ဒီ ဗွီဒီယိုဖိုင်လေးကို ကျော်မသွားပဲ အဆုံးထိကြည့်ပြီး မျှဝေကုသိုလ်ယူသွားပါ။

မိဘမဲ့နှင့် ဆင်းရဲနွမ်းပါး ကလေးသူငယ်များ၊ ဒုက္ခိတများအတွက် အလှူရှင်များလိုအပ်နေ၍ သွားရောက် လှူဒါန်းပေးစေလို

ဇန်နဝါရီ(၁၈) AlinnMyay(အလင်းမြေ)

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲအုပ်စု၊ နှမ်းကြဲကျေးရွာ ရန်ကင်းတောင်အနီး ရှမ်းရိုးမတောင်တန်း “စိမ့်စမ်းရည်” ပရဟိတ ဘုန်းတော်ကြီး စာသင်ကျောင်းတွင် မိဘမဲ့နေတဲ့ကလေးများ၊ မိဘရှိသော်လည်း ဆင်းရဲနွမ်းပါး၍ ဒုက္ခရောက်နေတဲ့ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ဒုက္ခိတများ ကို ခေါ်ယူစောင့်ရှောက်ထားပြီး ယခုအခါတွင် ကိုရင် နှင့် သီလရှင် စုစုပေါင်း (၁၀၀) ကျော်ရှိပြီဟုသိရပြီး အလှူရှင်များလိုအပ်နေတာကို တွေ့ရပါတယ်။

အဆိုပါ ပရဟိတကျောင်းတွင် ဆွမ်းအလှူရှင်နှင့် အခြားသောအလှူရှင်များ တစ်ခါတစ်ရံရှိသော်လည်း အလှူရှင်များမရှိသည့်နေ့များတွင် ကျောင်းကနေဖြစ်သလို စီစဉ်ကျွေးမွေးရကြောင်းသိရသည်။

“ဒီကျောင်းကို ကျွန်တော်တို့ လှူတာ နှစ်ကြိမ်ရှိပါပြီ ပထမလှူတုန်းကဆိုရင် ကြည့်ပြီး မျက်ရည်တောင်ကျမိပါတယ်” လို့ လာရောက်လှူဒါန်းသူ အလှူရှင် တစ်ဦးမှ AlinnMyay(အလင်းမြေ)မီဒီယာသို့ ပြောကြားခဲ့သည်။

“ဒီကျောင်းအဝင်လမ်းကလည်း အရမ်းကြမ်းတယ်။ ကျောင်းကလည်း ချောင်ကျလွန်းတာကြောင့် သိသူနည်းပြီး အလှူရှင်ပေါ်ထွန်းမှုအားနည်းတာလည်းပါတယ်။ ကျောင်းအဝင်လမ်းအတွက်လည်း အလှူရှင်တွေ ပေါ်လာစေချင်တယ်။ အလှူရှင်များ ပေါ်လာရင်လည်း ဒီကျောင်းကို ကျွန်တော် အရောက်လိုက်ပို့ပေးမှာပါ” လို့ မန္တလေးမြို့ ဝေဇယန္တာပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာမှ AlinnMyay(အလင်းမြေ)မီဒီယာသို့ ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း အဆိုပါကျောင်းလမ်းအား နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များရဲ့ လုပ်အားဖြင့် အမြဲတမ်းလိုလို ပြုပြင်နေတာကို တွေ့ရပါတယ်။ “တတ်နိုင်သလောက်လုပ်အားလေးနဲ့ ပြုပြင်ကြရတာပေါ့။ စက်ကြီးတွေဘာတွေနဲ့ ငှါးရမ်းပြုပြင်ဖို့ မတတ်နိုင်တော့လည်း အခုလိုဖြစ်သလို လုပ်အားသုံးပြီး ပြုပြင်နေရတာပေါ့။ အခုချိန်ကတော်သေးတယ်။ မိုးတွင်းဆိုရင် ဗွက်ထတာတွေ ရှိတော့ တော်တော်ဆိုးပြီး အခက်အခဲဖြစ်တယ်” လို့ “စိမ့်စမ်းရည်” ပရဟိတ ဘုန်းတော်ကြီး စာသင်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဥတ္တမသာရ မှ ပြောကြားခဲ့သည်။

AlinnMyay(အလင်းမြေ)မီဒီယာ ပရိသတ်ကြီးနှင့် အတူ မိဘပြည်သူများအားလုံးမှ အဆိုပါ ရှမ်းရိုးမတောင်တန်း “စိမ့်စမ်းရည်” ပရဟိတ ဘုန်းတော်ကြီး စာသင်ကျောင်းသို့ တတ်နိုင်သလောက် သွားရောက် လှူဒါန်းပေးကြပါရန် နှင့် ကိုယ်တိုင် မလှူဖြစ်သေးရင်လည်း အလှူရှင်များ ပေါ်ပေါက်လာစေရန် လက်ဆင့်ကမ်းမျှဝေပေးကြပါလို့ AlinnMyay(အလင်းမြေ)မီဒီယာ မှ တိုက်တွန်း နှိုးဆော်ပေးလိုက်ပါရစေခင်ဗျာ..။

အလှူရှင်များ သွားရောက် လှူဒါန်းလိုပါက မန္တလေးမြို့ ဝေဇယန္တာပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ (ဖုန်း – 09777462227) ဆက်သွယ်ပြီး ဦးကျော်စွာမှ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

“စိမ့်စမ်းရည်” ပရဟိတ ဘုန်းတော်ကြီး စာသင်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဥတ္တမသာရ (ဖုန်း – 0943143767) သို့လည်း တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ရိုက်ကူး – မျိုးဆင့်

AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