သင့် အသည်း ပျက်စီးစပြုနေပြီဆိုတာ သိသာစေတဲ့ လက္ခဏာများ

အ သည်း ဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်အားလုံးကို သန့်စင်ပေးတဲ့ နေရာပါ။ စားလိုက်သမျှ အရာတွေနဲ့ ခန္ဓာကိုယ်ထဲ ရောက်လာသမျှ အဆိပ်အတောက်တွေကို သန့်စင်ပေးရတာကြောင့် ကိုယ်တွင်းကလီစာတွေအားလုံးထဲမှာအလုပ်လုပ်ရဆုံးလို့ပြောနိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆဲလ်တွေပျက်စီးသွားရင်လည်း အမြန်ဆုံးပြန်လည်ဖွဲ့စည်းနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အသည်းဟာ ဆဲလ်အသစ်တွေ ပြန်မဖွဲ့စည်းနိုင်တော့ဘူး၊ သန့်စင်မှုကို မပြုလုပ်ပေးနိုင်တော့ဘူး ဆိုရင် လက္ခဏာတွေပြပြီး သတိပေးတတ်တာကြောင့် အခုလိုလေးတွေ ဖြစ်လာရင် အသည်းကျန်းမာရေးကို စစ်ကြည့်သင့်ပါတယ်။

(၁) အာ ရုံစူးစိုက်လို့ မရခြင်း

အသည်းက သွေးထဲမှာရှိတဲ့ အဆိပ်အတောက်ကို မချေဖျက်ပေးနိုင်တော့ ဦးနှောက်က အားအင်ပြည့်ဝမှု နှေးကွေးလာပါတယ်။ ခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်ပျက်မှုနှုန်းတွေလည်း ကမောက်ကမ ဖြစ်ကုန်ပြီးပြီး မကြာခဏ မေ့တတ်လာတာ၊ တစ်ခုခုကို အာရုံစူးစိုက်လို့ မရတာတွေ ဖြစ်လာပါတယ်။

(၂) သွေးခြေဥတာ၊ သွေးထွက်တာတွေ ဖြစ်လွယ်လာတယ်

အသည်းမကောင်းတဲ့အခါ သွေးကြောလေးတွေရဲ့ ကြံ့ခိုင်မှုကို လျော့ကျစေလာတာကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်တာမဟုတ်ဘဲလည်း သွေးထွက်လွယ် သွေးခြေဥလွယ်တာတွေ ဖြစ်လာရတာပါ။

(၃) ခံတွင်းနံ့မကောင်းခြင်း

ခံတွင်းနံ့ မကောင်းတာဟာ ကလီစာတွေ မကောင်းတာနဲ့တိုက်ရိုက်သက်ဆိုင်နေပြီး အဓိကဖြစ်နိုင်ချေက အသည်းမကောင်းဖို့ပါ။ သွားဖုံးနဲ့ပတ်သက်တဲ့ရောဂါ၊ အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်တာ၊ လည်ချောင်းနာတာ နဲ့ ဆီးချိုရောဂါတွေကလည်း အသည်းမကောင်းတာကြောင့် ဖြစ်တဲ့ရောဂါတွေပါ။ ဒီရောဂါတွေကတဆင့် အသည်းကျွပ်ရောဂါ ဖြစ်သွားနိုင်ပါတယ်။

(၄) အရေပြား ယားယံခြင်း

အသည်းက အလုပ်လုပ်နိုင်စွမ်း လျော့ကျလာတဲ့အခါ သည်းခြေပြွန်ပိတ်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် သည်းခြေရည်တွေက သွေးစီးကြောင်းထဲကို စစ်ထုတ်ခြင်းခံရပြီး သွေးမသန့်တာတွေ ဖြစ်လာပါတယ်။ အဲ့ဒီအခါ အရေပြားပေါ်မှာ ယားယံတာတွေဖြစ်လာပါတယ်။ ဒါကြောင့် တစ်ကိုယ်အနှံ့မကြာခဏယားယံနေပြီး ကုတ်လို့မဆုံးဖြစ်နေတယ်ဆိုရင် အသည်းကြောင့်လည်းဖြစ်နိုင်ပါတယ်။

(၅) လက်ဖဝါးတွေ နီရဲလာတယ်

သာမန်လူတစ်ယောက်ရဲ့လက်ဖဝါးတွေက သွေးအားကောင်းနေတဲ့ အချိန်မှာတောင် ပန်းရောင်သမ်းတဲ့ အနေအထားလောက်ပဲ ဖြစ်ရမှာပါ။ ဒီလိုမဟုတ်ဘဲအရမ်းနီရဲနေတယ်ဆိုရင်တော့ အသည်းမှာတစ်ခုခု ချို့ယွင်းနေလို့ပါ။ အသည်းက ချေဖျက်အား နည်းလာတဲ့အခါ သွေးထဲမှာ copper ဓာတ်တွေ များလာတာကြောင့် လက်ဖဝါးတွေနီရဲလာတာပါ။

(၆) အရေပြားပေါ်မှာ အစက်အပြောက်တွေ ဖြစ်လာတယ်

အသည်းမှာ ပြဿနာရှိလာတဲ့အခါ estrogen level ကိုမြှင့်တက်စေပြီး copper ပါဝင်တဲ့ enzyme တွေအများအပြားထုတ်လုပ်စေပါတယ်။ အဲ့ဒီenzyme တွေက မယ်လနင်ထုတ်လုပ်မှုကို တိုးစေတာကြောင့် အရေပြားပေါ်မှာ အညိုရောင်အကွက်တွေဖြစ်လာပါတယ်။ ဒါကြောင့် အညိုကွက်တွေ ဖြစ်လာရင် အသည်းမကောင်းတာကြောင့်ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။

MAY THAZINHTOO