စင် ကာပူနိုင်ငံမှာ အိမ်အကူတစ်ယောက်ဟာ သူမကို အိမ်ရှင်များက ဆူပူကြိမ်းမောင်းခြင်း၊ အပြစ်ရှာခြင်းမပြုလုပ်နိုင်ရန်နဲ့ သူမပြောဆိုသမျှ လက်ခံသဘောတူလာလိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ အိမ်ရှင်တွေအတွက် ထမင်းချက်ရာမှာနဲ့ သောက်သုံးရေတွေထဲ သူမရဲ့ ကျင်ငယ်၊ တံတွေးနဲ့ အမျိုးသမီး ဓမ္မတာ ရာသီသွေးများကို ရောနှောခဲ့ပါတယ်။

ဒါတင်မကသေးပဲ ၂၀၁၇ ခုနှစ် သြဂုတ်လနဲ့ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းမှာ ၄င်းအိမ်ဖော်ဟာ သူမရဲ့ အိမ်ရှင်ဆီမှ စင်ကာပူဒေါ်လာ ၁၃၃၀၀ ကိုလည်း ခိုးယူခဲ့ပါသေးတယ်။ ဒါကြောင့် အသက် ၃၀ နှစ်အရွယ်ရှိ အင်ဒိုနီးရှားလူမျိုး အိမ်အကူ Diana ကို (ဇန်န၀ါရီလ ၁၃) မှာ ထောင်ဒဏ် ၆ လနဲ့ ၇ ပတ် ချမှတ်ခဲ့ပါတယ်။ သူမကို ဆိုးရွားသော လုပ်ရပ်များအတွက် စွဲချက် ၂ ခု၊ ခိုးမှုအတွက် စွဲချက် ၁ ခုနဲ့ နောက်ထပ်စွဲချက် (၄) ခု ကိုတော့ တရားရုံးက စွဲချက်တင်သင့် မသင့် စဉ်းစားနေဆဲ ဖြစ်ပါတယ်။

Diana ဟာ မိသားစုဝင် စုစုပေါင်း ၆ ယောက်ရှိတဲ့အိမ်မှာ ၂၀၁၇ ခုနှစ်ကစပြီး အိမ်ဖော်အဖြစ် အလုပ်ဝင်ခဲ့တာဖြစ်တယ်လို့ တရားရုံးမှာ ကြားနာမှုမှာ ဖော်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လကလည်း အိမ်ရှင်မိသားစုတွေ သောက်သုံးမယ့် ရေနွေးခရားထဲကို သူမရဲ့ ဆီး (ကျင်ငယ်)၊ တံတွေး နဲ့ အမျိုးသမီး ဓမ္မတာသွေးအချို့ကို ရောနှောထားခဲ့ပါတယ်။ အိမ်ရှင်တွေကလည်း မသိခဲ့တာကြောင့် သောက်မိခဲ့ကြပါတယ်။

ဒီလိုပြုလုပ်ခြင်းအားဖြင့် အိမ်ရှင်မိသားစုတွေဟာ သူမရဲ့ လုပ်ဆောင်ချက်တွေအပေါ် စွပ်စွဲအပြစ်တင်ခြင်း၊ ဆူပူခြင်းများ မပြုလုပ်တော့ဘူးလို့ သူမက ယုံကြည်ခဲ့ကြောင်း ဒုတိယရှေ့နေချုပ် Angela Ang က ပြောဆိုခဲ့ ပါတယ်။ အိမ်ဖော်ဟာ သူမရဲ့ ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ အရည်တွေကို အိမ်ရှင်မိသားစုဝင်တွေ အတွက် ထမင်းချက်ရာမှာ ရေနဲ့ရောနှောပြီး ချက်ပြုတ်ခဲ့ပါတယ်။ အိမ်ရှင်မိသားစုဝင်တွေကလည်း ၄င်းချက်ထားတဲ့ ထမင်းကို ကောင်းစွာစားသောက်မိခဲ့ပါတယ်။

အိမ်ဖော်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း အဲ့ဒီအိမ်ရဲ့ အသက်အကြီးဆုံးဖြစ်တဲ့ အိမ်ရှင် အမျိုးသမီးဆီမှ ငွေကြေးတွေကို ခိုးယူခဲ့ပါတယ်။ ၄င်းအိမ်ရှင်ဟာ သူမရဲ့ခင်ပွန်းနဲ့ သမီး ၃ ယောက်ထံမှ လစဉ်လတိုင်း ထောက်ပံ့ငွေ ဒေါ်လာ ၃၃၀၀ ရရှိပြီး အဲ့ဒီငွေတွေကို သူမရဲ့ အိပ်ခန်းတွင်းက အာမခံ သေတ္တာထဲမှာ နံပါတ်သော့တွေနဲ့ လုံခြုံစွာ ထားရှိပါတယ်။ အိမ်ဖော်ဟာ ယင်းအိပ်ခန်းကို သန့်ရှင်းရေးလုပ်ရင်း အမျိုးသမီး လုံခြုံစွာ ထားရှိတဲ့ အာမခံသေတ္တာနေရာကို တွေ့ရှိခဲ့ပါတယ်။

အိမ်ရှင် အမျိုးသမီးဖွင့်နေတဲ့ iPad လျှို့ဝှက်ကုဒ်နံပါတ်ကို အိမ်ဖော်အမျိုးသမီးက စောင့်ကြည့်ခဲ့ပြီး အဲ့ဒီကုဒ်နံပါတ်အတိုင်း အမျိုးသမီးရဲ့ အာမခံ သေတ္တာနေရာကို ဖွင့်လိုက်ရာ အောင်မြင်ခဲ့ပါတယ်။ သူမဟာ အဲ့ဒီအာမခံသေတ္တာထဲမှ ၅ ကြိမ်တိုင်တိုင် ငွေခိုး ထုတ်ခဲ့ပြီး အဲ့ဒီငွေတွေကို အင်ဒိုနီးရှားနိုင်ငံက သူမရဲ့ မိသားစုဆီကိုပို့ဖို့ အမျိုးသမီးတစ်ယောက်က ကူညီခဲ့ပါတယ်။ အိမ်ဖော်ဟာ နောက်ပိုင်းမှာ သူမရဲ့ လုပ်ရပ်တွေကို ၀န်ခံခဲ့ပြီး အိမ်ရှင်မိသားစုက သူမကို ရဲစခန်းမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလက တိုင်ချက်ဖွင့်ခဲ့ပါတယ်။

အိမ်ရှင်ထံမှ ငွေကြေးခိုးယူခဲ့တာကြောင့် သူမဟာ ဒဏ်ငွေနဲ့အတူ ထောင်ဒဏ် ၇ နှစ် ကျခံရနိုင်ခြေရှိပြီး သူမရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တစ်ခုစီအတွက် ထောင်ဒဏ် ၁ နှစ် (သို့)ငွေဒဏ် (သို့)ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ခြေရှိခဲ့တာဖြစ်ပါတယ်။

Ref – channelnewsasia