ထို င်းနိုင်ငံမှာ ဆေးခြောက်သုံး ကုသတဲ့ ပထမဆုံး ဆေးခန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့ က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပြီး ဖွင့်လှစ်ပြီး ၁၀ ရက်အကြာမှာပဲ လာရောက်ပြသတဲ့ လူနာတွေနဲ့ ကြိတ်ကြိတ်တိုး နေခဲ့ပြီလို့  ဆိုပါတယ်။ လူနာ ၄၀၀၀ ကျော်ကို ဆရာဝန်တွေ စမ်းသပ်ကုသပေးခဲ့ရပြီးဖြစ်ကာ ဆေးခန်းမှာ ပြသဖို့  နောက်ထပ် လူနာ ၁၂၀၀၀ စာရင်းပေးထားတာကြောင့် လာမယ့် မတ်လအထိ စာရင်းပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ရိုးရာဆေးနည်းနဲ့ ဆေးခြောက်အခြေပြုဆေးဝါးတွေသုံးကာ အချိန်ပြည့် ကုသမှုပေးသွားမယ့် ဆေးခန်းကို ဘန်ကောက်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဆေးခြောက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ လုံလုံလောက်လောက်မရှိသေးတာကြောင့် ဒီဆေးခန်းဟာ ရှေ့ပြေးအစီအမံ ဆေးခန်းတစ်ခုဖြစ်တယ်လို့  ဆိုပါတယ်။

ယင်းဆေးခန်းကို ကျန်းမာရေးဝန်ကြီးရဲ့ စီမံကြီးကြပ်မှုနဲ့ ဖွင့်လှစ် ကုသပေးနေခဲ့ခြင်းဖြစ်ကာ ဆေးခြောက် အခြေပြု ဆေးဝါးကုသမှုကို လူများစွာ စိတ်ပါဝင်စားခဲ့ကြကြောင်း ဆေးခန်းကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့တဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် က ပြောဆိုခဲ့ပါတယ်။

လျှောက်လွှာ တင်ရတဲ့ လုပ်ထုံးလုပ်နည်းမှတဆင့် ဆေးခန်းမှာ ပြသခွင့် စာရင်းသွင်းကာ စမ်းသပ်ကုသမှုခံယူခဲ့သူဦးရေ ၄၆၃၉ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ဆေးခန်းဟာ ဆေးခြောက်ရောစပ်ထားတဲ့ ဆေးဝါးတွေကို ယင်းဆေးဝါးနဲ့ ကုသမှုခံယူဖို့ လိုအပ်တဲ့ လူနာတွေထံ ပေးအပ်ခဲ့တယ်လို့ လည်း အနူတင် က ဆက်လက်ပြောဆိုပါတယ်။

ဆေးခန်းကို လာရောက်ကုသမှုခံယူသူတွေထဲမှာ အိပ်မပျော်တဲ့ ရောဂါဝေဒနာခံစားနေရသူတွေ၊ စိတ်ကစဥ့်ကလျားဖြစ်သူတွေ၊ အရိုးအဆစ် နာကျင်ကိုက်ခဲသူတွေနဲ့ ကျောနာဝေဒနာခံစားရသူတွေ ပါဝင်ကြောင်း သိရပါတယ်။ အလားတူဆေးခန်းမျိုးကို နိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်မှာ ဇန်န၀ါရီ ၁၆ ရက်နေ့ က ဖွင့်လှစ် လိုက်ပြီလို့ လည်း ဘန်ကောက်ပို့ စ် သတင်းမှာ ဖော်ပြပါတယ်။

အကုန်သိ