ကို ရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှာ နောက်ထပ် ၁၅ ယောက် သေဆုံးခဲ့ပြီး အဲဒီဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၄၁ ယောက်အထိ ရှိလာပြီလို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်က မိုက်ခရိုစကုပ်နဲ့ချဲ့ပြီး ရိုက်ကူးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဓာတ်ပုံကို တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးစင်တာ ဝက်ဘ်ဆိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဖြူအမည်း ဓာတ်ပုံကို မြင်တွေ့ရပါတယ်။ နောက်ပြီး ဒီဗိုင်းရပ်စ်ဖြစ်ပွားတာကို ထိန်းချုပ်ဖို့ရာ လိုအပ်တဲ့ နည်းလမ်းတွေ မျှဝေပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့တာလို့လည်း စင်တာက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ဖြစ်ပွားမှု အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်တာတော့ မပြုလုပ်ခဲ့ပါဘူး။

ဒါ့အပြင် ဟူဘေးပြည်နယ် ဝူဟန်မြို့ရှိ ဆေးရုံဝန်ထမ်းတွေကလည်း ရောဂါပိုးတွေ့ လူနာတွေကို အားပေး နှစ်သိမ့်နေတာ မြင်တွေ့ရပါတယ်။လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့နဲ့ လူဦးရေ ၇ သန်းရှိတဲ့ အနီးဝန်းကျင် ဟွမ်ကန်းမြို့တွေမှာ တနေရာကနေ တနေရာကို ဝင်ထွက်သွားလာခွင့် ပိတ်ထားပါတယ်။

ရထားဘူတာရုံ အတော်များများကို ပိတ်ထားပြီး လေကြောင်းခရီးစဉ်တွေကိုပါ ခေတ္တဖျက်သိမ်းထားပါတယ်။ လမ်းမကြီးတွေရဲ့ အဝင်အထွက်တွေမှာလည်း စစ်ဆေးရေး ဂိတ်တွေကို ထားရှိထားပါတယ်။

ဒါ့အပြင် အနီးဝန်းကျင် ရှန်နင်းမြို့က နှာခေါင်းစည်း ထုတ်တဲ့ စက်ရုံဝန်ထမ်းတွေဟာလည်း အချိန်ပိုဆင်းပြီး အလုပ်လုပ်ကြတယ်လို့ ဒေသမီဒီယာက အစီရင်ခံပါတယ်။

Photo : China CDC

DVB TV News