ဝ မ်းန ည်းကြေကွဲဖွယ်ရာ ဒေါ်နန်းရဲ့ သမိုင်း

မိုးကုတ်အနောက်ပိုင်း ကြပ်ပြင်မြို့ကို စဝင်လိုက်ပြီဆိုတာနဲ့ မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ ဘုရားတွေ စေတီတွေနဲ့ သာယာလှပတဲ့ ဒေါ်နန်းကြည့်တောင်တန်းကြီးကို တွေ့ရပါလိမ့်မယ် နှစ်စဉ် တပိုတွဲလပြည့်နေ့မှာ ဘုရားပွဲကျင်းပပြုလုပ်လေ့ရှိပြီး

တောင်ထိပ်အထိ ကားလမ်းလည်းရှိပြီး သာယာလှပသောကြောင့် ဘုရားဖူးဧည့်သည်များ ဒေသခံလူများနှင့် အင်မတန်မှ စည်ကားသိုက်မြိုက်နေပါသည်

ထူးခြားတဲ့ သမိုင်းကတော့

တစ်ချိန်က ချင်းတွင်းဒေသ ချင်းလူမျိုး ငမောက်ဆို တဲ့ လူငယ်တစ်ဦးဟာ မြန်မာပြည်က ကုန်တွေ လိုက်ရောင်းရင်း မိုးကုတ်ဒေသ ကြပ်ပြင်မြို့ကို ရောက်လာတယ်

အဲ့ဒီတစ်ချိန်က ကြပ်ပြင်မြို့ရယ် ကသဲမြို့ရယ် မိုးကုတ်အရှေ့ပိုင်းရယ်လို့ သုံးမြို့ပေါင်းပြီး မိုးကုတ် ဒေသ ပတ္တမြားကျောက်တွင်းနယ်လို့ ခေါ်ကြပါတယ်

ဒီမြို့လေးနာမည်တွင်လာပုံလေးက ဘုရင့်နောင်မင်းတရာကြီး လက်ထက် မြန်မာသက္ကရာဇ် (၉၂၁) နှစ် အဲ့ဒီအချိန် မင်းတရားကြီးသည် ကသဲစော်ဘွားကို နှိမ်နင်းအောင်မြင်ပြီး ဖမ်းစီးရမိတဲ့ ကသဲသုံ့ပန်းတွေကို မိုးကုတ် ဒေသကိုပို့လိုက်တယ်

အဲ့ဒီကသဲလူမျိုးတွေ စတင်နေထိုင်ခဲ့တဲ့နေရာကို ကသဲရပ်လို့ ခေါ်ကြတယ် ကသဲလူမျိုးတွေဟာ လူဦးရေတိုးလာတော့ တဖြည်းဖြည်းနဲ့ ရပ်ကွက်တွေ တိုးချဲ့လာကြတယ်

အဲ့ဒီတိုးချဲ့နေရာတွေမှာ နေထိုင်ကြတဲ့ ကသဲလူမျိုးတွေဟာ သူတို့ရဲ့ ဓလေ့ထုံးစံအရ ထမင်းဟင်း ချက်ပြုတ် မစားခင်မှာ သန့်ရှင်းအောင်ဆိုပြီး ရေအရင်ချိုးရတယ် မိုးကုတ်ဒေသက ရေခဲတဲ့ အဆင့်ထိအေးတဲ့ဒေသဆိုတော့

ကသဲလူမျိုးတွေဟာ ရေချိုးပြီးတဲ့အခါ နွေးအောင်ဆိုပြီး ဒေသအခေါ် ကျပ်တင်သလို မီးဖိုနားမှာ ကပ်နေကြရတယ် ဒါကြောင့် အဲ့ဒီဒေသကို ကျပ်တင်ဒေသလို့ခေါ်ရာကနေ နောက်တော့ (ကျပ်ပြင်)ရယ်လို့ ဖြစ်လာပါတယ် ။

အဲ့ဒီလို မိုးကုတ်မြို့ရယ်လို့ ဖြစ်လာမယ့်နေရာမှာလည်း မိုးချုပ်တာစောပြီး မှောင်လွယ်တာမို့ မိုးချုပ်ဒေသလို့ခေါ်ရာကနေ နောင်မှာ မိုးကုတ်ဒေသ ဆိုပြီး ဖြစ်လာပါတယ်

ကဲ သမိုင်းလေးဆက်မယ်ချင်းတွင်းဒေသကနေ ကုန်ရောင်းလာတဲ့ ငမောက်ဆိုတဲ့ လူငယ်လေးဟာ အဲ့ဒီမှာပဲ လှပျိုဖြူတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ငမောက်ဟာ နေရာအနှံ့လှည့်ပြီး ကုန်ရောင်းတဲ့ အလုပ်ကို မလုပ်တော့ပဲ အင်းဂေါင်းအရပ်မှာ ခြံအကျယ်ကြီးနဲ့ စိုက်ပျိုးရေး လုပ်ငန်းကိုအခြေချလုပ်ကိုင်နေခဲ့တယ်

