စင် ကာပူ၊ ဗီယက်နမ်၊ စကော့တလန်နှင့် အမေရိကန်နိုင်ငံများတွင် ဝူဟန်အဆုတ်ရောင်ဗိုင်းရပ်စ် ကူးစက်သူများတွေ့ရှိ…

တရုတ်နိုင်ငံ ဝူဟတ်ပြည်နယ်မှာဖြစ်ပွားလျက်ရှိနေတဲ့ အဆုတ်ရောင်ရောဂါဟာ ယနေ့မှာ အများစိုးရိမ်နေတဲ့အတိုင်း ကမ္ဘာ့နိုင်ငံ အချို့ကို ကူးစက်ပျံ့နှံ့ခဲ့ပြီဖြစ်ပါတယ်။

ရောဂါကူးစက်ခံစားနေရသူတွေကို စင်ကာပူ၊ ဗီယက်နမ်နဲ့ စကော့တလန်နိုင်ငံတွေမှာ ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့ရတယ်လို့ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက အတည်ပြုပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာဆိုရင် မနေ့ကတည်းက ရောဂါပိုးကူးစက်ခံထားရသူတစ်ဦးတွေ့ရှိကြောင်း အမေရိကန်ကျန်းမာရေးဌာနက အတည်ပြုသတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

စင်ကာပူကျမ်းမာရေးဝန်ကြီးဌာနကဆိုရင် ရောဂါဖြစ်ပွားနေတဲ့ ဝူဟန်ပြည်နယ်ကနေ စင်ကာပူကိုပြန်လာတဲ့ အသက် ၆၆ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးဆီမှာ ဝူဟန်အဆုတ်ရောင်ရောဂါကူးစက်ခံထားရတာကို တွေ့ရှိခဲ့တယ်ဆိုပြီး ယနေ့ ကြာသပတေးနေ့မှာသတင်းထုတ်ပြန်ထားကြောင်း Channel News Asia သတင်းဌာနက ရေးသားထားပါတယ်။

၎င်းနဲ့အတူ ခရီးသွားဖော်သွားဖက် အခြား ၉ ယောက်ကို စမ်းသပ်စစ်ဆေးရာမှာ အသက် ၃၇ နှစ်ရှိတဲ့ ရောဂါကူးစက်သူရဲ့ သားဖြစ်သူမှာ ရောဂါလက္ခဏာအချို့တွေ့ရှိရတာကြောင့် သံသယနဲ့စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဝူဟန်အဆုတ်ရောင်ရောဂါကြောင့် တရုတ်နိုင်ငံမှာ ‌ရောဂါကူးစက်ခံရသူ ယနေ့အထိ ၆၃၀ ‌လောက်ရှိသွားပြီဖြစ်ကာ ၁၇ ဦးသေဆုံးထားပါတယ်။ ကိုရိုနာ အဆုတ်ရောင် ဗိုင်းရပ်စ်အသစ်ကူးစက်ခံထားရသူများကို ကုသပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများအနက်မှ ၂၀ ဦးတွင် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဟု တရုတ်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုထားပါတယ်။

ဗီယက်နမ်နိုင်ငံကလည်း ၎င်းတို့လေဆိပ်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားနှစ်ဦးမှာ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရသူတွေဖြစ်ပြီး ဆေးရုံတင်ကုသပေးထားကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

ယနေ့မှာပဲ စကော့တလန်လေဆိပ်မှာ ဝူဟန်အဆုတ်ရောင်ရောဂါကူးစက်ခံထားရသူ ခရီးသွား ၄ ဦးကို စစ်ဆေးအတည်ပြုနိုင် တယ်လို့ စကော့တလန်အစိုးရက သတင်းထုတ်ပြန်ထားပြီး ဗြိတိန်မှာ ယခုထက်ပိုတဲ့ ရောဂါကူးစက်သူတွေ ရှိနေနိုင်ကြောင်း ကျမ်းမာရေးဝန်ကြီး Matt Hancock က ပြောကြားခဲ့လို့ The Guardian သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

စကော့တလန်မှာ တွေ့ရှိခဲ့တဲ့ ရောဂါကူးစက်ခံရသူတွေဟာ ရောဂါအဓိကဖြစ်ပွားနေတဲ့ ဝူဟန်ကနေ လေယာဉ်နှစ်ဆင့်ခရီးနဲ့ လာခဲ့ကြသူတွေဖြစ်တာကြောင့် လမ်းတစ်လျှောက် ၎င်းတို့ဆီကနေ ရောဂါပျံ့ပွားမှုဘယ်လိုရှိခဲ့တယ်ဆိုတာ သိရှိဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ကာလဟာ တရုတ်နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ခရီးသွားလာမှုအများဆုံး အများဆုံး အချိန်ကာလဖြစ်ပါတယ်။ ဒီကာလမှာ လူဦးရေသန်းပေါင်းများစွာဟာ တစ်နေရာကနေ တစ်နေရာကို ခရီးသွားလာကြပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဈေးဝယ်စင်တာကြီးတွေမှာ ခရီးသွားလာသူတွေဟာ ဒေါ်လာ ဘီလျံချီ သုံးစွဲ‌လေ့ရှိကြတဲ့အချိန်ပဲဖြစ်ပါတယ်။

အခုလို ခရီးသွားလာမှု အများဆုံးကာလမှာ ဝူဟန်ဒေသက ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါသစ်ဟာ လက်ရှိမှာ အရှေ့တောင်အာရှနိုင်ငံအချို့၊ မြောက်အမေရိကတိုက်နဲ့ ဥရောပအထိပျံ့နှံ့ရောက်ရှိနေတာကြောင့် အခုလို ကမ္ဘာ့ခရီးသွားလာမှုအများဆုံးအချိန်ကာလမှာ လူမှုရေး၊ စီးပွားရေးတွေကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိလာနေပြီဖြစ်ပါတယ်