လွန် ခဲ့တဲ့ ၁၂ နှစ် ၂၀၀၈ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ကြီး ရတနာပုံဈေးသစ်ကြီး မီးလောင်ခဲ့တယ်။ ဈေးကြီးတစ်ခုလုံး မီးပုံရှို့တဲ့အလားပါပဲ။ အားလုံးထိုင်ကြည့်နေရတယ်။ အဲ့ရှေ့ကနေထိုင်ကြည့် ဟာ ဟာ နဲ့ နှမြောနေမိတယ်။ ခုခေတ်လို့ ဖေ့စဘွတ် ခေတ်မဟုတ်သေးဘူးပေါ့။

ဈေး ကို ၀င်ခွင့်မပေးခဲ့ပဲ ပိတ်ငြိမ်းနေလို့ အခြေအနေပိုးဆိုးခဲ့တယ်။ မဆုံးရှုံးသင့်ပဲ ပိုဆုံးရှုံးခဲ့ရတယ်လို့မြင်တယ်။ ဆုံးရှုံးမှုတန်ဖိုးအရမ်းများခဲ့တယ်။ တစ်ချို့နလန်ပြန်မထူနိုင်ပဲ ဘဝတွေပါပျက်ခဲ့ရတယ်။ ဈေးကြီးတစ်ခုလုံးပြန်ဖျက်ပြီး အသစ်ဆောက်ခဲ့ရတယ်။

အသစ်ဆောက်တဲ့ဈေးသစ်ကြီးမှာ မီးဘေးလုံခြုံရေးစနစ်တွေ ဘယ်လိုကောင်းအောင် အဆောက်အဦးဒီဇိုင်းကအစ ဘယ်လိုအဆင့်မြင့်အောင် လုပ်ထားတယ် လို့ ဖတ်ခဲ့ရဘူးတယ်။ ခု ၁၂ နှစ်ကြာတဲ့အခါ ပြန်လောင်ပြန်ပြီ။ level 5 ထိအဆင့်သတ်မှတ်ငြိမ်းနေရတယ်။ ခုထိမငြိမ်းသေးဘူး။

ဆောက်တုန်းက တပ်ဆင်ထားတဲ့ မီးဘေးလုံခြုံရေးစနစ်တွေက ဘယ်ရောက်နေလဲ။ အော်တိုမီးငြိမ်းသတ်စနစ်တွေကရော အလုပ်မလုပ်ဘူးလား။ ဆောက်ခဲ့တဲ့ ကုမ္ပဏီက အဆောက်အဦး ဒီဇိုင်းပိုင်းတွေ မှန်ကန်မှုရှိမရှိ မီးဘေးကာကွယ်ရေးစနစ်တွေ အဆင့်မီ မှန်ကန်ကောင်းမွန်စွာ တပ်ဆင်ခဲ့မှုရှိမရှိ ခုနောက်ပ်ုင်း ထပ်တိုးပြင်ဆင်မှုတွေက မှန်ကန်မှုရှိမရှိ စစ်ဆေးဖို့လိုမလား။

၂၀၀၈ တုန်းက လောင်ခဲ့တုန်းကလည်း ဟိုလိုလို ဒီလိုလိုနဲ့ပြီးခဲ့တယ်။ မင်္ဂလာဈေးမီးလောင်ခဲ့တာလည်း ဘာကြောင့်မှန်းခုထိမပေါ်ဘူး။

ခု လောင်တာကရော… မတော်တဆဖြစ်တာ။ ကံကိုပဲပုံချကြမလား။ ဒီတစ်ခါလည်း ကျုပ်တို့မန္တလေး အထိထပ်နာခဲ့ပြန်ပြီ။ ၂၀၁၆ ကလောင်ခဲ့တဲ့ မင်္ဂလာဈေးမီးက ခုထိ မီးလောင်ကွင်းပြင်ပဲရှိသေးတယ်။ ခု ရတနာပုံဈေးက ဒုတိယအကြိမ်ထပ်လောင်ပြန်ပြီဆိုတော့ . . .

ကျွန်တော်တို့ မန္တလေးက ဦးကျားကြီးမီးကစပြီး မီးကြောင့် အကြိမ်ကြိမ် အလဲထိုးခံခဲ့ရတယ်။ မီးအမြန်ဆုံးငြိမ်းပါစေ။ လူတွေမထိခိုက်ပါစေနဲ့။ ဆုံးရှုံးမှုတန်ဖိုးအနည်းဆုံးဖြစ်ပါစေ…

ကျော်ကြီး(MDY)

Photo by Ko Ba Oo and Wana Kyaw