ဒီလိုနဲ့ တစ်ညမှာ ငမောက်ဟာ အပေါ့အပါးထစွန့်ရင် နေ့ခင်းကအပင်စိုက်ရန်တူးစွထားသည့် မြေနေရာမှ လရောင်ကြောင့် အရောင်တွေဖြာထွက်နေတဲ့ နီနီရဲရဲကျောက်တုံးကြီးကို တွေ့သွားပါလေရော

ဒါနဲ့ ငမောက်လည်း ဒီအရောင်တွေဖြာထွက်နေတဲ့ ကျောက်နီတုံးကြီးဟာ တန်ဖိုးကြီးမှန်းရိပ်မိပြီး နောက်တနေ့မှာ သူ့ ယောက်ဖဖြစ်သူ မောင်ရွှေ ဆိုသူနဲ့တိုင်ပင်ကြတယ် အကိုကြီး ဒီကျောက်ဟာ အင်မတန်မှ တန်ဖိုးကြီးတော့ ဒီအတိုင်းရောင်းရင် အန္တရာယ်များတယ်

ဒါကြောင့် ကျွန်တော်ကုန်သည်ဘဝက ခင်မင်ရင်းနီးခဲ့တဲ့ တရုတ်ပြည်က ကုန်သည်တစ်ဦးရှိတယ် သူ့ကိုရောင်းခိုင်းရင် ဈေးကောင်းလည်း ရမယ် ဘယ်သူမှလည်း သိတော့မှာ မဟုတ်ဖူး ဆိုပြီး

ကျောက်ကြီးကို နှစ်ခြမ်းခွဲကာ တစ်ခြမ်းကို တရုတ်ပြည်ဘက်ရောင်းပြီး တစ်ခြမ်းကို မြန်မာဘုရင်မင်းမြတ်ထံတစ်ခြမ်းဆက်သလိုက်တယ် ဘုရင်မင်းမြတ်လည်း ကျောက်ကြီးကိုကြည့်ပြီး

အင်မတန်သဘောကျကာ ငမောက် လာဆက်သသောကြောင့် ပတ္တမြားငမောက်လို့ အမည်ပေးပြီး ငမောက်ကိုလည်း ဆုတော်လာဘ်တော်များ ချီးမြင့်ပေးသနားတော်မူလိုက်တယ်

ဒီလိုနဲ့ ငမောက်တို့မိသားစုဟာ သားသ္မီးတွေကို ရှင်ပြု အလှူပေးပြီး မိုးကုတ်ဒေသထုံးစံအရ ကျောက်အောင်ရင် ဘုရားတည်ကြလေ့ရှိသလို ငမောက်လည်း ဘုရားတည် အလှူပေးပါတော့တယ်

မကြာပါဘူး တရုတ်ပြည်မှာ နန်းတွင်း အရှုပ်အရှင်း ဖြစ်ပြီး မင်မင်းဆက်ပျက်တော့ စစ်ရှုံးတဲ့ တရုတ်မျိုးနွယ်စုတစ်စုဟာ မြန်မာပြည်ဘက်ကိုကူးပြီး မြန်မာဘုရင်မင်းထံမှာ ခိုလှုံခွင့်တောင်းပြီး နေကြတယ်

အဲ့ဒီအထဲမှာမှ ငမောက်ရောင်းလိုက်တဲ့ ကျောက်ကုန်သည်ကလည်း ပါလာလေရော ဒါနဲ့ သူစီမှာရှိတဲ့ ကျောက်တစ်ခြမ်းကိုလည်း မြန်မာဘုရင်မင်းထံ ဆက်သတဲ့အခါမှာတော့ မြန်မာဘုရင်မင်းလည်း ငမောက်ဆက်ထားတဲ့ ပတ္တမြားနဲ့ ယ္ခုပတ္တမြားကို ယှဉ်ကြည့်တဲ့အခါ တစ်လုံးထဲကနေခွဲထားမှန်းသိပြီး

ပဒေသရာဇ်ခေတ်ရဲ့ အာဏာရှင်စနစ်ဆိုးကြီးအတိုင်းပဲ သူ့ကို အလုံးလိုက်မဆက်သရကောင်းလားဆိုပြီး ဒေါသအကြီးအကျယ်ထွက်ကာ ငမောက်နဲ့ သူ့အမျိုးအနွယ်အားလုံးကို မီးလောင်တိုက်သွင်းကာကွပ်မျက်စေအမိန်ချလိုက်သတဲ့ဗျာ

