ကမ္ဘာ့ဘောလုံးပရိသတ်တွေအတွက်တော့ ဟာကန်ဆူကာ လို့ပြောလိုက်ရုံပါပဲ။ ဒီနာမည်ကို ကြားလိုက်တာနဲ့ သူတို့ရဲ့စိတ်ထဲမှာ တူရကီရဲ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ကို ပြေးမြင်ကြမှာပါ။ (၁၉၉၀)နဲ့ (၂၀၀၀)ခုနှစ်တွေဆီက ထိပ်တန်းဂိုးသွင်းရှင်တိုက်စစ်မှူးဟာ လက်ရှိအချိန်မှာတော့ တူရကီသမ္မတ အာဒိုဂန်ရဲ့ ကောင်းမှုနဲ့ အမေရိကန်မြေမှာလာပြီး အူဘာဒရိုင်ဘာ လုပ်နေခဲ့ရပါပြီ။

ဂါလာတာစာရေး၊ အင်တာမီလန် ၊ ပါးမား ၊ ဘလက်ဘန်း စတဲ့အသင်းတွေမှာ ကစားခဲ့ဖူးပြီး ကလပ်အသင်းသွင်းဂိုး (၂၆၀)အထိ ရှိခဲ့ဖူးတဲ့ ဆူကာ ဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း (၁၁၂)ပွဲ ကစားပေးခဲ့ပြီး (၅၁)ဂိုး သွင်းပေးထားနိုင်ခဲ့တာပါ။

တူရကီပရိသတ်တွေအတွက်တော့ သူက ဂန္ဓဝင်တစ်ယောက်ဖြစ်ခဲ့ပြီး ဂါလာတာစာရေးအသင်းပရိသတ်တွေအတွက်တော့ သူရဲကောင်းတစ်ယောက်လိုပါပဲ။ သူက ဂါလာတာစာရေး ကစားသမားအဖြစ် (၃)ကြိမ်အထိ ကစားခဲ့ပြီး သူ့ရဲ့သွင်းဂိုးတွေထဲက ဂိုးပေါင်း(၂၀၀)ကျော်ဟာ ဂါလာတာစာရေး ကစားသမားဘဝမှာ သွင်းယူနိုင်ခဲ့တာတွေပါ။

ဒါ့အပြင် သူ့ရဲ့အသက် (၃၆)နှစ်အရွယ်အထိ တူရကီလက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့သူဖြစ်ပြီး (၂၀၀၇)ခုနှစ် အောက်တိုဘာလ (၁၇)ရက်အထိ ကစားပေးခဲ့တာပါ။

(၂၀၀၈)ခုနှစ်မှာတော့ ဆူကာ က ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီး (၂၀၁၁)ခုနှစ်၊ ဇွန်လမှာ တူရကီပါလီမန်အဖွဲ့ဝင်တစ်ယောက်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ တရားမျှတမှုနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အစ္စတန်ဘူလ်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်လာခဲ့တာပါ။

ဆူကာ အနေနဲ့တော့ နိုင်ငံရေးဆိုတာ ဘောလုံးလောကလောက် မလွယ်ဘူးဆိုတာကို နားမလည်ခဲ့ပုံပါပဲ။

သူက (၂၀၁၆) ဖေဖော်ဝါရီမှာ သမ္မတ အာဒိုဂန် ကိုတွစ်တာကနေ စော်ကားမှု ပြုလုပ်ခဲ့လို့ သူ့ကို ဖမ်းဆီးဖို့အတွက် ဝရမ်းအထုတ်ခံခဲ့ရပြီး တူရကီရဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှု ရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

အဲဒီအတွက် ဆူကာ က အမေရိကန်မှာ နိုင်ငံရေးခိုလှုံသူတစ်ယောက်အဖြစ် ခိုဝင်ခဲ့ပြီး ကိုယ်ပိုင်စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ဆိုင်ကို မျက်နှာစိမ်းတွေရောက် ရောက်လာခဲ့တယ်လို့ ခံစားခဲ့ရတာကြောင့် ဆိုင်ကိုပိတ်လိုက်ပြီး တခြားအလုပ်တစ်ခုကိုပြောင်းလဲ လုပ်ကိုင်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဆူကာ ဟာအမေရိကန်မြေမှာ အူဘာဒရိုင်ဘာ တစ်ယောက်အဖြစ် အသက်မွေးနေရပြီဖြစ်ပြီး စာအုပ်ရောင်းတဲ့အလုပ်ကိုလည်းအပိုဝင်ငွေရဖို့ လုပ်ကိုင်နေရပါတယ်။

ဂျာမန်မဂ္ဂဇင်းတစ်စောင်နဲ့ ဒီလထဲမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆူကာ က သူ့ရဲ့ ဘဝအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီး သမ္မတ အာဒိုဂန် အနေနဲ့ သူပိုင်ဆိုင်သမျှတွေကို အကုန်သိမ်းယူသွားခဲ့ကြောင်းနဲ့ သူဟာ အကြမ်းဖက်သမားတစ်ယောက်မဟုတ်သလို နိုင်ငံရဲ့ သစ္စာဖောက်တစ်ယောက်လည်း မဟုတ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

Videoကြည့်ရန်