မနာ လိုဝန်တိုစိတ်ဟာ အလွန်ကြောက်စရာ ကောင်းပါတယ်။ ဒီစိတ်ဝင်ပြီဆိုရင် ပညာတတ်/ပညာမဲ့မရွေး ထိန်းချုပ်နိုင်တဲ့ အသိဉာဏ်မရှိဘူးဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အသက် (၃၅)နှစ်အရွယ် Vasilisa Maslova ကလည်း သူမရဲ့ မသမာစိတ်ကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။

Vasilisa ဟာ သူမရဲ့အရင်ချစ်သူဟောင်းကို မနာလိုမရှုစိမ့်တဲ့အတွက် ၎င်းရဲ့ဇနီးကို လုပ်ကြံသတ်ဖြတ်ဖို့ အားထုတ်ခဲ့ပါတယ်။ သူမက စီမံခန့်ခွဲသူဖြစ်ပြီး၊ တပည့်ဟောင်းတွေဖြစ်တဲ့ Nikolay Frolov (၂၁)နှစ်နဲ့ Irina Pogarchenko (၂၀)နှစ်တို့ကို ငွေပေးပြီး၊ ချစ်သူဟောင်းရဲ့မိန်းမကို လက်စဖျောက်ဖို့ စေခိုင်းခဲ့တာပါ။

ဒီလိုနဲ့ ချစ်သူဟောင်းရဲ့ ဇနီးဖြစ်သူ Svetlana Khananashvili ဟာ လက်ရဲဇက်ရဲနိုင်တဲ့ လူသတ်သမားတွေရဲ့လက်ချက်နဲ့ သေမလားရှင်မလား ခွဲခြားရခက်နေရှာပါတယ်။ သူမဟာ ဓားနဲ့(၆)ချက်အထိ အထိုးခံခဲ့ရပေမယ့် အခုအချိန်ထိတော့ အသက်မသေသေးဘဲ အသက်ဆက်ဖို့ ကြိုးစားနေပါတယ်။

Svetlana ဟာ အသက်(၃၇)နှစ်ဖြစ်ပြီး၊ လည်ပင်း၊ မျက်နှာ၊ အဆုတ်နှစ်ခုစလုံးနဲ့ ဝမ်းဗိုက်တို့ကို ဓားနဲ့ထိုးသွင်းခံခဲ့ရတာပါ။ အဓိကတရားခံ Vasilisa ဟာ Russian Harvard အမည်ရ ကျောင်းမှာ ကျောင်းအုပ်တစ်ဦး ဖြစ်ခဲ့ပြီး၊ အဲဒီပုဂ္ဂလိကကျောင်းဟာ ရုရှားလူချမ်းသာအသိုင်းအဝိုင်းက ကလေးတွေအများဆုံး တက်တဲ့ကျောင်းဖြစ်ပါတယ်။

Vasilisa ဟာ မော်စကိုမှာ နာမည်ရနိုင်ငံရေးသမားဖြစ်တဲ့ Yablokoparty ပါတီမှ Mikhail Khananashvili (၃၄)နှစ်နဲ့ ချစ်ကြိုးသွယ်ခဲ့ပေမယ့် ပေါင်းဖက်ရခြင်းတော့ မရှိခဲ့ပါဘူး။ သို့သော်လည်း သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့တယ်ဆိုတာကို Mikhail က ငြင်းဆန်ခဲ့ပြီး၊ သူ့ကို တစ်ဖက်သက် ချစ်ကြိုက်နေသူတစ်ဦးလို့သာ ပြောခဲ့ပါတယ်။ ဆိုရရင် အသေရရ အရှင်ရရ ချစ်ကြိုက်သူဆိုပါတော့။

Vasilisa ရဲ့ ရှေ့နေကတော့ အမှုသည်အမျိုးသမီးမှာ ကလေးတစ်ယောက်ရခဲ့ပြီး၊ ကလေးအဖေမှာ Mikhail ဖြစ်ကြောင်း အတိအကျ ဆိုခဲ့ပါတယ်။ Vasilisa ဟာ လုပ်ဖော်ကိုင်ဘက်တွေကြားမှာ အလွန်ထင်ပေါ်သူဖြစ်ပြီး၊ အသင်အပြလည်း ကောင်းသလို၊ ကျောင်းမှာ ဒါရိုက်တာအဖြစ် နိုင်နင်းစွာတာဝန်ယူနိုင်သူလို့ ချီးကျူးခံရသူပါ။

နောက်ပြီး ရုရှားရဲ့အတင်းအဖျင်းသတင်းစာဖြစ်တဲ့ Komsomolskaya Pravda က Vasilisa နဲ့ Mikhail တို့ဟာ ချစ်သူစုံတွဲတွေဖြစ်ခဲ့ဖူးကြောင်း၊ မကြာသေးခင်ကမှ ပြတ်စဲခဲ့ကြတာလို့ ပြောပါတယ်။ ၎င်းတို့ ဖော်ပြချက်မှာတော့ လွန်ခဲ့တဲ့ (၆)လက ပြတ်စဲခဲ့ကြတာလို့ ဆိုပါတယ်။ Vasilisa က ချစ်သူဟောင်းကို အလွန်မကျေနပ်လို့ အခုလို ဆိုးရွားတဲ့ ရာဇဝတ်မှုကို ဖြစ်စေခဲ့တာလို့ ဆိုပါတယ်။

Vasilisa ကတော့ လူငှားပြီးသတ်ခိုင်းခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပေမယ့် သူမအနေနဲ့ Svetlana ကို ကြောက်လှန့်ရုံသာ ခြောက်ခိုင်းခဲ့တာဖြစ်ကြောင်း၊ သေစေလိုတဲ့ဆန္ဒမရှိကြောင်း ရဲစခန်းမှာ ဖြောင့်ချက်ပေးခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူတစ်ဦးဖြစ်တဲ့ Nikolay ကတော့ လက်ရှိမှာ Plekhanov Russian University of Economics တက္ကသိုလ်မှာ တက်ရောက်နေသူပါ။

ပြစ်မှုကျူးလွန်ပြီးတာနဲ့ နှစ်ယောက်စလုံးကို ဝေးရာပြေးဖို့ Vasilisa က ညွှန်ကြားခဲ့ပြီး၊ သူမအနေနဲ့ သေစေလိုစိတ်မရှိဘူးဆိုသော်လည်း ဓားနဲ့ထိုးဖို့အထိ ညွှန်ကြားခဲ့တာ သူမဖြစ်ကြောင်း ကျူးလွန်တဲ့တရားခံနှစ်ယောက်က ထွက်ဆိုခဲ့ပါတယ်။ Mikhail ရဲ့အဆိုအရ ဒီမတိုင်ခင်မှာ ဇနီးဖြစ်သူ Svetlana ဟာ ခေါင်းကို အရိုက်ခံခဲ့ရသေးပြီး၊ ဒါဟာ ဒုတိယအကြိမ် တိုက်ခိုက်မှုလို့ ဆိုပါတယ်။ အခုအမှုကိုတော့ စစ်ဆေးနေဆဲဖြစ်ကြောင်း Yahoo သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လင်းသူရိန်