန်နဝါရီ – ၂၆

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ တရုတ်ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်ခြင်း မပြုရန် ကျောင်းတိုက်နေ သံဃာတော်အချို့က ယနေ့ ဇန်နဝါရီ(၂၆)ရက်တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်(2019 nCov ) ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေစဉ် ကာလအတွင်း တရုတ်ခရီးသွား ဧည့်သည်များ အနေဖြင့် မန္တလေးမြို့ ၊ အမရပူရမြို့နယ် ရှိ

မဟာဂန္ဓာရုံကျောင်းတိုက်ရှိ လာရောက်လည်ပတ်ခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း ရေးသားထားသည့် စာတစ်စောင်ကို မဟာဂန္ဓာရုံ သံဃာတော်များ အမည်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“တရုတ်ခရီးသွားများအား မေတ္တာရပ်ခံချက်- ဗိုင်းရပ် ရောဂါကြောင့် သံဃာတော်များ ရောဂါ ကူးစက်မည် စိုးရိမ်၍ မလာရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။

….မဟာဂန္ဓာရုံ သံဃာတော်များ” ဟု ရေးသားထားသည့် မေတ္တာရပ်ခံချက် စာတစ်စောင်ကို ယနေ့ ဇန်နဝါရီ(၂၆)ရက်တွင် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့ လာရောက်သည့် တရုတ်ဧည့်လမ်းညွှန်များထံ ဖြန့်ဝေခဲ့သည်။

အဆိုပါ စာရွက်ကို ဖြန့်ဝေခဲ့သည်မှာ ဟုတ်မှန်ကြောင်း ယင်းကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် သံဃာတော် တစ်ပါးက Mandalay In-depth News အား အတည်ပြု ပြောသည်။

လူမှု ကွန်ရက်တွင် ပျံ့နှံ့နေသော ဝူဟန် ရောဂါ သတင်းများကြောင့် သံဃာတော်များစိုးရိမ်မှု ရှိနေရာ သံဃာတော်များကိုယ်စား ကျောင်းတိုက်ရှိ အကြီးအကဲ သံဃာတော် တစ်ပါးပါး က စာစီဖြန့်ဝေစေခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

“ဖြန့်ဝေထားတာတော့ ဟုတ်တယ်။ မနက်ဖြန်က စပြီးတော့ ရောဂါပျောက်တဲ့အထိပေါ့။ တရုတ်ခရီးသွား သက်သက်ပဲ။ အခြားနိုင်ငံခြားသား မပါဘူး။ ဦးဇင်းတစ်ပါးကနေ တရုတ် လမ်းညွှန်တွေက တဆင့် ပြန်ဖြန့်ခိုင်းတာ။

အင်တာနက်ပေါ်ပြန့်နေတာဆိုတော့ သံဃာတော် အတော်တော်များက ဒီရောဂါကို ကြောက်လန့်နေကြတာ။ သံဃာတော် အကြီးအကဲ တစ်ပါးပါးက စာစီပြီးဖြန့်လိုက်တာ။

မဟာနာယကချုပ်က မိန့်တာ မဟုတ်ဘူး။ မဟာနာယကချုပ် အမိန့်တို့ တံဆိပ်တို့ မပါဘူး။ ရောဂါကြောက်လို့ ထုတ်လိုက်တာ ဖြစ်မယ်။” ဟု ၎င်းက ဆိုသည်။

အဆိုပါ စာရွက်ဖြန့်ဝေမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ် နှင့် ခရီသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူများ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ ကျောင်းတိုက်သို့ လာရောက်၍ ညှိနှိုင်းဖြေရှင်းမှုများ လုပ်ဆောင်ခဲ့သည်။

ထို့နောက် မဟာဂန္ဓာရုံကျောင်းတိုက်သို့ တရုတ်နိုင်ငံသား ခရီးသွားများ လာရောက်ခြင်း မပြုရန် ထုတ်ပြန်သည်မှာ မဟုတ်မှန်ကြောင်းနှင့် မည်သူမဆို လာရောက်လည်ပတ်နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အထက်မြန်မာပြည် (မန္တလေးဌာနခွဲ)မှ ပြန်လည်ထုတ်ပြန်ခဲ့သည်။

