အလှအပဆိုတာ မိန်းကလေးတွေအတွက်တော့ အသက်ကြီးသည်၊ငယ်သည်မရှိဘဲ အသက်အရွယ်တိုင်းအတွက် အရေးပါနေတာပါ။ အသက်ငယ်တုန်းက ငယ်ဂုဏ်လေးနဲ့လှတယ်၊ အသက်ကြီးလာတော့ ရင့်ကျက်ပြီးကျက်သရေရှိတဲ့အလှမျိုးနဲ့လှတယ်ဆိုတာမျိုးမဟုတ်လား။ ဒီတော့ မိန်းကလေးတွေအသက်ကြီးလေ ပိုပိုလှလေဖြစ်ဖို့ ဒီအချက်လေးတွေကိုလိုက်လုပ်ပေးပါ။

ရေများများသောက်ပါ

ရေများများသောက်တဲ့အခါ ခန္ဓာကိုယ်အတွင်းလိုအပ်တဲ့ရေဓာတ်ကိုဖြည့်ပေးတာကြောင့် အသားအရေစိုပြေစေကာ မျက်နှာပေါ်မှာ အရေးအကြောင်းဖြစ်ခြင်းကိုတားဆီးပေးနိုင်ပါတယ်။ ဒီလောက်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ခန္ဓာကိုယ်အတွင်းပိုင်းမှာရောက်နေတဲ့အဆိပ်အတောက်တွေကိုချေဖျက်ပေးနိုင်တာကြောင့် အသည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

မျက်နှာကိုလက်နဲ့ခဏခဏမထိပါနဲ့

လက်က ပစ္စည်းတွေမျိုးစုံအောင်ထိကိုင်ထားတာကြောင့် လက်မှာ ဘက်တီးရီးယားပိုးအမျိုးမျိုးကပ်ညှိနေနိုင်လို့ မျက်နှာကို လက်နဲ့ခဏခဏမထိပါနဲ့၊ ဝက်ခြံဖုတွေကိုမကုတ်ပါနဲ့။ ဝက်ခြံတွေဖြစ်နေရင် မနက်၊ည ပုံမှန်မျက်နှာသစ်တာနဲ့ ခရင်မ်တစ်ခုခုလိမ်းတာကိုပဲ ပုံမှန်လုပ်ပေးလိုက်ပါ။

ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပါ

အိမ်အလုပ်ပဲလုပ်လုပ်၊ အပြင်အလုပ်ပဲလုပ်လုပ် တစ်မျိုးစီပင်ပန်းပါတယ််။ အလုပ်ပင်ပန်းတဲ့အခါ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေးတွေမလုပ်ဖြစ်တော့ပါဘူး။ အဲ့ဒီတော့ ဗိုက်မှာ၊ခါးမှာ အဆီတွေစုလာပြီး ပုံပျက်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေးတွေလုပ်ပါ၊ လမ်းများများလျှောက်ပေးပါ။

အသက်အရွယ်နဲ့လိုက်ဖက်အောင်ပြင်ဆင်ပါ

မိန်းကလေးတစ်ယောက်လှတယ်မလှဘူးဆိုတာ အပြင်အဆင်နဲ့လည်းဆိုင်ပါတယ်။ အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ပုံစံတွေပြင်ဆင်ထားရင် ကြည့်လို့ကောင်းမှာမဟုတ်ပါဘူး။ အထူးသဖြင့် အသက် ၃၀ ကျော်လာတဲ့အခါ အရမ်းတိုပြတ်တာတွေ၊ လူငယ်ဆန်လွန်းတဲ့အရောင်တွေ၊ အတွန့်အဖတ်နဲ့ပြောင်လက်တဲ့အဆင်တန်ဆာတွေကို ရှောင်သင့်ပြီး မျက်စိအေးစေတဲ့အရောင်လေးတွေ၊ ရိုးရှင်းတဲ့အဝတ်အစားလေးတွေနဲ့ ရိုးရှင်းတဲ့လက်ဝတ်ရတနာလေးတွေကိုဆင်ယင်ပေးပါ။

ဆံပင်ကိုဂရုစိုက်ပါ

ဆံပင်တွေကို အရမ်းပြုပြင်ထားပြီး အရောင်ဆန်းဆန်းတွေဆိုးထားတာမျိုး၊ ဆံပင်တွေအရမ်းပျက်စီးနေတာမျိုးက ကြည့်ရတာအဆင်မပြေဘဲ အပေါစားဆန်တဲ့ပုံစံဖြစ်စေတဲ့အတွက် ဆံပင်ကိုသဘာဝအတိုင်းတောက်တောက်ပြောင်ပြောင်လေးဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။

အကောင်းမြင်တတ်အောင်ကြိုးစားပါ

အကောင်းမြင်စိတ်က အရာရာကိုရင်ဆိုင်နိုင်ဖို့ စိတ်ခွန်အားကိုဖြစ်စေသလို၊ လူကိုလည်း လှပစေပါတယ်။ အသက်ကြီးတာငယ်တာနဲ့မဆိုင်ဘဲ အကောင်းမြင်စိတ်သာရှိနေရင် မျက်နှာလေးကပြုံးနေနိုင်ပြီး အလိုလိုကြည့်ကောင်းနေနိုင်ပါတယ်။

written by PP