အ သက်ငယ်ငယ်ကောင်လေးတချို့က အသက်ကြီးတဲ့မမတွေကို သဘောကျနှစ်ခြိုက်ကြတာကို ခေတ်အဆက်ဆက် တဖွဲ့တနွဲ့ ရေးစပ်သီကုံးထားတဲ့ သီချင်းတွေ ကဗျာတွေ စာတွေကို ကြည့်ခြင်းအားဖြင့် သိကြမှာပါ။ မမတွေကို တခမ်းတနား ကဗျာတွေ ဖွဲ့ဆိုပြီး ချစ်ကြတာလည်း မမတွေဘက်က တကယ့်ကို ပြန်ကြွေလောက်စရာပါပဲ။ ဒီလိုမျိုး မမတွေကို ဘာကြောင့် တချို့အသက်ငယ်ငယ်ကောင်ကလေးတွေ ဘာကြောင့်သဘောကျလဲဆိုတာကိုတော့ ဒီအချက်တွေ ကြည့်ရင်း သိနိုင်ပါတယ်နော်….

(၁) ရင့်ကျက်လို့

ရင့်ကျက်တဲ့သူကို သဘောမကျတဲ့သူဆိုတာ နည်းမယ် ထင်ပါတယ်။ မမတွေကတော့ အသက်အရွယ်အရ ဘ၀အတွေ့အကြုံတွေကို ဖြတ်သန်းသင့် သလောက် ဖြတ်သန်းခဲ့တာမို့ လူတွေအကြောင်း ပိုပြီးနားလည်ကြပါတယ်။ ပြီးတော့ ဒီဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကြောင့်လည်း တည်ငြိမ် ရင့်ကျက်နေတတ်ကြပါတယ်။ ရင့်ကျက်မှုကြောင့် ကလေးဆန်မှုတွေ မရှိတော့သလို စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းတဲ့ ပုံစံမျိုးတွေလည်း မမတွေမှာ မရှိတော့ပါဘူး။ ဒါကပဲ ကောင်ကလေးတွေကို ပိုပြီး ရင်ခုန်စေတာလည်း ဖြစ်ပါတယ် …။

(၂) စကားပြောတတ်လို့

ကောင်ကလေးတွေက မမတွေကို ကြွေတဲ့အချက်တစ်ခုက စကားပြောတဲ့ဟန်ပါ။ ရွယ်တူချင်းစကားပြောတဲ့ဟန်ထက် ကိုယ့်ထက် အကြီးတစ်ယောက်က ကိုယ့်ကို ပြောတဲ့ဟန်ကို သဘောကျတာမျိုးပါ။ မမတွေဆီက “မင်း” လို့ ပြောလိုက်တဲ့ မင်း တစ်လုံးကတောင် သူတို့ ရင်ထဲ ထိပါတယ်။ အဲ့သလိုပဲ မမ လို့ ခေါ်ရတာကိုလည်း သဘောကျတတ်ပါတယ်။ အများကြီးအထွေအထူး မဟုတ်ပဲနဲ့ မမရဲ့ စကားပြောပုံကိုက သူတို့ကို ရင်ခုန်စေနေတာပါ …။

(၃) နွဲ့ဆိုးဆိုးချင်လို့

ယောင်္ကျားလေးတွေရဲ့ သဘာဝက ဦးစီးဦးဆောင်ပြုရမယ့်သူတွေလို့ လူ့ပတ်ဝန်းကျင် သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ ယောင်္ကျားလေးတွေလည်း လူသားပါပဲ။ သူတို့လည်း နွဲ့ဆိုးဆိုးချင်သလို၊ အငယ်လို ချွဲချင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် မမတွေကို သဘောကျမိတာလည်း ဖြစ်ပါတယ်။ မမတွေနဲ့ အတူရှိရင် သူတို့ ထမ်းထားရတဲ့ ဝန်ပေါ့သွားသလို ခံစားရတဲ့အတွက် မမတွေက သူတို့ကို ကူညီဖေးမနိုင်တဲ့ အားကိုးရတဲ့ သူလို့လည်း ခံစားမိပြီး ချစ်မိတတ် ကြပါတယ် …။

(၄) ချစ်မိသွားလို့

အချစ်မှာ အသက်အရွယ်မရှိပါဘူး။ မမမို့လို့ ချစ်မိတာမဟုတ်ပဲ ဒီလိုပဲ ချစ်မိတဲ့သူက မမ ဖြစ်သွားတာလည်း ဖြစ်တတ်ကြပါတယ်။ အကြောင်းပြစရာ သိပ်မရှိပဲ ချစ်မိသွားတဲ့အတွက် မမကို သဘောကျသွားတာ ဖြစ်ပါတယ် ..။

(၅) အရည်အချင်းရှိလို့

မမတွေမှာ လူကဲခတ်စွမ်းရည်၊ စကားပြောစွမ်းရည်နဲ့ သူ့အရွယ်နဲ့သူ ကိုက်ညီတဲ့ အရည်အချင်းတွေ ရှိနေတတ်ပါတယ်။ ဒါက ကောင်လေးတွေ အတွက်တော့ သူတို့နဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်ကောင်းတစ်ယောက်လို မြင်ပြီး နှစ်သက်တတ်ကြပါတယ်။ များသောအားဖြင့် မိန်းကလေးတွေက ကိုယ့်ကို မှီခိုနေတာမျိုးကို မကြိုက်တဲ့ ကောင်လေးတွေက မမတွေကို ချစ်မိသွားကြတာ များပါတယ် …။ ။

Credit Aunty May