မိုး ညှင်း၊ ဇန်နဝါရီ ၂၅ – ကချင်ပြည်နယ် မိုးညှင်းမြို့တွင်အသက်(၁၄)နှစ်အရွယ် မိန်းကလေးကို အသက်(၄၈)နှစ်အရွယ်အမျိုးသားက ပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ(၂၂)ရက် ည(၇)နာရီခွဲအချိန်ခန့် က မ——အသက်(၁၄)နှစ်သည်နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ဖခင်၏သူငယ်ချင်းဖြစ်သူ ခင်မောင်ဋ္ဌေး(ခ)ဖိုးဆရာဆိုသူရောက်ရှိလာပြီး မ—-ရှိ​နေသည့် အိပ်ခန်းအတွင်းအထိဝင်ရောက်လာကာ ၎င်းအားတွန်းလှဲပြီး ပြုကျင့်ရန်ကြံစည်ခဲ့သည်။

ထို့​နောက်မ——-က “ကယ်ကြပါဦး၊ ကျွန်မအခန်းထဲကို ဦးခင်မောင်ဋ္ဌေးဝင်လာလို့ ” ဟုအော်ဟစ် အကူအညီ​တောင်းခဲ့ရာ ပတ်ဝန်းကျင်ရှိအမျိုးသားတစ်ဦးမှ “ဟဲ့ ဘာဖြစ်တာလဲ” ဟုအသံပြုခဲ့သဖြင့်ခင်မောင်ဋ္ဌေး(ခ)ဖိုးဆရာသည် အိမ်အောက်သို့ ဆင်းသွားခဲ့ပြီး (၅)မိနစ်ခန့် အကြာတွင် အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာကာ “မင်းအော်ဦးမလား” ဟု​ပြောပြီး မ——၏ ပါးကို (၂)ချက်ရိုက်ခဲ့သည်။

ဆက်လက်ပြီး ခင်မောင်ဋ္ဌေး(ခ)ဖိုးဆရာ က မ——-၏မျက်နှာကိုလက်ဖြင့်ညှစ်ပြီး အင်္ကျီအားဆွဲခဲ့သဖြင့်မ—–က ၎င်း၏ ခန္ဓာကိုယ်အားကွေးလျက်ထိုင်ချလိုက်သည်။ ခင်မောင်​ဋ္ဌေး(ခ)ဖိုးဆရာက မ—–ဝတ်ထားသောဘောင်းဘီကိုဆွဲချွတ်စဉ် ၎င်းလက်ကို မ——က သွားဖြင့်ကိုက်ကာနေအိမ်အောက်ထပ်သို့ ပြေးဆင်းလာခဲ့ပြီး တစ်ရပ်ကွက်တည်းနေ မမသန်း(အမည်လွှဲ)၏ နေအိမ်သို့ ထွက်ပြေးခဲ့သည်။

ခင်မောင်​ဋ္ဌေး(ခ)ဖိုးဆရာသည် မမသန်း(အမည်လွှဲ)၏အိမ်​ရှေ့ အထိလိုက်လာကာ “မ—-မလာဘူးလား” ဟုအော်ဟစ်ခေါ်ဆိုခဲ့ရာ မမသန်း၏မိခင်ဖြစ်သူက “လာမခေါ်နဲ့ ” ဟုအော်ပြောခဲ့​သော​ကြောင့် ခင်မောင်​ဋ္ဌေး(ခ)ဖိုးဆရာမှာပြန်သွားခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်ကြောင့် မ——–က မိုးညှင်းမြို့မရဲစခန်းသို့ ဇန်နဝါရီ(၂၃)ရက်ည (၈)နာရီခွဲအချိန်တွင် တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့သဖြင့် ခင်မောင်​ဋ္ဌေး(ခ)ဖိုးဆရာ၊ အသက်(၄၈)နှစ်၊ (ဘ)ဦးခင်မောင် အရှေ့စုရပ်ကွက်(၁)လမ်း မိုးညှင်းမြို့နေထိုင်သူကို မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၀/၂၀၂၀ ပုဒ်မ ၄၅၇/၃၇၆/၅၁၁ ဖြင့်အမှုရေးဖွင့်ထား​ကြောင်းသိရသည်။