ငမောက်နဲ့ဆွေမျိုးတွေကိုကွပ်မျက်ဖို့ ခေါ်သွားခဲ့တဲ့နေရာဟာ ရေနဲ့ဝေးရာအရပ်မို့ ရေဝေးရပ်ဆိုပြီး ယနေ့အချိန်ထိ မိုးကုတ်မှာ အဲ့ဒီရွာနာမည်ခေါ်နေတုံးပါ ပဲ

အဲ့ဒီရွာနဲ့ မနီးမဝေးမှာလည်း ငမောက်တို့ဆွေမျိုးတွေကို သတ်ဖို့ အလောင်းစင်ဆောက်ခဲ့တဲ့နေရာကို အလောင်းစင်နေရာလို့ခေါ်ဆိုရာကနေ နောင်မှာ လောင်းစင်ရွာဆိုပြီ ဖြစ်လာခဲ့ပါတော့တယ်

ငမောက်နဲ့ဆွေမျိုးအားလုံးကို သတ်ခဲ့ပေမဲ့ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ သူတစ်ဦးတော့ရှိခဲ့ပါတယ် သူကတော့ ငမောက်ရဲ့ အမတော်သူ ဒေါ်နန်း ဆိုတဲ့ အမျိုးသ္မီးတစ်ဦးဖြစ်ပါတယ် သူထွက်ပြေးရင်းနဲ့ ကြပ်ပြင်မြို့နားမှာရှိတဲ့ တောင်တန်းကြီး တစ်ခုပေါ် ရောက်သွားရှာတယ်

အဲ့ဒီတောင်ပေါ်ကနေ လှန်းကြည့်လိုက်ရင် သူ့ရဲ့ မောင်လေး ငမောက်နဲ့ ဆွေမျိုးတွေကိုမီးရှို့သတ်ခဲ့တဲ့ နေရာကိုမြင်နေရတယ်

ဒေါ်နန်းဟာ အဲ့ဒီနေရာကနေထွက်နေတဲ့ မီးခိုးတွေကို ကြည့်ပြီး ရင်ထဲမှာစို့တက်လာကာ ရင်ကွဲနာကျပြီး သေသွားခဲ့ရှာပါလေရော သေခါနီးအစွဲကြောင့် ဒေါ်နန်းဟာ အဲ့ဒီတောင်ပေါ်မှာပဲ အစောင့်ဖြစ်သွားတယ်လို့ ဆိုကြတယ်

တောင်ပေါ်မှာလည်း ယ္ခုချိန်ထိ မယ်နန်းကြည် နတ်နန်းရယ်လို့ သီးခြားနေရာနဲ့ဆောက်ပေးထားတာတွေ့ရပါတယ်

အဲ့ဒီတောင်ကိုလည်း ဒေါ်နန်းကြည့်တောင်လို့ ခေါ်ရာကနေ နောက်တော့ ဒေါ်နန်းကြည်တောင်ရယ်လို့ ဖြစ်လာခဲ့ပါတော့တယ်

ဒေါ်နန်းဟာ တန်ဖိုးကြီးတဲ့ ကျောက်တစ်ပွင့်ကြောင့် သူ့မောင်ငမောက်နဲ့ ဆွေမျိုးတွေသေကြရရှာတာကို စိတ်နာပြီး သူ့နတ်နန်းရှိတဲ့ တောင်ကြောမှာ ကျောက်လုံးဝမထွက်ပါစေနဲ့လို့ကျိန်စာတိုက်ခဲ့ပါသတဲ့

ထူးခြားတိုက်ဆိုင်စွာပဲ မိုးကုတ်မြို့နဲ့တောင်တန်းတွေ နေရာတိုင်းမှာ ကျောက်ထွက်ပေမဲ့ ဒေါ်နန်းကြည် တောင်ပေါ်မှာတော့ ကျောက်လုံးဝလုံးဝ မထွက်တော့ပါဘူးတဲ့ 😔😔😔

ဒီသမိုင်းလေးဟာ ဒေါ်နန်းကြည် သမိုင်းသာမကပဲ မြန်မာ့သမိုင်းရာဇဝင်ထဲက ပတ္တမြားငမောက်ကျောက်ရဲ့ သမိုင်းရာဇဝင်လည်း ဆက်စပ်နေသော ပတ္တမြားမြေက သမိုင်းရာဇဝင်လေးပဲ ဖြစ်ပါတယ်

ကိုးကား-မောင်ထွန်းဦး (မိုးကုတ်)စာအုပ်ထဲမှ ကူးရေးသည် D.M.P.Y.

ရင်နင့်ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေး အတိုင်းပါပဲလား နန်းရေ

ချယ်ရီတွေငိုနေပြီနန်းရယ် ဆိုတာ ဒါပြောတာနေမှာ

မိုးကုတ်ရောက်ရင် ဒေါ်နန်းကို သွားနှုတ်ဆက်ပါ

U Dhammapiya