ယနေ့ နံနက်တွင် လူမှုကွန်ယက်တွင် ပျံ့နှံနေသော နိုင်ငံခြားသားခရီးသွားများ မလာရောက်ကြပါရန် မေတ္တာရပ်ခံချက်သည် မှန်ကန်ခြင်းမရှိ ပါကြောင်းနှင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနိုင်းကာ နာယက ဆရာတော်ကြီးများထံ တာဝန်ရှိသူများ ကိုယ်တိုင်သွားရောက် လျောက်ထားခဲ့ပြီးဖြစ်၍

ပုံမှန်အတိုင်းသွားရောက် ကြည်ညိုနိုင်ပါကြောင်း အသိပေးအပ်သည် ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်)က ပြန်လည်သတင်းထုတ်ပြန်သည်။

မဟာဂန္ဓာရုံကျောင်းတိုက်သို့ မည်သူမဆို လွတ်လပ်စွာ လည်ပတ်နိုင်သည်ဟု နာယကဆရာတော်များက မိန့်ကြားသလို လာရောက်လည်ပတ်ခြင်း မပြုရန် စာထုတ်ပြန်သည်မှာလည်း မဟုတ်မှန်ကြောင်း ဟိုတယ်နှင့် ခရီးသွား တာဝန်ရှိသူများက ဆိုသည်။

မဟာ ဂန္ဓာရုံကျောင်းတိုက် နာယက ဆရာတော်၊ သံဃာတော်ကြီးများ အနေဖြင့် မည်သည့် သတိပေးမေတ္တာရပ်ခံချက်မှ ထုတ်ပြန်ထားခြင်း မရှိဟု ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။

တရုတ်နိုင်ငံတွင် ရောဂါပြန့်ပွားမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း တရုတ်ခရီးသွားများသည် မြန်မာနိုင်ငံ သို့ ဆက်လက် ဝင်ရောက်နေဆဲဖြစ်သောကြောင့် သံဃာတော်များ၏ မေတ္တာရပ်ခံချက်သည် ကောင်းမွန်ကြောင်း မန္တလေးမြို့ခံ ဧည့်လမ်းညွှန်တစ်ဦးက သုံးသပ်သည်။

“ဆရာတော်တွေအပေါ် ကူးစက်မှာ စိတ်ပူတယ်။ အဲဒါကြောင့် အခုလို ခဏ ပိတ်လိုက်တာ သဘောတော့ကျတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့ ၊ အမရပူရမြို့နယ် ရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ နေ့စဉ် တရုတ်နိုင်ငံသား ခရီသွားဧည့်သည် (၅၀၀)နှင့် (၁၀၀၀)ကြား လာရောက်လည်ပတ်မှုရှိသည်။

တရုတ်အစိုးရ၏ ထုတ်ပြန်ချက် အရ ဇန်နဝါရီ ၂၆ ရက် အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦး အထိ ရှိလာပြီး ကမ္ဘာတဝန်းသို့ပြန့်နှံ့ ကူစက်ဖြစ်ပွားသူ အရေအတွက်မှာ ၂၀၀၀ ခန့် ရှိပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ရေးသားဖော်ပြသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော ပြင်းထန်သော အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါ ကိုရိုနာဗိုင်းရပ်စ် (2019 Novel Coronavirus) သည်

ဆားစ်ရောဂါ(SARS) မားစ်ရောဂါ (MERS) တို့ကို ဖြစ်ပွားစေခဲ့သော ရောဂါပိုးများနှင့် မျိုးနွယ် အုပ်စုတူအမျိုးအစားဖြစ်ပြီး အသက်သေဆုံးခြင်း အထိ ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

Photo – Bhone Nay (Mandalay In-depth News)